CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 27, 2013
မြစ်ဆုံစီမံကိန်းအတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ Asia World က လက်ငင်းငွေ ငါးရာခိုင်နှုန်းနှင့် တရုတ် CPI က ရာခိုင်နှုန်း ၈၀
မြစ်ဆုံစီမံကိန်းအတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ Asia World က လက်ငင်းငွေ ငါးရာခိုင်နှုန်းနှင့် တရုတ် CPI က ရာခိုင်နှုန်း ၈၀ အထိ ပိုင်ဆိုင်ထားပြီး နှစ် ၅၀ စီမံကိန်းဖြစ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် တားမြစ်ခံရသည့် မြစ်ဆုံစီမံကိန်း အတွက် ရှယ်ယာပိုင်ဆိုင်မှု နှုန်းထားများမှာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ အေးရှားဝေါလ်က လက်ငင်းငွေ ငါးရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံပိုင် CPI က ရာခိုင်နှုန်း ၈၀ ဖြင့် အများဆုံး ပိုင်ဆိုင်ထားပြီး စီမံကိန်း ကာလမှာ နှစ် ၅၀ အထိ လုပ်ပိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ACHC မှ ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
မြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများအတွက် ဧရာဝတီမြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ကုမ္ပဏီ (ACHC) အား တည်ထောင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီတွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ အေးရှားဝေါလ်၊ တရုတ် CPI တို့မှ ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော် ကုန်သွယ်ရေး ကော်မတီမှ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။ မလိခ၊ မေခမြစ်နှင့် မြန်မာနိုင်ငံ၏ မိခင်မြစ် တစ်စင်းဖြစ်သည့် ဧရာဝတီမြစ်ဆုံ အထက်ပိုင်းရှိ မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လန်ဖူး၊ ယဲ့နန်၊ လာဆာတို့၌ စီမံကိန်း ခုနစ်ခုနှင့် လုပ်ငန်းသုံး ရေအားလျှပ်စစ် စက်ရုံတစ်ခု ပါဝင်မည့် စီမံကိန်းများအတွက် မတည်ရင်းနှီး မြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ဖြစ်ပြီး စီမံကိန်း အပြီးတွင် နှစ် ၅၀ လည်ပတ်ပြီးနောက် မြန်မာအစိုးရထံသို့ အခမဲ့ ပြန်လည်လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ သတင်းအချက် အလက်များတွင် ဖော်ပြထားကြောင်း သိရှိရသည်။
စီမံကိန်း လည်ပတ်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံမှ နှစ် ၅၀ အတွက် ဒေါ်လာ ၅၄ ဘီလျံ ရရှိမည်ဖြစ်ပြီး နှစ် ၅၀ စီးပွားဖြစ် လည်ပတ်အပြီးတွင် နိုင်ငံခြားငွေ ဒေါ်လာ ၁၆၀ ဘီလျံ ရရှိနိုင်ကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။
''မြစ်ဆုံစီမံကိန်းအတွက် အသုံးပြုမယ့် ငွေပမာဏက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံပါ။ စီမံကိန်း ပြန်လည်လုပ်ဆောင်ဖို့ ဒေသခံတွေနဲ့ မြန်မာပြည်သူ လူထုရဲ့ သဘောထား အတိုင်းပါ'' ဟု ဧရာဝတီ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ (ACHC) မှ မန်နေဂျာချုပ်ဖြစ်သူ လီကွမ်းဟွာက ပြောကြားသည်။
မြစ်ဆုံစီမံကိန်းနှင့် ဧရာဝတီမြစ် အသက်သွေးကြော မြစ်များဖြစ်သည့် မေခနှင့် မလိခ မြစ်များပေါ်တွင် ဆည်များ တည်ဆောက်နေမှုကြောင့် မြစ်ကြောင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း ပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။ လက်ရှိ အခြေအနေတွင် ဧရာဝတီမြစ်၏ အနည်ပို့ချမှုနှုန်း လျော့ကျနေသည့် အပြင် ပင်လယ်ရေ တိုက်စားမှုနှုန်း မြင့်တက်နေမှုကြောင့် မြစ်ဝကျွန်းပေါ် ဧရိယာမှာ နှစ်စဉ်ပျမ်းမျှ 13 spkm (၅ စတုရန်းမိုင်ခန့်) ပျက်စီးဆုံးရှုံးကာ မြစ်ဝကျွန်းပေါ် ဧရိယာမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာကြောင်း မြစ်ချောင်းများဆိုင်ရာ ဘူမိရုပ်သွင် ပညာရှင် ပါမောက္ခ ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။
''မြစ်ရဲ့အထက်ပိုင်းမှာ အနှောင့်အယှက်တွေ များနေလို့၊ မြစ်ရဲ့အထက်ပိုင်းဆိုတဲ့ နေရာမှာ မြစ်မကြီး တစ်ခုတည်း ကြည့်မနေနဲ့။ မြစ်လက်တက် လေးတွေကိုပါကြည့်။ ချင်းတွင်းမြစ်ကိုပါ ထည့်စဉ်းစား။ အဲဒီလို စဉ်းစားတဲ့ အခါမှာ ဘာဖြစ်လဲဆိုတော့ မြစ်မကြီးပေါ်မှာ ဆည်အကြီးကြီး မရှိသေးတာကို ဧရာဝတီရဲ့ မြစ်လက်တက်တွေ ပေါ်မှာတော့ ဆည်တွေရှိတယ်။ အပိတ်အဆို့ အတားအဆီးတွေ ရှိလာတာနဲ့ သဘာဝ ဖြစ်စဉ်တွေက ကမောက်ကမ ကယောက်ကယက်တွေ ဖြစ်လာတယ်။ အနှောင့်အယှက်တွေ ၀င်လာတယ်'' ဟု ပါမောက္ခ ဦးမောင်မောင်အေးက ဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ကာလများတွင် ဈေးကွက်စီးပွားရေးစနစ် အကောင်အထည် ဖော်လာခဲ့ကြောင်း၊ လက်ရှိကာလတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများ ဧရာဝတီ မြစ်ဝှမ်းလွင်ပြင် ဒေသများတွင် ပြုလုပ်လာသောကြောင်း ယင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာမှုများကို မည်ကဲ့သို့ အစီအမံများဖြင့် ထိန်းသိမ်းသွားမည်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် လက်ရှိကာလ၌ ပင်လယ်ရေ တိုက်စားမှုကို ခံစားနေရသောကြောင့် အနောက်ဘက် ဟိုင်းကြီးကျွန်းမှ အရှေ့ဘက် တိုးမြစ်ဝအထိ ကျယ်ဝန်းသည့် မြစ်ဝကျွန်းပေါ် ဧရိယာမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာနေကြောင်း သိရသည်။
ဧရာဝတီမြစ်၏ အနည်ပို့ချမှုနှုန်းမှာ ပျမ်းမျှအားဖြင့် မြစ်ဆုံမှ မန္တလေးအထိ တန်ချိန် ၃၂ သန်း၊ မန္တလေးမှ ဟင်္သာတအထိ အနည်ပို့ချမှုမှာ ပျမ်းမျှတန် ၁၂၀ သန်းခန့် ရှိကြောင်းလည်း သိရသည်။
ကချင်ပြည်နယ် မြစ်ဆုံဒေသအား နိုဝင်ဘာလ အတွင်းက တွေ့ရစဉ်
Credit To: Eleven Media Group
မြစ်ဆုံစီမံကိန်းအတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ Asia World က လက်ငင်းငွေ ငါးရာခိုင်နှုန်းနှင့် တရုတ် CPI က ရာခိုင်နှုန်း ၈၀
Reviewed by VC
on
December 27, 2013
Rating: 5
Reviewed by VC
on
December 27, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment