ရန်ကုန်၊ နိုဝင်ဘာ ၁၁
သာကေတမြို့နယ် အမှတ် (၁) ထူပါရုံ ရပ်ကွက် (၁၃)
လမ်းတွင် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်က မောင်းနှင်နေသည့် မ.ထ.သ
၄၉ (အဝါ) ဒိုင်နာယာဉ် ပေါ်သို့ ယာဉ်မောင်းနှင့် ပြဿနာဖြစ်သော အသက် ၂၆
နှစ်အရွယ် အမျိုးသားတစ်ဦးက တွယ်တက်ကာ ယာဉ်မောင်းကို ဓားရှည်ဖြင့် ခုတ်ရာ
ယာဉ်ပေါ်မှပြုတ်ကျကာ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး
ရုံးထံမှ သိရှိရသည်။
သာကေတမြို့နယ် (၁၀) တောင် ရပ်ကွက်တွင် နေသူ
အသက် ၃၁ နှစ်အရွယ် ကိုသက်နိုင်ထွန်း မောင်းလာသော ခရီးသည်များ တင်ဆောင်လာသော
ဒိုင်နာယာဉ်သည် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီဝန်းကျင်ခန့် သာကေတ
ရုပ်ရှင်ရုံဘက်သို့ ဇင်ကမာလမ်း အတိုင်း မောင်းနှင်လာစဉ် ယာဉ်ရှေ့
လမ်းလယ်ပိတ်ကာ စက်ဘီးနင်းလာသော အသက် ၂၆ နှစ်အရွယ် ကိုမှုန်ကြီး
(ခ)ကျော်သက်ခိုင်က လမ်းဖယ် မပေးသောကြောင့် ယာဉ်မောင်းနှင့်
စကားများခဲ့ကြောင်း၊ ယင်းနောက် ဒိုင်နာ ယာဉ်မောင်းက ခရီးသည်များကို မ.ထ.သ
၄၉(အဝါ) ဒိုင်နာယာဉ် ဂိတ်ဆုံးမှတ်တိုင် ဖြစ်သော ရုပ်ရှင်ရုံ မှတ်တိုင်တွင်
ချပေးပြီး ၄င်း၏ အိမ်သို့ ယာဉ်ကိုမောင်းနှင်လာခဲ့ကြောင်း၊ အမှတ် (၁)
ထူပါရုံ ရပ်ကွက်၊ ၁၃ လမ်း အရောက်တွင် စကားများခဲ့သူ မှုန်ကြီးက
အငှားယာဉ်တစ်စင်းဖြင့် လိုက်လာကာ မောင်းနှင်နေသော ဒိုင်နာယာဉ် ဘေးမှ
တွယ်တက်ပြီး အရှည်နှစ်ပေခန့်ရှိ ဓားရှည်ဖြင့် ယာဉ်မောင်း၏ ညာဘက်
မျက်နှာပြင်ကို ခုတ်ခဲ့ရာ ပြတ်ရှဒဏ်ရာရ ရှိခဲ့ကြောင်း သာကေတမြို့နယ်
မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
"စက်ဘီးစီးသူနဲ့
ကားသမား စကားများပြီး မကျေနပ်ဘူးဆိုပြီး ကားသမား နောက်ကို ဓားယူပြီး
တက္ကစီနဲ့ နောက်က လိုက်သွားတာ"ဟု အမှတ် (၁) ထူပါရုံ ရပ်ကွက်
အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဓားခုတ်ခံရသော
ယာဉ်မောင်းမှာ ယာဉ်ကို အရှိန်တင် မောင်းခဲ့သောကြောင့် ဓားဖြင့်ခုတ်သူသည်
ယာဉ်ပေါ်မှ ပက်လက်လန် ပြုတ်ကျခဲ့ပြီး ကတ္တရာလမ်းနှင့် ဦးခေါင်းဆောင့်မိကာ
ဒဏ်ရာများ ရရှိခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။
ပြုတ်ကျကာ
ဒဏ်ရာရရှိသူကို ထူပါရုံရပ်ကွက် ၁၃ လမ်းတွင် နေထိုင်သူ များက ရန်ကုန်
ပြည်သူ့ဆေးရုံကြီးသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကုသ ခဲ့သော်လည်း
ဦးနှောက်တွင်းသို့ သွေးယိုစီးကာ နိုဝင်ဘာလ ၈ ရက် ည ၁၀ နာရီခန့်တွင်
သေဆုံးခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေသူ များထံမှ သိရှိရသည်။
"ဒေါသတကြီးနဲ့
ကားပေါ်တွယ်ကပ်ပြီး ဓားနဲ့ခုတ်တာ။ ကားက မောင်းနေတာကို လက်မြဲအောင်
မကိုင်ထားလို့ ပြုတ်ကျတာ" ဟု သာကေတမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအရာရှိ
တစ်ဦးက ဆိုသည်။
ယာဉ်မောင်းကို ဓားဖြင့်ခုတ်စဉ် ယာဉ်ပေါ်မှ ပြုတ်ကျ
သေဆုံးခဲ့သောကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့က မ.ထ.သ ၄၉ (အဝါ)
ခရီးသည်ယာဉ်မောင်း ကိုသက်နိုင်ထွန်း ကို ယာဉ်(ပ) ၁၉/၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က
ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, November 12, 2013
ယာဉ်မောင်းကို ဓားဖြင့်ခုတ်သူ ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး
ယာဉ်မောင်းကို ဓားဖြင့်ခုတ်သူ ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 12, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 12, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment