ကြံခင်း၊ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်း ဒေသကြီး ကြံခင်းမြို့နယ် အတွက် ပြည်ထောင်စုလွှတ်တော်က
လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခွင့်ရမည့်
ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်ငွေ ကျပ်သိန်းတစ်ထောင် ခွဲဝေ သုံးစွဲရေး
အငြင်းပွားမှုကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ အားလုံးသို့
ခွဲဝေသုံးစွဲခွင့် တင်ပြခဲ့ပြီးဖြစ်၍ အဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောကြားသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပသော ဧရာဝတီ
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် ၄င်းက
ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
ကြံခင်းမြို့နယ် အတွက်
ဖွံ့ဖြိုးရေး ငွေကျပ်သိန်းတစ်ထောင်ကို ယခင်က ကျေးရွာအုပ်စု နှစ်ဆယ် အတွက်သာ
အသုံးပြုရန် လျာထား သတ်မှတ်ခဲ့သော် လည်း ယခုအခါ ကျေးရွာအုပ်စု ၅၃ စုစလုံး၏
လိုအပ်ချက်များ အတွက် ခွဲဝေ သုံးစွဲသွား မည်ဖြစ်ရာ လုပ်ငန်းတစ်ခုလျှင်
ကျပ်သိန်း ၅၀ မကျော်ရန်နှင့် နိုင်ငံတော်၏ အသုံးစရိတ် လျာထားချက် မရှိသော
လုပ်ငန်းဖြစ်ရန် ညွှန်ကြားထားကြောင်း၊ ရန်ပုံငွေကို ကိုင်တွယ် အသုံးပြုမည့်
အထောက်အကူပြု အဖွဲ့များ အနေနှင့် စာရင်းစစ်ဆေးမှုကို ခံယူနိုင်ရန်
လိုကြောင်း၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည် ဖြစ်၍ ဖွံ့ဖြိုးရေး လုပ်ငန်းများ
အမြန်စတင်ရန် လိုအပ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
"အုပ်စုအကုန်လုံးက သဘောတူ ပါတယ်၊ တံတားဆောက်ချင်တဲ့ အုပ်စုတစ်ခု ကတော့ ကန့်ကွက်ချင်တာပေါ့၊ ဒါပေမဲ့
နောက်ဘတ်ဂျက်တွေမှာ ဆက်လုပ်လို့ ရမှာပါ" ဟု ကြံခင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ကဆိုသည်။
ကြံခင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၅၃ စုရှိရာ ယခင်က အုပ်စု ၂၀ ကိုသာ
ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို ခွဲဝေသုံးစွဲရန် စီစဉ်ခဲ့သော်လည်း
အငြင်းပွားမှုများ ဖြစ်ပေါ် ခဲ့ရကြောင်း၊ ဒေသခံပြည်သူများ၏ တင်ပြမှု၊ လွှတ်တော်
ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏
ညှိနှိုင်းပေးမှုဖြင့် ယခုအခါ ခွဲဝေသုံးစွဲရေး အဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီ
ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
"ကျွန်တော်တို့
ကျုံပျော်မြို့နယ်မှာ ရတဲ့ငွေ သိန်းတစ်ထောင်ထဲက ရုံးစရိတ် ၃ ရာခိုင်နှုန်း
ဖယ်ထားပြီး ကျန်တဲ့ငွေ သိန်း ၉၇၀ ကို ကျေးရွာအုပ်စု ၉၇ စုကို အညီအမျှ
ခွဲပေးထားပါတယ်၊ အတိအကျ ဖြစ်သွားတော့ အငြင်းပွားမှု မရှိတော့ဘူး" ဟု
ကျုံပျော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ရယူထားသူ ဦးတင်စိုးက ပြောကြားသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 24, 2013
ကြံခင်းဒေသ ဖွံ့ဖြိုးရေးအသုံးစရိတ် ကျပ်သိန်းတစ်ထောင် ခွဲဝေသုံးစွဲရေး အငြင်းပွားမှု ပြေလည်
ကြံခင်းဒေသ ဖွံ့ဖြိုးရေးအသုံးစရိတ် ကျပ်သိန်းတစ်ထောင် ခွဲဝေသုံးစွဲရေး အငြင်းပွားမှု ပြေလည်
Reviewed by VC
on
December 24, 2013
Rating: 5
Reviewed by VC
on
December 24, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment