CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 14, 2013
ကျောင်းသား အဆောင်များကိစ္စ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းက အရေးပေါ် ကြေညာချက် ထုတ်ပြန်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရန် တက္ကသိုလ် အသီးသီးတွင် အဆောင်များ ထားရှိမှုနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းက အရေးပေါ် ကြေညာချက် တစ်စောင်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းမှ အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က The Voice သို့ ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များ နေထိုင်စေသော အဆောင်များမှာ တက္ကသိုလ် ဆရာ၊ ဆရာမများ နေထိုင်လျက်ရှိသော အဆောင်များ ဖြစ်သောကြောင့် ယခင် နေထိုင်သူ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို တာဝန်ရှိသူများက အဆောင်များမှ နှင်ထုတ်သည်ကို လက်မခံနိုင်ကြောင်း၊ ကျောင်းသား ကျောင်းသူများ နေထိုင်ရန် အဆောင်များ ဖော်ထုတ်ခြင်းကို တစ်ညီတစ်ညွတ်တည်း ကန့်ကွက် ရှုတ်ချကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းကဲ့သို့ တက္ကသိုလ် ဆရာ ဆရာမများ နေထိုင်သည့် အဆောင်တွင် ကျောင်းသူ ကျောင်းသားများကို ထားခြင်းသည် ဆရာနှင့် ကျောင်းသားကြား ဆက်ဆံရေးကို ပျက်ပြား စေနိုင်သောကြောင့် ရေရှည်တွင် မည်သို့မျှ ကောင်းကျိုး ဖြစ်ထွန်းစေမည် မဟုတ်ကြောင်း၊ ရေရှည်တွင် လိမ်လည် လှည့်ဖြားနေသော အကျင့်ဟောင်းများကို ပညာရေးဝန်ကြီးဌာန အနေဖြင့် အပြီးတိုင် စွန့်လွှတ်ချိန်တန်ပြီ ဖြစ်ကြောင်း အပါအဝင် အချက်ကိုးချက် ပါဝင်သော အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“တက္ကသိုလ်က အဆောင်တွေက ကျောင်းစာသင်ခန်းနဲ့ နီးနေတော့ မိန်းကလေး အဆောင်သူတွေအတွက် အဆင်မပြေဘူး၊ အဲဒီအဆောင် နေရာတွေကလည်း အရင်က ဆရာမ၊ ဝန်ထမ်းတွေ နေခဲ့တဲ့ အဆောင်ဆိုတော့ ဆရာ၊ ဆရာမတွေ နေစရာမရှိလို့ ဒုက္ခရောက်နေတယ်” ဟု ဦးဇော်မျိုးလှိုင်က ပြောကြားသည်။
တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလက ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)၊ စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ ပါဝင် ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အသင်းထံမှ သိရှိရသည်။
ပညာရေးဝန်ကြီးဌာန အနေနှင့် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ စစ်ကိုင်း ပညာရေးတက္ကသိုလ်၊ မြစ်ကြီးနား တက္ကသိုလ်တို့တွင် ကျောင်းသား၊ ကျောင်းသူများကို အဆောင် လက်ခံပေးမည် ဖြစ်ပြီး ကျန်တက္ကသိုလ်၊ ကောလိပ်များတွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး အဆောင်ထားမည် ဖြစ်ကြောင်း နိုဝင်ဘာလက နိုင်ငံပိုင် သတင်းစာတွင် ထုတ်ပြန် ကြေညာခဲ့သည်။
The Voice Weekly
ကျောင်းသား အဆောင်များကိစ္စ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းက အရေးပေါ် ကြေညာချက် ထုတ်ပြန်
Reviewed by VC
on
December 14, 2013
Rating: 5
Reviewed by VC
on
December 14, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment