Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 13, 2013

ကြည်လင်းကို ထိုက်တန်သည့် ပြောင်းရွှေ့ကြေးရလျှင် ရောင်းထုတ်မည်ဟု ရန်ကုန်အသင်း အတည်ပြု

 
Mizzima - News in Burmese
ရဲရင့်ဌေး| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် အသင်းမှ ထွက်ခွာလိုသည်ဟု ထုတ်ဖော်ပြောကြားထားသော ယူ-၂၃ ကစားသမား ကြည်လင်းကို ထိုက်တန်သောပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းမှုများရှိလာပါက ရောင်းချမည်ဖြစ်ကြောင်း အသင်းမန်နေဂျာ ဦးကျော်လင်းထွေးက အတည်ပြု ပြောကြားသည်။

ကြည်လင်းမှာ ရန်ကုန်အသင်းမှ မွေးထုတ်ပေးထားသော လူငယ်ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်ပြီး လစာကိစ္စ အဆင်မပြေသဖြင့် အသင်းမှထွက်ခွာလိုနေခြင်း ဖြစ်သည်။

“ကြည်လင်းအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုရင် ကျွန်တော်တို့ရောင်းချပါမယ်။ ကစား သမား ကိုယ်တိုင်က အသင်းမှာ မကစားချင်ဘူးလို့ ပြောထားတာကြောင့် အသင်းအနေနဲ့လည်း ကမ်း လှမ်းလာမယ့် အသင်းတွေရှိရင် လက်ခံဆွေးနွေးပါမယ်။ ကစားသမားနဲ့ စာချုပ်သက်တမ်းရှိသေးတာ ကြောင့် အလွတ်ပြောင်းခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်နှစ်ဘောလုံးရာသီအတွက် ပြည်ပကစားသမားများကိုလည်း ဒီဇင်ဘာလအတွင်း ဆက်သွယ်ခေါ်ယူရန် စီစဉ်ထားပြီး နည်းပြအိုင်ဗန်ကိုလက်ဗ်ကိုလည်း စာချုပ်သက် တမ်းတိုးရန် စီစဉ်ထားသည်။ ကြည်လင်းအသင်းမှထွက်ခွာခဲ့ပါက ပြည်တွင်းကစားသမား ပြန်လည်အား ဖြည့်ရန်ကိုမူ လက်ရှိအချိန်တွင် စီစဉ်ထားခြင်းမရှိသေးကြောင်း ဦးကျော်လင်းထွေးက ဆိုသည်။

“ကြည်လင်းအသင်းကထွက်သွားရင် သူ့နေရာမှာအစားထိုးဖို့ ကစားသမားကို ကြိုစဉ်းစားထားတာမျိုး မရှိပါဘူး။အသင်းအတွက် တကယ်လိုအပ်တဲ့ နေရာတွေကိုပဲ အားဖြည့်မှာပါ။ ပြည်ပကစားသမားတွေ ကိုလည်း လာမယ့်ဒီဇင်ဘာလထဲမှာ ခေါ်ယူပါမယ်” ဟု ၎င်းကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းမှာ မြန်မာနေရှင်နယ်လိဂ် သုံးနှစ်ဆက် ချန်ပီယံဖြစ်ပြီး လာမည့်နှစ်AFC Cup ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ရည်ရွယ်ထားသည်။

No comments:

Post a Comment