Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 25, 2013

Miss Universe 2014 တွင်ပါဝင်ယှဉ်ပြိုင်ရန် တိုင်းနှင့်ပြည်နယ် ကိုယ်စားပြု အလှမယ်များ ရွေးချယ်၍ အချိန်ယူ လေ့ကျင့်ပြင်ဆင်မည်

Miss Universe 2014 တွင်ပါဝင်ယှဉ်ပြိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အလှမယ်များ ရွေးချယ်ကာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တစ်ဦး ရွေးချယ်ပြီးနောက် အချိန်ယူ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ပေးသွားရန် စီစဉ်ထားကြောင်း Miss Universe Myanmar Organization မှ ဒေါ်စိုးယုဝေက ရှင်းပြခဲ့သည်။

Miss Universe ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ၂၀၁၃ ခုနှစ်အတွင်း ကိုယ်စားပြုအလှမယ် ရွေးချယ်ပွဲအား ပြုလုပ်ခဲ့သော်လည်း အချိန်တိုတောင်းမှုကြောင့် တိုင်းနှင့်ပြည်နယ်များမှ ဖိတ်ခေါ်နိုင်ခြင်း မရှိခဲ့သည့်အတွက် ၂၀၁၄ ခုနှစ်တွင် ဖိတ်ခေါ်ယှဉ်ပြိုင်စေရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။ တိုင်းနှင့်ပြည်နယ် ကိုယ်စားပြု အလှမယ်များအနက်မှ မြန်မာကိုယ်စားပြု အလှမယ်တစ်ဦးကို ရွေးချယ်ပြီးနောက် Miss Universe ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လိုအပ်သည်များကို လေ့ကျင့်ပြင်ဆင်စေမည်ဟု သိရသည်။

“ကျွန်မတို့အဖွဲ့ အနေနဲ့ Miss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်တဲ့အပြင် ပြင်ဆင်ချိန်ကလည်း နည်းပါးခဲ့တဲ့အတွက် တိုင်းနဲ့ပြည်နယ် ကိုယ်စားပြုမယ်တွေ ဖိတ်ခေါ်ဖို့ အချိန်မရခဲ့ပါဘူး။ ဒုတိယအကြိမ် ထပ်မံယှဉ်ပြိုင်မယ့် အခါမှာတော့ တိုင်းနဲ့ပြည်နယ် အလှမယ်တွေကို အချိန်ယူဖိတ်ခေါ်မယ်။ အဲဒီထဲကမှ တစ်နိုင်ငံလုံး ကိုယ်စားပြု အလှမယ် တစ်ဦးရွေးချယ်မယ်။ ပြီးရင်အချိန်ယူ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ပေးပါမယ်။ တကယ်ပြိုင်ပွဲဝင်တဲ့အခါ ဘာတွေလိုအပ်ချက် ရှိလဲဆိုတာတွေကိုလည်း လက်တွေ့ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံကတစ်ဆင့် သိရှိပြီးပါပြီ။ ဒါကြောင့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးသွားဖို့ စိတ်ကူးထားပါတယ်” ဟု Miss Universe Myanmar Organization မှဒေါ်စိုးယုဝေက ရှင်းပြခဲ့သည်။

Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ အနေဖြင့် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မှုအဖြစ် မြန်မာအလှမယ် မိုးစက်ဝိုင်က ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ပရိသတ်များ၏ စိတ်ဝင်တစား အားပေးမှုကို ရရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဒုတိယအကြိမ် သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာကိုယ်စားပြု အလှမယ်ရွေးချယ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment