ရန်ကုန်၊ နိုဝင်ဘာ ၂၃
တပ်မတော်အစိုးရ လက်ထက်တွင် အကျဉ်းချခံခဲ့ရသော ထောက်လှမ်းရေး ဟောင်းများကို
နိုင်ငံရေးအကျဉ်းသားများ အဖြစ် မသတ်မှတ်ရန် လက်ကျန်နိုင်ငံရေး
အကျဉ်းသားများ စိစစ်ရေးကော်မတီက ဆုံးဖြတ်လိုက်ကြောင်း ယင်းကော်မတီဝင်
ဦးရဲအောင်က ပြောကြားသည်။
ကမာရွတ်မြို့နယ်ရှိ မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center) ၌ နိုဝင်ဘာ
၂၃ ရက်နေ့က ပြုလုပ်သော (၁၀) ကြိမ်မြောက် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ
စိစစ်ရေးကော်မတီ အစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရေး
အတွက် နိုင်ငံရေးအကျဉ်းသား များကို စိစစ် ပေးနေသော်လည်း အကျဉ်းထောင်များ
အတွင်းရှိ ထောက်လှမ်းရေးဟောင်း ၂၁ ဦးကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်
မည်မဟုတ်ကြောင်း ၄င်းကရှင်းပြသည်။
"နိုင်ငံရေး အကျဉ်းသားဟောင်း တွေကို
ဦးစားပေးနေပါတယ်၊ ထောက်လှမ်းရေးတွေ ကိုတော့ သာမန်လူတွေလို နှစ်ရှည်လများ
ကျနေတဲ့သဘောနဲ့ စဉ်းစားဖို့ ဆုံးဖြတ်လိုက်ပါတယ်" ဟု ၄င်းက ဆိုသည်။
အဆိုပါ ထောက်လှမ်းရေးများကို နိုင်ငံရေးအကျဉ်းသား များဟု သတ်မှတ်ခြင်း
မရှိသော်လည်း လူသားချင်းစာနာမှုဖြင့် သီးခြားလွှတ်ပေးရန် အတွက် နိုင်ငံတော်
သမ္မတထံသို့ အကြံပြုလွှာ ပေးပို့သွားမည် ဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး
အကျဉ်းသားများ စိစစ်ရေးကော်မတီ ထံမှ သိရသည်။
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က အကျဉ်းထောင်များ အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ
အားလုံးကို ၂၀၁၃ ခုနှစ် မကုန်မီ လွှတ်ပေးမည်ဟု ကတိပြု ပြောဆိုထားသော်လည်း
လက်ရှိအနေအထားတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အစိုးရက
ဖမ်းဆီးနေသည့်အတွက် ထပ်မံ အကျဉ်းကျ ခံရသောကြောင့် အကျဉ်းသား ၁၇ ဦး ထပ်မံ
တိုးမြင့်လာကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း
AAPP မှ ဦးဘိုကြည် ကပြောကြားသည်။
"ဒီရက်ပိုင်းအတွင်း တိုးလာတဲ့ အကျဉ်းသားတွေကို စိစစ်ပြီးနိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထား ပါတယ်" ဟု ၄င်းကဆိုသည်။
အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများကို ၁၂ ကြိမ်
လွှတ်ပေးခဲ့ပြီး အကျဉ်းသား ၁၃၀၀ ကျော် လွတ်မြောက်ခဲ့ကာ အကျဉ်းထောင်များ
အတွင်း နိုင်ငံရေး အကျဉ်းသား ၈၀ ကျော် ကျန်ရှိနေကြောင်း နိုင်ငံရေး
အကျဉ်းသားဟောင်းများအဖွဲ့၏ ထုတ်ပြန်ချက် များအရ သိရသည်။
မြန်မာနိုင်ငံ၏ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကလည်း အကျဉ်းကျ
ထိန်းသိမ်းခံနေရသော ထောက်လှမ်းရေးတပ်မှူး များကို လွတ်ငြိမ်းချမ်းသာခွင့်
ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးမြင့်ကြည်က နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပသော
တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားခဲ့သည်။
၂၀၀၄ ခုနှစ်တွင်
ထောက်လှမ်းရေး အကြီးအကဲ ဦးခင်ညွန့် အပါအဝင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်
များကို ဖမ်းဆီး ခဲ့ပြီးနောက် တပ်မတော်ထောက်လှမ်းရေး အဖွဲ့ကို
ဖျက်သိမ်းခဲ့သည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 24, 2013
အကျဉ်းကျ ထောက်လှမ်းရေးဟောင်းများကို နိုင်ငံရေးအကျဉ်းသား သတ်မှတ်မည်မဟုတ် ဟုဆို
အကျဉ်းကျ ထောက်လှမ်းရေးဟောင်းများကို နိုင်ငံရေးအကျဉ်းသား သတ်မှတ်မည်မဟုတ် ဟုဆို
Reviewed by VC
on
November 24, 2013
Rating: 5
Reviewed by VC
on
November 24, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment