Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 18, 2014

အမျိုးသမီးတပ်မတော်သား ကိုယ်စားလှယ်သည် ဗေဒင်အရ ရောက်ရှိခြင်းဖြစ်ခဲ့လျှင် ၎င်းတို့၌ ကြီးမားသည့် အန္တရာယ် ကျရောက်နိုင်

ရန်ကုန်၊ ဇန်ဝါရီ ၁၅

အမျိုးသမီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးသည် ဇန်န၀ါရီ ၁၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် န၀မပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရောက်ရှိလာခြင်းသည် ဗေဒင်အရ ရောက်ရှိခြင်း ဖြစ်ခဲ့လျှင် အစားထိုးသည့် လူနှစ်ယောက်လုံး၌ ကြီးမားသည့် အန္တရာယ် ကျရောက်သွားနိုင်ပြီး ၎င်းတို့၏ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး အန္တရာယ်များ ကျရောက် နိုင်သည်ဟု ဇန်န၀ါရီ ၁၄ ရက်တွင် ဗေဒင်ပညာရှင် ဆရာ စံ-ဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းအမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးမှာ အင်္ဂါနာမ်ဖြင့် နာမည် စတင်ထားသည့် ဒုတိယ ဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း ၂၅၅၀၄)နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင်(ကြည်း ၂၆၀၇၀) တို့ ဖြစ်သည်။

လူထုက ရွေးထားသည့် လူတစ်ယောက်၏ ပါဝါကို ပါဝါနှင့် ရွေးထားသည့်လူက ယှဉ်၍ မရကြောင်း၊ ယင်းတို့သည် ယခုရက်ပိုင်းတွင် အန္တရာယ် ကျရောက်နိုင်ကြောင်း၊ ပါဝါများသည် အင်္ဂါသမီး (ဒေါ်အောင် ဆန်းစုကြည်)ကို အဆိုး ရောက်ရှိခြင်း မရှိ၊ အစားထိုးသည့်သူသာ အစားခံရမည် ဖြစ်ပြီး ပါဝါချင်း မတူလျှင် ဒုက္ခရောက်နိုင်သည်ဟု ၎င်းက ပြောသည်။

လွှတ်တော်ထဲတွင် အင်္ဂါသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး ရောက်ရှိခြင်းနှင့် ပတ်သက်၍  ““တပ်မတော် ကနေ အမျိုးသမီး ကိုယ်စားလှယ်နှစ်ဦး ထားတာ သမားရိုးကျလည်း ဖြစ်နိုင်တယ်။ သမားရိုးကျ မဟုတ်တဲ့ ဗေဒင်အရဆိုရင် အင်္ဂါသမီးကို ထားတာက အင်္ဂါသမီးကို attack လုပ်ဖို့ထားတာ ဖြစ်နိုင်တယ်။ အင်္ဂါ သမီးကို attack လုပ်ရင် ဗေဒင်ပညာမှာ ဓာတ်တူချင်းယှဉ်ရင် အသေရတဲ့ သဘောရှိတယ်။ ဓာတ်တူချင်းမို့ ခံနိုင်ရည် မရှိရင် attack လုပ်တဲ့သူက ပြန်ပြီး ဒုက္ခရောက်အောင် ယတြာချေတာ၊ မနိုင်ရင် ချေတဲ့သူက ဒုက္ခရောက်တယ်။ အားနည်းခြင်း၊ အားသာခြင်းက ဗေဒင်ပညာမှာ ဘုန်းကံနဲ့ ဆိုင်တယ်။ ဘုန်းကံချင်း မယှဉ်နိုင် ရင် လာယှဉ်တဲ့ သူမှာ အန္တရာယ်ရှိတယ်။ ဗေဒင်အစားထိုးတယ်ဖြစ်စေ၊ attack လုပ်တယ်ဖြစ်စေ အင်္ဂါ (၂)ခုလုံး အန္တရာယ်ရှိတယ်။ အခန့်မသင့်ရင် အသက်ဘေး ကြုံနိုင်တယ်။ အစားထိုးတဲ့ အရာတွေက ကိုယ်စားပြုပြီး အစားခံပေးတယ်။ အင်္ဂါသမီး ပျက်ဖို့အတွက် အင်္ဂါသမီး နှစ်ယောက်လုံးကို စတေးတာလည်း ဖြစ်နိုင်တယ်။ လမ်းခင်းတဲ့ သဘောလည်း ဖြစ်နိုင်တယ်။ သူတို့ ဘယ်လိုဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပေါ့”” ဟု ဆရာ စံ-ဇာဏီဘိုက သုံးသပ် ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့တွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လေးဦး အစားထိုး ပြောင်းလဲရာ၌ ဗိုလ်မှူးထွန်းထွန်းဝင်း (ကြည်း ၂၇၁၉၁) အစား ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း၂၅၅၀၄)၊ ဗိုလ်မှူး ကျော်ကျော်သက် (ကြည်း၃၃၁၄၄) အစား ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် (ကြည်း ၂၆၀၇၀)၊ ဗိုလ်မှူးလေးနိုင် (ကြည်း၂၂၀၃၁) အစား ဗိုလ်မှူးဆွေလင်းမြင့် (ကြည်း ၃၁ ၅၈၅) နှင့် ဗိုလ်မှူး ကျော်မင်းဇော် (ကြည်း ၂၆၁၄၅) အစား ဗိုလ်မှူးတင့်လွင် (ကြည်း ၃၂၄၀၂) တို့ဖြစ်သည်။

တင်ဇာအောင်

Myanmartandawsint Newspaper

No comments:

Post a Comment