Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 15, 2014

အမျိုးသမီးအချင်းချင်း အက်စစ်ဖြင့်ပက်သည့်အမှု စီအိုင်ဒီစစ်ဆေးနေ

လွန်ခဲ့သည့်တစ်လကျော်က ဖြစ်ပွားခဲ့သည့် အမျိုးသမီးအချင်းချင်း အက်စစ်ဖြင့်ပက်မှုတွင် အသုံးပြုခဲ့သည့် အက်စစ်အမျိုးအစားကို အင်းစိန်စီအိုင်ဒီက စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

သာကေတမြို့နယ် အမှတ် (၆)ရပ်ကွက်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက် ညက စည်ပင်သာယာဝန်ထမ်းအမျိုးသမီးတစ်ဦးက အရပ်သူ အမျိုးသမီးတစ်ဦးကို အက်ဆစ်ဖြင့် ပက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ယောက္ခမဖြစ်သူနှင့် စည်ပင်ဝန်ထမ်းချွေးမတို့ ရန်ဖြစ်နေစဉ် အိမ်နီးချင်းရှိ အက်စစ်ဖြင့်အပက်ခံရသည့်အမျိုးသမီးက ချွေးမဖြစ်သူကို မိုက်ရိုင်းသည်ဟု ပြောခဲ့ခြင်းကို အငြိုးထားပြီး စည်ပင်ဝန်ထမ်းအမျိုးသမီးက ဆဲဆိုခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် စည်ပင်ဝန်ထမ်းအမျိုးသမီး၏ ဖခင်အား ဆဲဆိုမှုအတွက် တိုင်ကြားခဲ့သည်။
““ကျွန်မသမီးက မိုက်ရိုင်းလိုက်တာလို့ ပြောတာကို သူက အငြိုးထားပြီး ပက်ပက်စက်စက်ဆဲလို့ သူ့အဖေကို ကျွန်မညီမနဲ့သမီးကိုခေါ်ပြီး သွားတိုင်တာ အဲဒီအချိန်မှာ သူက ကျွန်မညီမကို အက်စစ်နဲ့ ပက်လိုက်တယ်။ နောက်တစ်ယောက်က တုတ်နဲ့ အနောက်ကနေ ခေါင်းကိုရိုက်ပြီး ကျွန်မသမီးကို ဓားနဲ့ထိုးတယ်””ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ထို့ကြောင့် မျက်နှာအား အက်စစ်နှင့်ပက်ခဲ့သည့် စည်ပင်ဝန်ထမ်းအမျိုးသမီးနှင့် ညီမကို ပစ်မှုဆိုင်ရာ ပုဒ်မ ၂၉၄/၃၂၃/၃၂၆ တို့ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

““အမှုလာတိုင်တိုင်ချင်း ရဲစခန်းမှာ အကုန်လုံးကို ခေါ်စစ်တယ်။ အခု အဲဒီအမှုကို အင်းစိန် စီအိုင်ဒီကို ဘာအက်စစ်လဲဆိုတာ ဓာတ်ခွဲဖို့ပို့ထားတာ အကြောင်းမပြန်သေးလို့ တိတိကျကျ မသိရသေးဘူး။ ဇန်န၀ါရီ ၁၄ ရက်မှာ ရုံးချိန်းခေါ်ထားတယ်လို့ သိရတယ်။ ပုဒ်မ ၃၂၆ ပါနေတော့ အာမခံပေးလို့မရတော့ အင်းစိန်ထောင်ကိုပို့ထားတယ်””ဟု သာကေတ အမှတ်(၁)ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဇန်န၀ါရီ ၁၃ ရက်တွင် ပြောသည်။

7day Daily

No comments:

Post a Comment