Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 20, 2014

သန်းခေါင်စာရင်းတွင် အမည်မှန် အသုံးပြုပေးရန် ခူမီးမျိုးနွယ်စုများ တောင်းဆို


ရန်ကုန်၊ ဇန်နဝါရီ ၂ဝ။

လာမည့် မတ်လတွင် ကောက်ယူမည့် သန်းခေါင်စာရင်းတွင် ခူမီး မျိုးနွယ်စုဝင်များ၏ အမည်မှန်ကို
အသုံးပြုပေးရန် ခူမီးချင်းမျိုးနွယ်စုဖိုရမ်၊ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် ပလက်ဝမြို့နယ် လူမှုရေးအသင်း(ရန်ကုန်)တို့က ယနေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

သန်းခေါင်းစာရင်းတွင် အသုံးပြုမည့် ချင်းကုတ်အမှတ်(၄ဝ၅)၌ ပါရှိသည့် ‘ခမီး’ဟူသော အမည်သည်
အခြားသူများက ခေါ်ဝေါ်ခြင်းသာဖြစ်ပြီး ၎င်းတို့မျိုးနွယ်စု၏ အမည်မှန် မဟုတ်၍ လက်မခံနိုင်ကြောင်း
ယင်းကြေညာချက်တွင် ပါရှိသည်။

“သန်းခေါင်စာရင်းမှာ ချင်းလို့ ထည့်သည်ဖြစ်စေ မျိုးနွယ်စု နာမည်ဖြစ်စေ ထည့်လို့ရပါတယ်၊ အားလုံးက ချင်းတွေပါပဲ၊ ခူမီးမျိုးနွယ်စုနာမည်ကို မှားယွင်းမသုံးစွဲဖို့နဲ့ ချင်းမျိုးနွယ်စုအမည် ထည့်သွင်းကြသူ အားလုံးကိုလည်း ချင်းလူမျိုးစာရင်းမှာပဲ ထည့်သွင်းရေတွက်ပေးဖို့ တောင်းဆိုရတာပါ”ဟု ချင်း သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင် က ပြောကြားသည်။

ခူမီးတိုင်းရင်းသားတို့ ကိုယ်ပိုင်လက်ခံ သုံးစွဲလာသည့်အတိုင်း ၎င်းတို့၏ မျိုးနွယ်စုအမည်ကို နိုင်ငံတော်က တရားဝင် အသိအမှတ်ပြု ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတထံ ပြီးခဲ့သည့်နှစ်က တောင်းဆိုခဲ့သေးကြောင်း ပလက်ဝမြို့နယ် ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစနီအောင်က ပြောကြားသည်။

“ပလက်ဝမြို့နယ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးကနေလည်း ခူမီးမျိုးနွယ်စု အမည်ကို
သတ်ပုံအမှန်ဖြစ်စေဖို့ ဆက်လက် ဆောင်ရွက်သွားပါမယ်”ဟု ဦးစနီအောင် က ပြောသည်။

ချင်းတိုင်းရင်းသားလူမျိုး (၅၃)မျိုးရှိသည့်အနက် ခူမီးမျိုးနွယ်စုဝင်များသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်
အဓိက နေထိုင်ကြပြီး ပြည်တွင်း ပြည်ပအနှံ့ နေထိုင်သူ ခူမီးမျိုးနွယ်စုဝင်ပေါင်း ခုနစ်သောင်းခွဲခန့်ရှိကြောင်း သိရသည်။

ထက်နောင်နောင်
The Myanma Age

No comments:

Post a Comment