Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 26, 2013

၁၀၀၀ ကျပ်တန် ငွေစက္ကူအတု သုံးစွဲသူနှင့် ထုတ်လုပ်သူကို အမှုဖွင့်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံတွင် ငွေကြေးတန်ဖိုး တတိယ အမြင့်ဆုံးဖြစ်သော ကျပ်တစ်ထောင်တန် ငွေစက္ကူများကို အတုလုပ်၍ ဈေးဆိုင်များတွင် ဝယ်ယူသူ အပါအဝင် လက်ဝယ်တွေ့သူ နှစ်ဦးနှင့် ငွေစက္ကူ ထုတ်လုပ် ဖြန့်ဝေသူ သုံးဦးတို့ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သန်လျင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က သန်လျင်မြို့နယ် ကွမ်းခြံကုန်း ကျေးရွာတွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ် ကိုအောင်ဇော်ဇော် (ခ) ပွကြီးက ဘုရားကုန်း ကျေးရွာအုပ်စုရှိ ဈေးဆိုင် များတွင် ကျပ် ၁၀၀၀ တန် ငွေစက္ကူ (အသေး) အတု ၁၆ ရွက်ဖြင့် ဝယ်ယူသုံးစွဲခဲ့ရာ ဆိုင်ရှင်များက ကာလာပရင်တာဖြင့် ထုတ်ထားသော ငွေစက္ကူအတု ဖြစ်ကြောင်း သိရှိခဲ့ရာမှ သန်လျင်မြို့နယ် မြို့မရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ဘုရားကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ကိုင်ရတာ စာရွက်သားနဲ့ အရောင်မှိန်နေတာတွေက သိပ်သိသာတယ်။ ကာလာပရင်တာနဲ့ ထုတ်ထားတာ” ဟု ၎င်းကပြောသည်။

အဆိုပါ ငွေစက္ကူအတု သုံးစွဲနေသူ ကိုအောင်ဇော်ဇော် (ခ) ပွကြီး၏ အိမ်သို့ နိုဝင်ဘာလ ၁၈ ရက်နေ့က မှုခင်းတပ်ဖွဲ့စု-၇ မှ ရဲတပ်ဖွဲဝင်များ ဝင်ရောက် ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ တစ်ရွာတည်းနေသူ အသက် ၂၈ နှစ်အရွယ် ထင်မျိုးကျော် (ခ) အာကြီးတို့ နှစ်ဦးထံမှ ၁၀၀၀ ကျပ်တန် ငွေစက္ကူအတု တစ်သိန်းအုပ် နှစ်အုပ်ကို တွေ့ရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

၎င်းတို့နှစ်ဦး ပြောကြားချက်အရ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၈) ရပ်ကွက်တွင်နေသူ အသက် ၃၇ နှစ်အရွယ် မျိုးကြီး (ခ) မျိုးကျော်ဆန်းက ငွေစက္ကူ အတုများကို သုံးစွဲရန် ပေးအပ် ခဲ့ကြောင်း၊ ငွေစက္ကူ ထုတ်လုပ်သူများမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းတွင် နေထိုင်သူ အသက် ၄၄ နှစ်အရွယ် မျိုးသူရနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ယုဇနအိမ်ရာတွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ် ခင်ဇော်ဦးတို့ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ငွေစက္ကူ ထုတ်ပေးသူ အပါအဝင် ငွေစက္ကူအတု ထုတ်လုပ်ဖြန့်ဝေသူ သုံးဦးနှင့် လက်ဝယ် ငွေစက္ကူ တွေ့ရှိသူ နှစ်ဦးတို့ကို ရဲစခန်းတွင် (ပ) ၁၀၇၅/၁၃၊ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီက တာမွေမြို့နယ်ရှိ ‘ဖောင်းဖောင်း’ လက်ဖက်ရည်ဆိုင်တွင် ငွေစက္ကူအတ ရောင်းဝယ်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ လက်ဆွဲအိတ် အတွင်းမှ ကျပ်တစ်ထောင်တန် ငွေစက္ကူ အသေးအတု ၄၁၀ ရွက်ကို ဖမ်းဆီးမိခဲ့သည့် ကွင်းဆက်ဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၄) ရပ်ကွက်တွင်နေသူ အမျိုးသမီး တစ်ဦး၏ နေအိမ်မှ ငွေစက္ကူ ထုတ်လုပ်သည့် ကာလာပရင်တာနှင့် လွန်ခဲ့သော တစ်လခန့် (စက်တင်ဘာလ ၁၀ ရက်နေ့) က လှိုင်သာယာမြို့နယ် မီးခွက်ဈေးရှိ ရွှေဆိုင်တွင် ကျပ် ၁၀၀၀ တန် ငွေစက္ကူအတု အရွက်သေး ၂၀၀ ကျော်ဖြင့် ရွှေဝယ်ယူခဲ့သည်ကိုပါ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။

No comments:

Post a Comment