Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 18, 2013

ကားအစင်းရေ ၉ သိန်းကို Toyota ပြန်လည်သိမ်းယူ ပြင်ဆင်မည်



ကားများ၏ လေအေးပေးစက် စနစ်မှတစ်ဆင့် ရေယိုစိမ့်မှု ဖြစ်ပေါ်နိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့

Toyota ကုမ္ပဏီသည် ၎င်းတို့၏ မော်တော်ကား အစင်းရေ (၉)သိန်းနီးပါးကို ပြန်လည်သိမ်းယူပြီး ပြင်ဆင်မှုများ ပြုလုပ်ပေးသွားမည်ဟု ကြေညာခဲ့သည်။ ပြဿနာမှာ ကားများ၏ လေအေးပေးစက် စနစ်မှတစ်ဆင့် ရေယိုစိမ့်မှု ဖြစ်ပေါ်နိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့၍ ဖြစ်ကြောင်း ဂျပန်မော်တော်ယာဉ် လုပ်ငန်းစုကြီးက ဆိုသည်။ ယင်းရေများသည် ကား၏ လေအိတ်စနစ်ထဲ ဝင်ရောက်သွားပြီး လျှပ်စီးပတ်လမ်း စနစ်တွင် လွဲချော်မှုများ ဖြစ်ပေါ်လာကာ သတိပေး အချက်ပြ မီးများ လင်းလာတတ်သည့် အံလွဲမှုမျိုး ဖြစ်ပေါ်စေတတ်ကြောင်း သိရှိရသည်။ ထို့ကြောင့်လည်း Toyotaက စနစ်ကို ပြင်ဆင်မှု ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။



"တချို့ အခြေအနေတွေမှာ လေအိတ်စနစ် အလုပ်မလုပ်တော့တာ၊ လေအိတ် မပွင့်သင့်ဘဲ အလိုလို ပွင့်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်"ဟုလည်း Toyotaက ဆိုသည်။ ထို့အပြင် ရှားရှားပါးပါး သက်ရောက်နိုင်သည့် အခြေအနေအဖြစ် စတီယာရင် စနစ်တွင် အတန်ငယ် ချွတ်ချော်မှုများ ဖြစ်လာနိုင်ကြောင်းလည်း Toyotaက ကြေညာခဲ့သည်။ Toyota၏ Camry၊ Camry Hybrid၊ Avalon၊ Avalon Hybridနှင့် Venza မော်ဒယ်လ်များတွင် ယခုပြဿနာ ရှိနေပြီး (၂၀၁၂)ခုနှစ်မှ (၂၀၁၃)ခုနှစ်အတွင်း ထုတ်လုပ် ရောင်းချသည့် မော်တော်ကားများကို ပြန်လည် သိမ်းဆည်းမည်ဖြစ်ကြောင်း Toyotaက အတည်ပြုခဲ့သည်။


Toyotaသည် စုစုပေါင်း မော်တော်ကား (၈၈၅၀၀၀)ကို ပြန်လည် သိမ်းဆည်း ပြင်ဆင်မည်ဖြစ်ပြီး ယင်းတို့အနက် (၈၄၇၀၀၀)သည် မြောက်အမေရိကမှ ဖြစ်သည်။ ကျန်မော်တော်ကားများမှာ ဥရောပ၊ အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများမှ ဖြစ်ကြောင်းလည်း သိရသည်။ Toyota၏ တာဝန်ရှိသူ တစ်ဦးက ယခုပြဿနာကြောင့် အသေးစား ဒဏ်ရာရမှု သတင်းနှစ်ခု ရရှိခဲ့သော်လည်း မော်တော်ကား ပျက်စီးမှု မရှိဟု ပြောကြားခဲ့သည်။ Toyotaသည် ပြီးခဲ့သည့် လကလည်း အမေရိကန်မှ RAV4နှင့် Lexus HS 250h မော်ဒယ်လ် မော်တော်ကား (၇၈၀၀၀၀)ကို ရှော့ဘား ပြန်လည်ပြင်ဆင်ရန် သိမ်းဆည်းခဲ့ရသေးသည်။ စက်တင်ဘာလကလည်း Sienna မီနီဗင်ကား (၆၁၅၀၀၀)ကို အမေရိကန်တွင် သိမ်းယူကာ လီဗာပြဿနာကို ပြင်ဆင်ပေးရဖူးသည်။ ယခုတစ်ကြိမ် အပါအဝင် Toyotaက ပြန်လည်သိမ်းဆည်း ပြင်ဆင်ပေးရဖူးသည့် မော်တော်ကား အရေအတွက်သည် (၂၀၁၃)ခုနှစ်အတွင်း (၆)သန်းကျော်သွားပြီဟုလည်း သိရှိရသည်။ 

Planet

No comments:

Post a Comment