Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 25, 2014

“မေ”

ဇန်န၀ါရီလ ၂၄ ရက်နေ့ ညပိုင်းမှာ ရုပ်ရှင်မင်းသမီးခင်ယုမေ ကွယ်လွန်သွားပါသည်။ အပြင်မှာ သိပ်ရင်းရင်းနှီးနှီး မရှိသော်ငြား ကျမစိတ်ထဲမှာ ဆွေမျိုးရင်းချာတယောက် ကွယ်လွန်သွားသလိုခံစားရပါသည်။ ချက်ချင်း အင်တာနက်မှာ ခင်ယုမေလို့ ရိုက်ထည့်လိုက်ပြီး တက်လာသောသူ၏ ပုံလေးများကို ကြည့်ရှုမိပါ၏။ လှလိုက်တဲ့ အမျိုးသမီး။ မျက်လုံးမျက်ခုံး၊ နှုတ်ခမ်း၊ နှာတံများက တခုချင်းဆီမှာလည်း ပြတ်သာထူးခြားသောအလှရှိသလို အားလုံးစုပေါင်းလိုက်တော့လည်း အချိုးညီစွာလှပနေပြန်သည်။ ကိုယိခန္ဓာကလည်း ပန်းပုရုပ်ထုထားသည့်အလား။ မြန်မာခါးတိုဝတ်စုံအောက်မှာ အပိုအလိုမရှိ မိန်းမဆန်စွာ နူးညံပျော့ပျောင်းလှပလွန်းလှသည်။

“ မလိခချစ်သူရုပ်ရှင် ကလေးမြို့ လေဆိပ်မှာရိုက်တုန်းက သူ့ ကို အပြင်မှာမြင်ဖုးတယ်။ အပြင်မှာလည်း အတော်ချောတယ်။ ကလေးလေဆိပ်မှာ လေယာဉ်ပေါ်ကဆင်းလာတဲ့ အခန်းရိုက်တော့ သူက မြန်မာအင်္ကျီပန်းရောင်လေးနဲ့ ။ သူပုံစံအတိုင်း နှင်းဆီပန်းတပွင့်ပန်ထားတယ်။ အသားလဲဖြူတယ်။ ပါးစပ်ကတော့ နည်းနည်းပြဲတယ်လို့ ထင်တယ်။ ဒါပေမဲ့ အတော်ချောတယ်”

ငယ်စဉ်က အထက်တန်းကျောင်းသူဘ၀မှာ အပေါင်းအသင်းတွေနှင့် ခင်ယုမေ ကလေးမြို့မှာ ရုပ်ရှင်လာရိုက်တာကို ၀ိုင်းအုံတိုးကြည့်ခဲ့ဖူးသူ အမေက ကျမကို ထိုကဲ့သို့  မကြာခဏပြောပြခဲ့ဖူးပါသည်။ ခင်ယုမေကို အမေနည်းတူအဖေ့ထံမှလည်း ခဏခဏ ကြားဖူးခဲ့ ရသည်။ အဖေကတော့ သူ့အကြိုက်ဆုံးမင်းသားကျော်ဆွေနှင့်တွဲပြီး ခင်ယုမေအကြောင်းကို ကျမကိုပြောပြပါသည်။

“ ခင်ယုမေ သီချင်းစဆိုတော့ ကျော်ဆွေကသွားတွေ့ပြီး လူကိုပါ သဘောကျတာနဲ့  ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတယ်လို့ အဲဒီတုန်းက သတင်းစာတွေမှာ ဖတ်ဖူးတယ်။ ကျော်ဆွေ ရိုက်တဲ့ကားတွေမှာ ခင်ယုမေကို ခင်ယုမေလို့ မသုံးဘူး… “မေ” ပဲ။ ကျော်ဆွေနဲ့ မေ ပဲ”

ကျမကြည့်ခဲ့ဖူးသော ကျော်ဆွေနှင့်ခင်ယုမေပါသည့် ရုပ်ရှင်ကားများက မြန်မာရုပ်သံမှ မကြာခဏလွှင့်သည့် ပုံပမာနှင့် တခြားကမ္ဘာမှာချစ်သူရယ်ပဲ ဖြစ်ပါသည်။ အခုတော့ အင်တာနက်ပေါ်မှာလည်း ကြည့်လို့ရနေပါပြီ။ ယခုခေတ် မြန်မာရုပ်ရှင်ကားတွေနှင့် မတူဘဲ ဓာတ်ပုံနှင့် ရှုခင်းကောင်းကောင်းကို နယ်ဆင်းရိုက်ထားပြီး နိုင်ငံခြားဆန်ဆန် မြင်းစီးသည့် အခန်းတွေလည်းပါသည်။  ကျမမမွေးခင်က ရုပ်ရှင်တွေဖြစ်သော်လည်း ကျော်ဆွေက နိုင်ငံခြားမင်းသားတယောက်လို စမတ်ကျလွန်းလှပြီး ခင်ယုမေကလည်း အ၀တ်အစား၊ အပြင်အဆင်ကအစ ခေတ်မှီလို့ ကြည့်လို့ ကောင်းလှပါသည်။

ကျော်ဆွေနှင့်မေက အပြင်မှာအတွဲညီခဲ့သလို ရုပ်ရှင်ပိတ်ကားအနောက်မှာလည်း ပတ်သတ်မှုတွေ ရှိခဲ့ပါသည်။ သို့သော်လည်း ရုပ်ရှင်ထဲကလိုတော့ နူးညံဆွတ်ပျံဖွယ်ကောင်းသည့် အချစ်ဇာတ်လမ်းတခုတော့ မဟုတ်ခဲ့ပါ။ ခင်ယုမေ မတိုင်ခင်ကတည်းက “မိုး” ရုပ်ရှင်ပိုင်ရှင်မင်းသားကျော်ဆွေမှာ အိမ်ထောင်ရှင်တဦး ဖြစ်နေခဲ့သည့်အတွက် ဖြစ်ပါသည်။

“ ကျော်ဆွေရဲ့ အိမ်ထောင်က တက္ကသိုလ်ကဆရာမတယောက်ပေါ့။ ခင်ယုမေနဲ့ကလည်း ရုပ်ရှင်ရိုက်ရင်း ပတ်သက်ကြပြီး သားတယောက်မွေးခဲ့တယ်။ နှစ်အတန်ကြာအောင် ပေါင်းသင်းခဲ့တယ်နဲ့ တူတယ်။ ဒါပေမယ့် ကျော်ဆွေကွယ်လွန်တော့ “မိုး”ရုပ်ရှင်ကို လူသိရှင်ကြား ထုခွဲရောင်းချမှုကို အဲဒီတက္ကသိုလ်ကဆရာမကလုပ်တာ သတင်းစာတွေထဲမှာ ဖတ်ရတယ်” ဟုအဖေက ပြန်ပြောပါသည်။

1011747_460969204005017_1156821467_n
ခင်ယုမေ ဇာတ်ကားများထဲမှ သူ အဓိကမင်းသမီးအဖြစ်သရုပ်ဆောင်ပြီး ကျမအတော်ကြိုက်သော ဇာတ်ကားမှာ ဒါရိုက်တာမောင်ဝဏ္ဏ ရိုက်ကူးသည့် ညွန့်ဝင်းနှင့် တွဲဖက်သရုပ်ဆောင်သော “ပန်းတွေနဲ့ဝေ” ဇာတ်ကားဖြစ်ပါသည်။ ဆံပင်ချထားသော ဆံထုံးလေးမှာ နှင်းဆီပန်းလေးတွေကို ပန်ထားကာ မြန်မာဆန်ဆန်ပြောတတ်သည့် မခို့တရို့ ပညာတတ်တက္ကသိုလ်ကျောင်းသူပုံစံလေးက သူနှင့် အတော်လိုက်ဖက်လှသည်။ ထိုရုပ်ရှင်ကားက အဖေတို့ တက္ကသိုလ်ကျောင်းသားဘ၀က အတော်ပေါက်သော ဇာတ်ကားဖြစ်သည်ဟု အဖေကလည်းပြောပြဖူးသည်။

ချစ်အမျှ နှင့် ရွှေခြည်ငွေခြည်တန်းပါလို့ စသည့် ဒါရိုက်တာဦးသုခ၏နာမည်ကျော် ဇာတ်ကားများထဲတွင်တော့ သူက မင်းသမီးချိုပြုံးနှင့်တွဲပြီး အပြိုင်သရုပ်ဆောင်ပါသည်။ များသောအားဖြင့်တော့ သူ့ဇာတ်ရုပ်များက စိတ်ကောင်းရှိသော၊ ခွင့်လွှတ်တတ်သော၊ မိန်းမဆန်သော ဇာတ်ကောင်စရိုက်များဖြစ်ကာ သူနှင့်လည်း အထူးလိုက်ဖက်လှသည်။

ခင်ယုမေအကြောင်းကို သူတို့ခေတ်က သိမီလိုက်မီသော အမျိုးသမီးများပြောကြပြီဆိုလျှင် မပါမဖြစ်ပြောကြသည်မှာကတော့ သူ၏ဖက်ရှင်နှင့် ဒီဇိုင်းများဖြစ်သည်။ မြန်မာလိုပဲဝတ်ကြသည့် ခေတ်မှာပင် ခင်ယုမေက မြန်မာဝတ်စုံကို လှပခေတ်မီအောင် ပုံစံအမျိုးမျိုး ထွင်ဝတ်ခဲ့သည်ဟု အမေကဆိုသည်။

“ လုံချည်လေးကိုတိုတိုနဲ့ ညီညီတိတိချပ်ချပ်ရပ်ရပ်ကလေး ၀တ်တာလည်း သူကစတယ်။ ပြီးတော့ လည်ပင်းမှာ ပုဝါလေးတွေစီးတာလည်း သူပဲ။ အင်္ကျီမှာ ပန်းပွင့်တွေ ဒီဇိုင်းတွေ ဖော်တာလည်း သူပဲလေ။ အမျိုးသမီးတွေကလည်း သူဝတ်သလို လိုက်ဝတ်ကြတာပေါ့”

ကျမ သိမိလိုက်သည့်အချိန်မှာတော့ ခင်ယုမေက အသက်ကြီးနေပါပြီ။ သို့သော်လည်း ရုပ်မြင်သံကြားမှာ မကြာခဏလာသည့် ရွှေမန်းမေသီချင်းမှာလည်း ပုဝါလေးစီးပြီး သီချင်းဆိုသည့် သူ့ပုံစံဖက်ရှင်ကို ကျမအမှတ်တရ သတိထားမိပါသည်။ ဟိုခေတ်က မင်းသမီးတွေ ထုံးစံအတိုင်း ခင်ယုမေက အဆိုလည်းရသည့် မင်းသမီးဖြစ်တာမို့ လွမ်းပင်တိုင်စံ၊ ငွေကြယ်လေးများပမာစသည့် ကိုယ်ပိုင်ဓာတ်ပြားရ သီချင်းကောင်းလေးတွေလည်း သီဆိုခဲ့ ပါသည်။

ရုပ်ရှင်တွေသီချင်းတွေနှင့် မိဘတွေကတဆင့်သာ ကြားခဲ့ ရသည့် ခေတ်ဟောင်းရုပ်ရှင်မင်းသမီးတလက်မို့ သူနှင့်ကျမ ဘယ်လိုမှပတ်သက်စရာမရှိဟူး ထင်ထားသော်လည်း အမေရိကသို့ လာခါနီး ၂၀၀၈ ခုနှစ်တွင်တော့ သူနှင့်ကျမပတ်သက်ဖို့ အကြောင်းဖန်လာသည်။ ကျမ၏သူငယ်ချင်းတဦးက မြန်မာအသံတွင် ဖျော်ဖြေရေးအစီအစဉ်တခုကို ရိုက်ကူးတင်ဆက်ခွင့်ရထားသည်။ သူငယ်ချင်းက ထုတ်လုပ်ရိုက်ကူးသည်ဆိုတော့ ဟိုစာသည်စာ စပ်စပ်ရေးနေသောကျမကလည်း အလိုအလျောက် သူတို့အစီအစဉ်၏ ဇာတ်ညွန်းရေးသူ ဖြစ်လာ၏။ သူတို့ အစီအစဉ်က “အလှရှာမယ် လှကမ္ဘာဝယ်” ဆိုသည့် အစီအစဉ်ဖြစ်ပြီး ထိုစဉ်က မြန်မာအသံကလည်း အတော်တင်းတင်းကျပ်ကျပ်ဆိုတော့ သိပ်စိတ်ကြိုက်လုပ်လို့မရ။ သူတို့ ခွင့်ပြုချက်တွေအောက်မှာပဲ တတ်နိုင်တာလေးတွေကို ကျမတို့က ရိုက်ကူးရတာဖြစ်သည်။

ထိုသို့ ရိုက်ကူးရင်းနှင့် ရိုက်စရာအကြောင်းအရာ ရှားပါးလာသည့်အချိန်မှာ တချိန်က နာမည်ကြီးမင်းသမီးများ၏ ဖက်ရှင်အလှအပဒီဇိုင်းများကို ပြန်လည်ဖော်ထုတ်တင်ဆက်ဖို့ ကျမအကြံရပြီး သူငယ်ချင်းကို ပြောပြသည်။ ထို့နောက် တင်တင်ညို၊ ၀ါဝါ၀င်းရွှေ၊ ဆွေဇင်ထိုက်၊ ခင်သန်းနုတို့ကို ဆက်သွယ်ကြသလို တချိန်က ဖက်ရှင်မင်းသမီးဖြစ်ခဲ့သည့် ခင်ယုမေကလည်း ကျမတို့၏ ထိပ်တန်းစာရင်းဝင်ဖြစ်၏။

7559_10202518451658771_333757714_n
ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာလမ်းသွယ်မှာရှိသော ခင်ယုမေ၏ အိမ်သို့  ကျမနှင့်သူငယ်ချင်း ရောက်သွားသည့်အချိန်မှာ သူတို့ အိမ်မှာ ရုပ်ရှင်ရိုက်ကွင်းတခုရှိနေသည်။ သူ၏ အခန်းထဲမှာ ကျမတို့ကို သူက ဧည့်ခံစကားပြောပါ၏။ သူငယ်ချင်းကတော့ အဓိကပြောသူဖြစ်ပြီး ကျမကတော့ လိုက်ပါစပ်စုသူသက်သက်သာ ဖြစ်ပါသည်။ သူ၏ လက်နှင့်ခြေတချောင်းလည်း ဖောယောင်နေတာကို တွေ့ရသည်။ ခါးလည်းမကောင်းဟု သူက ညည်းတွားပြောဆိုပါသည်။  သို့သော်လည်း အသားအရေနှင့် မျက်နှာကတော့ ကြည်ကြည်လင်လင်ရှိပြီး အတော်ရွှင်ပြုံးချိုသာသည့် အမျိုးသမီးကြီးဖြစ်ပါသည်။ အသံကလည်း ကြည်ကြည်သာသာရှိပြီး လူတွေကိုလည်း စကားလည်း အတော်များများပြောချင်သည့် သဘောရှိပါသည်။

ကျမတို့ကို သူ၏ခေတ်အဆက်ဆက်က အ၀တ်အစားများပါသည့် ဓာတ်ပုံအယ်လ်ဘမ်များ ထုတ်ပေးချိန်မှာတော့ ကျမမှာ အလ္လာသပစကားပင် ပြန်မပြောနိုင်တော့။ လှလွန်းသည့် ရှားပါးဓာတ်ပုံများကိုသာ အငမ်းမရ ကြည့်မိနေပါတော့သည်။ သူလှမ်းစကားပြောတာကိုတောင် မကြားတချက်ကြားတချက်။

“ အမေက အင်္ကျီအ၀တ်အစားတွေကို ဖက်ရှင်ကိုယ်တိုင်ထွင်တယ်။ အမျိုးစုံလုပ်ကြည့်တယ် ပန်းခက်လေးတွေ ကပ်ကြည့်တယ်။ အဲလိုအမျိုးစုံလျှောက်လုပ်တာပဲ”

သူ့ ဆီက ဓာတ်ပုံအယ်လ်ဘမ်ကို ခဏငှားပြီး ကျမတို့က ဒီဇိုင်နာလတ်လတ်ကို သွားပေးလိုက်ပါသည်။ လတ်လတ်က ကျမတို့ အစီအစဉ်၏ မော်ဒယ်လေးများအတွက် တချိန်က ခင်ယုမေ၏ ၀တ်စုံများကို ချုပ်ပေးခဲ့ပါသည်။ လတ်လတ်ကလည်း ခင်ယုမေဒီဇိုင်းတွေကို သေချာကြည့်ပြီး အလွန်သဘောကျနေပုံရှိ၏။ ရိုက်ကူးသည့်အချိန်မှာတော့ ထုံးစံအတိုင်း မြန်မာအသံဘက်က ရိုက်ကူးရေးသမားများက ကျမတို့ ရေးထားပြောထားသလို အတိအကျမရိုက်ပဲ သူတို့ လုပ်ချင်သလိုလုပ်သော်လည်း ဒီဇိုင်နာလတ်လတ်လက်ရာ မော်ဒယ်လေးများဝတ်ထားသည့် ခင်ယုမေပုံစံ ၀တ်စုံတွေက သိသိသာသာလှပနေတာကိုတော့ ကျမသတိထားမိခဲ့သည်။ တခြားသူတွေကလည်း ချီးကျူးခဲ့ပါသည်။

အခုထိတိုင် အင်တာနက်မှာ ခင်ယုမေရုပ်ရှင်ကားတွေကို ကြည့်မိလေတိုင်း ကျမက ထိုအစီအစဉ်ကို ပြန်လည်သတိရနေမိပါသည်။ သဘောကောင်းသော၊ အသံတုန်တုန်ဖြင့်စကားပြောသော၊ အသားဖြူဖြုအမျိုးသမီးကြီးကိုလည်း မြင်ယောင်မိ၏။ မနေ့ကတော့ ခင်ယုမေဆီကို ရိုက်ကူးရေးအတွက် ကျမနှင့်အတူသွားခဲ့သော သူငယ်ချင်းဆီကို ဖုန်းခေါ်လိုက်၏။ သူကလည်း ခင်ယုမေကို သတိရနေသည်။ သူပြောပြချက်အရ ခင်ယုမေက ဆုံးခါနီးမှာ ကျမတို့သွားခဲ့သည့် သီရိမင်္ဂလာလမ်းက အိမ်မှာ မနေတော့ဟု သိရသည်။ ထိုအိမ်ကို နိုင်ငံခြားသားကိုငှားလိုက်ပြီး သုဝဏ္ဏဘက်မှာ ပြောင်းနေရင်း ဆုံးသွားတာဟု သူငယ်ချင်းက ပြောပြသည်။

သြော်.. မေ ……… အခုတော့ကြွေရှာပြီ။

ထားထားမြင့်

(အဆိုတော် ရုပ်ရှင်မင်းသမီး (ဒေါ်) ခင်ယုမေ၏ ဓာတ်ပုံများကို အွန်လိုင်းမီဒီယာပေါ်တွင် တင်ပေးကြသူ အသီးသီးကို ကျေးဇူးတင်ပါတယ်ရှင်။ အန်တီမေတစ်ယောက် ကောင်းရာမွန်ရာဘုံဘ၀ရောက်ပြီး ဘ၀ဆက်တိုင်း ကုသိုလ်ကံကောင်းစွာဖြင့် လှပသောရုပ်ရည်ရူပါကာ ပိုင်ဆိုင်နိုင်ပါစေ။ မျက်ရှု)

ဂူးဂဲလ်မှတ်စုတွင် (ဒေါ်)ခင်ယုမေအကြောင်း ဖော်ပြထားချက်
၁၉၃၇ ခုနှစ်၊ မတ်လတွင် အဖ ဦးယုဆွမ်း၊ အမိ ဒေါ်ကြင်မြိုင်တို့က ရန်ကုန်မြို့မှာ မွေးဖွားပါတယ်။
၁၉၅၁ ခုနှစ်မှာ စိန့်ဖရန် ကွန်ဗင့်ကျောင်းနဲ့ ၁၉၅၅ မှာ ရန်ကုန်မြို့ နိုင်ငံတော် မိန်းကလေးများ
အထက်တန်းကျောင်းတို့မှာ တက္ကသိုလ် ဝင်တန်းအထိ ပညာ သင်ကြားခဲ့တယ်။
၈ တန်းကျောင်းသူ ဘ၀ကတည်းက မိသားစုများနဲ့ တေးရေးဆရာ မြို့မသီးတို့ ရင်းနှီးမှုကြောင့်
ဂီတဗိမာန်တီးဝိုင်းနဲ့ အဲဒီကာလတုန်းက ၀င်ဒါမီယာကနေ ထုတ်လွှင့်နေတဲ့ မြန်မာ့ အသံမှာ
သီချင်း စဆိုခဲ့ပါတယ်။ အဲဒီတုန်းက ခုခေတ်လို တိပ်နဲ့ အသံသွင်းပြီးမှ လွှင့်ရတာမျိုး မဟုတ်ဘဲ
တီးဝိုင်းနဲ့ တိုက်ရိုက်ဆိုပြီး တိုက်ရိုက် လွှင့်ထုတ်ရတဲ့ စနစ်ဖြစ်ပါတယ်။ ကာလပေါ် တီးဝိုင်း
အဖွဲ့တစ်ဖွဲ့ သီဆိုလွှင့်ထုတ်တဲ့ အထဲက ပရိသတ်ကြိုက်မယ့် အဆင့်မီ သီချင်းများကိုသာ
ဓာတ်ပြားရ သီချင်း အဖြစ် သတ်မှတ်ပြီး မြန်မာ့အသံမှ အကြိမ်ကြိမ် ထုတ်လွှင့်ပေးတဲ့ စနစ် ဖြစ်ပါတယ်။
ဓာတ်ပြား မရတဲ့ သီချင်းများ ကတော့ တစ်ကြိမ်နဲ့တင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒေါ်ခင်ယုမေ
ပထမဦးဆုံး သီဆိုခဲ့တဲ့သီချင်းက မေပန်းချီ လို့ ဆိုပါတယ်။ သူကိုယ်တိုင်က ပန်းချီဆွဲတာကို
ဝါသနာပါသူဖြစ်လို့ တေးရေးဆရာက မေပန်းချီ ဆိုတဲ့ သီချင်းကို ရေးပေးခဲ့တာလို့ ဒေါ်ခင်ယုမေက
ဆိုပါတယ်။ အဆိုကျော် ဘ၀မှာ အောင်မြင်လာတော့ ဓာတ်ပြား လောကကို ရောက်ရှိလာပါတယ်။
စုံတောမြိုင်၊ လူညိုယဉ်၊ ရိုင်းတဲ့စင်ရော်၊ မြင်းလှည်း ကလေးနဲ့ပျော် အစရှိတဲ့ တေး သီချင်းပေါင်း
များစွာကို ရောင်းတန်း ဓာတ်ပြားအဖြစ် သီဆို အသံသွင်းခဲ့ရပါတယ်။
အသက် ၁၈၊ ၁၉ အရွယ် ၁၉၅၇-၅၈ လောက်မှာ ဒါရိုက်တာ ဦးချင်းစိန်က ခေါ်ဆောင်မှုနဲ့ သက်
လို့ အမည်ပေးထားတဲ့ ရုပ်ရှင် ကားတစ်ကား စတင် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် သက် က
အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး နီးပါး မင်းသမီး ငိုရတဲ့ ဇာတ်ဖြစ်နေ
တာကြောင့် ဆရာ ဦးချင်းစိန်က မင်းသမီးသစ် တစ်ယောက်ကို ဒီလို ပွဲထုတ်လို့ မဖြစ်ဘူး၊
အဆိုကျော် မင်းသမီး အနေနဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကား တစ်ကားနဲ့ ပွဲဦး ထွက်သင့်တယ် ဆိုပြီး
ဒါရိုက်တာ ဦးလှ တင်လက်ကို အပ်လိုက်ပါတယ်။ သက် ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်ဆိုင်းပြီး
ဒါရိုက်တာ ဦးလှတင် ရိုက်ကူးတဲ့ ဤဘ၀၀ယ် ဟာသကားမှာ အဲဒီခေတ် အခါတုန်းက နာမည်ကြီး
ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဦးဖိုးပါကြီးနဲ့ တွဲပြီး သရုပ် ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်ခင်ယုမေရဲ
့ ပွဲဦးထွက် ရုပ်ရှင်ကားဟာ ဤဘ၀၀ယ် လို့ မှတ်တမ်း တင်ရပါတယ်။
ဒေါ်ခင်ယုမေက အဆိုကျော်ဘ၀ကနေ သရုပ်ဆောင် ဖြစ်လာတော့ ပင်ကို ကတည်းက ၀ါသနာပါတဲ့
ဖက်ရှင်မျိုးစုံကို တီထွင်ဝတ် ဆင်လာခြင်းကြောင့် မြန်မာ နိုင်ငံတစ်လွှားမှာ ခင်ယုမေ ဖက်ရှင်ဆိုပြီး
ဖက်ရှင်ပေါင်း များစွာ ခေတ်စားခဲ့ပါတယ်။ ခုခေတ် မိန်းကလေးများ ၀တ်နေကြတဲ့ ဒူးအောက်ရောက်
စကတ်ထဘီများဟာ ခင်ယုမေ ခေတ်တုန်းက တီထွင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒီတုန်းက
လူကြီးများက လယ်သူမဖက်ရှင်လို့ သြဘာ ပေးခဲ့ကြပါတယ်။ ဆံပင် ဖက်ရှင်နဲ့ ပတ်သက်လို့လည်း
ငယ်ထိပ်တည့်တည့်မှာ ဘူး ပွင့်သဏ္ဌာန် အပွင့်ဖော်တဲ့ ဆံပင် ဖက်ရှင်ကို တီထွင်ခဲ့တဲ့ အပြင် ဗီးဟိုက်
လို့ ခေါ်တဲ့ ပျားအုံပုံစံ ဆံပင်ဖက်ရှင်ဟာလည်း မြန်မာနိုင်ငံမှာ ခင်ယုမေ စတင် တီထွင်ခဲ့တာပါ။
1662676_402522296549581_764758952_n
ရုပ်ရှင်မင်းသမီးအဖြစ် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရပါတယ်။ ရုပ်ရှင် ထူးချွန်ဆုကို ၁၉၆၁
ခုနှစ်မှာ မန္တလေး ရုပ်ရှင်က ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကိုယ်ပိုင် မေတ္တာ ဇာတ်ကားနဲ့ ပထမဆုံးအကြိမ်
အမျိုးသမီး ပညာသည် ဆုကို ရရှိခဲ့ပါတယ်။ ထူးချွန်ဆုပေးပွဲ ကျင်းပချိန်မှာ ရုပ်ရှင်လုပ်ငန်းက
ဆက်သွယ် အကြောင်းကြားခဲ့ ပေမယ့် သံတောင်၊ ဘောဂလိ တောထဲမှာ ပုလဲမျက်ရည်
ရုပ်ရှင်ဇာတ်ကားကို သွားရောက် ရိုက်ကူးနေချိန် ဖြစ်တဲ့အတွက် ရန်ကုန်သို့ ပြန်မလာနိုင်ခဲ့ပါဘူး
။ ဒေါ်ခင်ယုမေကိုယ်စား သရုပ်ဆောင်၊ ဒါရိုက်တာ ဗိုလ်ဘကိုက ဆုတက် ယူပေးခဲ့ပါတယ်။
၁၉၇၅ ခုနှစ်မှာ ဒါရိုက် တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကားနဲ့
အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဒါရိုက်တာ၊ သရုပ်ဆောင်
ဦးကျော်ဆွေနဲ့ အိမ်ထောင်ကျခဲ့ပါ တယ်။ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေးတို့နဲ့ တွဲဖက် ပါဝင်
သရုပ်ဆောင်တဲ့ မလိခချစ်သူ ဇာတ်ကားရိုက်ကူးပြီး ပြန်လာချိန်မှာ ကိုယ်ဝန်ရှိခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ
တစ်ဦးတည်းသော သားကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်ဆွေက ကျော်ဆွေဆက်လို့
အမည်ပေး ခဲ့ပေမယ့် ဒေါ်ခင်ယုမေကတော့ သူ့သားနာမည်ကို အောင်ကျော်မိုးလို့သာ အမည်
တွင်စေပါတယ်။ တစ်ဦးတည်းသော သား အောင်ကျော်မိုးက အခု အသက် ၃၇ နှစ်ရှိပြီး အမေရိ
ကန်ပြည်ထောင်စုမှာ နေထိုင်လျက်ရှိကာ မြေးမ အယ်ရစ်ကာမိုးနဲ့ မြေးယောက်ျားလေး
ရပ်ဆယ်မိုးတို့ ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။
တစ်ယောက်တည်း ရုန်းကန်နေထိုင်ရတဲ့ ဘ၀မှာ ဒေါ်ခင်ယုမေဟာ လူလိမ် လူကောက်များစွာနဲ့
ကြုံတွေ့ပြီး လိမ်လည်မှုများ ခံခဲ့ရပါ တယ်။ ရန်ကုန်မြို့၊ ကမ္ဘာ အေးဘုရားလမ်းဘေးက လမ်းသွယ်
တစ်ခုဖြစ်တဲ့ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်ထဲမှာ မြေနှစ်ကွက် ပိုင်ဆိုင်ခဲ့ပြီး မျက်နှာစာ အကွက်ကို
တိုက်ဆောက်၊ အငှားချပြီး အတွင်းဘက်က အကွက်မှာ ကိုယ်တိုင်နေထိုင်ဖို့ သီးခြားဆောက်
လုပ်နေထိုင်ခဲ့ပါတယ်။ ရှေ့က တိုက်ကို သွင်းကုန် ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုက
နှစ်ရှည်ငှားရမ်းဖို့ အတွက် ပြင်ဆင် ဆောက်လုပ်ဖို့ လိုအပ်လာတာကြောင့် သုံးလနဲ့ အပြီးဆောက်လုပ်ပေးမယ်
ဆိုတဲ့ ကန်ထရိုက်ကို အပ်လိုက်ပေမယ့် ငွေများအလိမ် ခံလိုက်ရပြီး ဆောက်လက်စ တိုက်မှာလည်း
တန်းလန်းနဲ့ ရပ်သွားပါတယ်။ တိုက်ဆက်ဆောက်နိုင်ဖို့ အတွင်းဘက်က မြေကွက်ကို ခွဲရောင်းလိုက်ပြီး
ရှေ့ကတိုက်ကို ပြီးအောင် ဆောက်ခဲ့ပါတယ်။ တိုက်ဆောက်ပြီး ပိုလျှံတဲ့ ငွေကို စားစရိတ် ရနိုင်အောင်လို
့ ပုဂ္ဂလိက ငွေစု ငွေချေးလုပ်ငန်းထဲ ထည့်ထားခဲ့ရာက ကုမ္ပဏီ ဖျက်သိမ်းသွားတဲ့ အတွက် လက်မဲ့ဖြစ်ခဲ့ရပြန် ပါတယ်။
ဆောက်ပြီးတဲ့တိုက်ကို ရွှေခြည်ငွေခြည်မှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ချိုပြုံး ရောက်လာပြီး
ရုပ်ရှင်သမားတွေကို ငှားပါလားလို့ အကြံပေး တိုက်တွန်းခဲ့ရာကအစ ခုချိန်ထိ ဒေါ်ခင်ယုမေရဲ့
တိုက်ကို ရုပ်ရှင်သမားများ ရိုက်ကူး နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်ခင်ယု မေက “အရင်
တုန်းကတော့ တစ်လမှာ ရက် ၂၀ လောက် ငှားရပါတယ်။ ခုတော့ ၁၀ ရက်တောင် မပြည့်
တတ်တော့ဘူး”လို့ ဆိုပါတယ်။ သူ့အိမ်မှာ ရုပ်ရှင်သမားတွေ ၀င်ထွက် သွားလာနေကြပေမယ့်
ရိုက်ကွင်းပေါ် ရောက်တဲ့ သူများ ဒေါ်ခင်ယုမေကို မတွေ့ကြရပါဘူး။ ရိုက်ကွင်း ရှိတဲ့ နေ့ဆိုရင်
ဒေါ်ခင်ယုမေက သူ့အခန်းထဲမှာပဲ စားစရာ သောက်စရာ အပြည့်အစုံ နဲ့ အခန်းတံခါး ပိတ်နေတာပါ။
ဒီအသက်အရွယ်မှာ သူနဲ့လိုက်ဖက်တဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်မယ် ဆိုရင် ဖြစ်နိုင်သေးပေမယ့်
ဒေါ်ခင်ယုမေကတော့ လုံးဝငြင်းပါတယ်။ ဒီအလုပ်ကို လုပ်ဖို့ စိတ်မ၀င်စားတော့ဘူးလို့လည်း
ဆိုပါတယ်။ ကျန်းမာရေး အခြေအနေက ကင်ဆာရောဂါဖြစ် ပွားခဲ့ဖူးပြီး ကင်ဆာပျောက်ခဲ့ပေမယ့်
တစ်မျိုးမဟုတ် တစ်မျိုး ဖောက်နေတာပဲလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ လက်ရှိ အခြေအနေမှာ
လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက်က သွေးပြန်ကြောများ ပိတ်နေတာကြောင့် လက်များ
ရောင်ကိုင်းနေသလို ခြေထောက်ကလည်း ခြေဖမိုး တစ်ခုလုံး ရောင်ကိုင်းနေတာ တွေ့ရပါတယ်။
လက်ရှိ နေအိမ်ဖြစ်တဲ့ အမှတ် (၂၉/အေ) သီရိမင်္ဂလာ ရိပ်သာလမ်းမှာ တူမကလေး များရဲ့
စောင့်ရှောက်မှုနဲ့ နေထိုင်လျက် ရှိပါတယ်။
မျက်ရှု

No comments:

Post a Comment