CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 2, 2013
အငှားကိုယ်ဝန်ဆောင်ခြင်းလုပ်ငန်း
အိန္ဒိယမှာ ဖြစ်ထွန်းနေတဲ့ စီးပွားရေးလုပ်ငန်းတခုကတော့ အငှားဗိုက်အကျိုးဆောင်လုပ်ငန်းပါ။
ကမ္ဘာအရပ်ရပ်က ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိသူ၊ ကလေးမရနိုင်သူအများအပြားဟာ အိန္ဒိယက ဒီလုပ်ငန်းကို ချိတ်ဆက် ကလေးယူနေကြပါတယ်။
သူတို့ကိုယ်တိုင် ကိုယ်ဝန်မဆောင်ဘူး ဆိုတော့ သူတို့ရဲ့ ကိုယ်စား အိန္ဒိယမှာ ရှိတဲ့ အမျိုးသမီးတချို့ကို ကိုယ်ဝန်ဆောင်စေခြင်းပါပဲ။
မွေးလာတာ ရက်ပိုင်းပဲ ရှိသေးတဲ့ သမီးလေး Gabriella
မိဘများက Rekha Patel, 42 နဲ့ Daniele Fabbricatore, 39တို့ ဖြစ်ပါတယ်။ (Photo: Reuters)
အလုပ်အပ်သူများထဲမှာ လိင်တူစုံတွဲများလည်း ပါတာပေါ့။
လိင်တူတယ်ဆိုမှတော့ ကလေးရဖို့က ဒီနည်းပဲ ရှိပါတော့မယ်။
အခု အိန္ဒိယမှာ နည်းနည်းလေး ဆူညံလာတာက ... ဒီလုပ်ငန်းက ဆင်းရဲတဲ့ အိန္ဒိယအမျိုးသမီးတွေကို အမြတ်ထုတ်သလို ဖြစ်နေတယ် ဆိုပြီး ငြင်းခုံလာကြတာပါပဲ။
ပြည်ပကနေ ကလေးမွေးလိုသူတွေ အိန္ဒိယကို လာပြီး အငှားဗိုက်ရှာဖွေရ ခက်ခဲစေမယ့် ဥပဒေမျိုး ပြဋ္ဌာန်းရေးလည်း ပါဝင်တာပေါ့။
ဘုံဘေမှာ အခြေစိုက်တဲ့ Surrogacy India ဆိုတဲ့ အကျိုးဆောင်လုပ်ငန်းက အငှားဗိုက်နဲ့ ကလေး ၂၉၅ ယောက် မွေးအောင် ဆောင်ရွက်ပေးခဲ့ပြီးပြီ၊
အများစုက ပြည်ပက လာအပ်တဲ့ဖောက်သည်တွေ ဖြစ်တယ်လို့ ဆိုတယ်။ ၄၀ ရာနှုန်းက လိင်တူစုံမက်မိဘတွေဖြစ်ပါသတဲ့။ ဒါက ၆ နှစ်အတွင်း သူတို့လုပ်ငန်းရဲ့ ကိန်းဂဏန်းတွေပါ။
အဲဒီအကျိုးဆောင်လုပ်ငန်းက Dr. Sudhir Ajja ရဲ့ တွက်ချက်မှုကတော့ ပြည်ထဲရေးဌာနကအကြံပြုထားတဲ့အတိုင်း ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်လာရင်
ဒီလုပ်ငန်းကို သေချာပေါက် ထိခိုက်ပါလိမ့်မယ်၊ ပြည်ပက အလုပ်လာအပ်နှုန်းလည်း ကျသွားပါမယ် တဲ့။
အိန္ဒိယမှာ ဒီလုပ်ငန်း အစပြုနေတာ ၁၁ နှစ် ရှိပါပြီ။
အမျိုးသမီးတွေကို အခကြေးငွေပေးပြီး အငှား ကိုယ်ဝန်ဆောင်ခြင်းကို ခွင့်ပြုထားတာ နိုင်ငံ နည်းနည်းလေးပဲ တွေ့ရမှာပါ။
အိန္ဒိယ၊ ဂျော်ဂျီယာ၊ ရုရှ၊ ထိုင်း၊ ယူကရိန်း၊ အမေရိကန်တို့ပါပဲ။ အမေရိကန်ဆိုပေမယ့် တနိုင်ငံလုံးမဟုတ် - ပြည်နယ်တချို့မှာ ခွင့်ပြုပါတယ် တဲ့။
ခွင့်ပြုတဲ့နိုင်ငံနည်းပါးတယ် ဆိုတဲ့ အချက်အပြင် တခြားအကြောင်းအရာတွေလည်း အိန္ဒိယမှာ ရှိနေပါတယ်။
နည်းပညာအတွက်ကုန်ကျစရိတ်နည်းပါး၊ ကျွမ်းကျင်တဲ့ဆရာဝန်တွေရှိ၊ စာရွက်စာတမ်းကိစ္စလိုမျိုး ကြိုးနီစနစ် နည်းပါး၊ ဗိုက်အငှားလိုက်မယ့်အမျိုးသမီးပေါများ ဆိုတဲ့
အချက်တွေကြောင့် အိန္ဒိယကို ဒီလုပ်ငန်းအတွက် နှစ်သက်နေကြတာပါ။
အိန္ဒိယမှာ ဒီလုပ်ငန်းအကျိုးဆောင်ပေးတဲ့ဆေးဘက်ဆိုင်ရာဌာနပေါင်း ၃,ဝဝဝ ရှိမယ်၊ ဒီလုပ်ငန်းကနေ ၀င်ငွေ ဒေါ်လာ သန်း ၄၀၀ ထက်မနည်း ရှိနေပြီ လို့ မနှစ်တုန်းဆီက ထွက်လာတဲ့ လေ့လာချက်တခုက ဆိုပါတယ်။
ကုလသမဂ္ဂ ပါဝင်တဲ့ လေ့လာချက်ဖြစ်ပါတယ်။
ဗြိတိန်၊ အမေရိကန်၊ သြစတေးလျ၊ ဂျပန် စတဲ့ စတဲ့ တိုင်းပြည်တွေက ဒီလုပ်ငန်းအတွက်အိန္ဒိယသွားကြပါတယ်။ အိန္ဒိယမှာ နာမည်အရဆုံးကတော့ Gujarat ပြည်နယ် Anand မြို့မှာရှိတဲ့ Akanksha ဖြစ်ပါလိမ့်မယ်။
အငှားကိုယ်ဝန်ကို တကြိမ်မက ဆောင်ပေးတဲ့အမျိုးသမီးတွေလည်း ရှိမှာပဲ။ ၀င်ငွေကလည်း မက်လောက်စရာ ဖြစ်နေတယ် မဟုတ်လား။
ဘယ်လောက်ရသလဲဆို ... အထက်မှာ ရေးခဲ့တဲ့ Anand မြို့လေးမှာ ဆိုရင် အိမ်တလုံးတောင် ၀ယ်နိုင် ဆိုပဲ။
အိမ်ဝယ်နိုင်တဲ့ငွေပမာဏရရှိဖို့ အမျိုးသမီးတချို့ အငှားကိုယ်ဝန်ဆောင်နေကြတယ်ဆိုပါစို့။
လတ်တလော ဥပဒေထဲမှာတော့ ဒီလိုကိုယ်ဝန်ဆောင်ဖို့ဆိုရင် အသက် ၂၁ နဲ့ ၃၅ အတွင်း ရှိမှ ဖြစ်မယ်၊
ကိုယ်ဝန်ဆောင်ပေးသူကို ကျန်းမာရေးအာမခံချက် ရှိအောင် လုပ်ပေးရမယ်၊ ဟိုစုံတွဲနဲ့ သူနဲ့ကြား စာချုပ်ချုပ်ရမယ် စသဖြင့် သတ်မှတ်ထားပါတယ် တဲ့။
ဒါကတော့ India Seeks to Regulate Its Booming ‘Rent-a-Womb’ Industry ဆိုတဲ့ သတင်းကို ဖတ်ကြည့်ပြီး ပြန်ပြောပြတာပါ။ ဧရာဝတီသတင်းဌာနရဲ့ အွန်လိုင်း http://www.irrawaddy.org/archives/44962 မှာ ဒီမနက် တက်လာတဲ့သတင်းဆောင်းပါးပါ။ အကျိုးဆောင်လုပ်ငန်းတွေဟာ အကျိုးဆောင်မွေးမိခင်တွေက ဗိုက်ထဲက သူ့ကလေး မဟုတ်တဲ့ ကလေးကို မေ့ထားဖို့၊ ကိုယ့်ရင်သွေးမဟုတ် - ကိုယ်နဲ့မဆိုင် - အလုပ်သဘောအရ တော်စပ်တဲ့ကလေးလို့ပဲ သဘောထားဖို့ သင်ပေးမယ် ထင်ပါရဲ့။ ဒါမှ နောက်ဆက်တွဲပြဿနာ နည်းမယ်၊ နှစ်သိမ့်ဆွေးနွေးပညာပေးတာမျိုးတွေ လုပ်ရမှာ နည်းပါလိမ့်မယ်။
အင်း ... "သူ့ကလေး မဟုတ်" ဆိုတဲ့စကားလုံးကိုသုံးရတာတော့ အားနာပါရဲ့။
မွေးလာတဲ့ကလေးမှာ မိဘ ၃ ဦး ရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဘယ်လောက်အထိ ရမယ် မသိပါ။ အနည်းနဲ့အများ ရကြပါလိမ့်မယ်။
ဟိုမိဘနှစ်ပါးကရော ကလေးအပေါ် သားသမီးအရင်းလို ချစ်နိုင်ကြမလား။ အင်း .... ချစ်ကြမယ် ထင်ပါရဲ့။
ကလေးကရော .. ဘာထိခိုက်မှု ရှိမလဲ။
ကလေးဆိုတာ ဗိုက်ထဲမှာ ရှိတုန်းကတည်းက မိခင်နဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းပါအဆက်အသွယ်ရှိတယ်လို့ ကြားဖူးပါတယ်။
ကိုယ်ဝန်ဆောင်မိခင်က ဗိုက်ထဲကဒီကလေးကို မွေးပြီးပြီးချင်း ခွဲခွာ ရတော့မယ် ဆိုတာ သိထားတော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သူ့ဗိုက်ကို ဗိုက်ထဲက ပိစိလေးကို ဘယ်လို သဘောထားမလဲ။
အဲဒီသဘောထားတွေကြောင့် ကလေးမှာ ဘယ်လို သက်ရောက်မှု ရှိမလဲ။ အင်း... တွေးကြည့်ရင် စိတ်မောစရာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
အငှားကိုယ်ဝန်ဆောင်ခြင်းလုပ်ငန်း
Reviewed by VC
on
October 02, 2013
Rating: 5
Reviewed by VC
on
October 02, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment