CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 13, 2013
လွှတ်တော်၌ မေးခွန်းမေးမြန်းမှုများကို ဖြေကြားရာတွင် ကျောင်းသားများ အလွတ်ကျက်၍ လာဖြေသည့်ပုံစံ ဖြစ်နေ၍ ပညာရေး ဒုတိယ၀န်ကြီးအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြစ်တင်ပြောကြား
လွှတ်တော်၌ မေးခွန်းမေးမြန်းမှုများကို ဖြေကြားရာတွင် ကျောင်းသားများ အလွတ်ကျက်၍ လာဖြေသည့်ပုံစံ ဖြစ်နေသဖြင့် ပညာရေး ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်အား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြစ်တင်ပြောကြားသည်။
အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) လွှတ်တော်ကိုယ်စားလှယ် ဦးနု၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးဇော်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဌေးဝင်းတို့၏ ပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် ၀န်ကြီးဌာန၏ စီမံခန့်ခွဲမှု အခြေအနေ၊ ကျောင်းအဆင့် တိုးမြှင့်ပေးရေး၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းမှုများအား ဒုတိယ၀န်ကြီး၏ ပြန်လည်ဖြေကြားချက်ကို လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကျောင်းအဆင့် တိုးမြှင့်ရေးနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က "ပညာရေး ၀န်ကြီးဌာနတွင် ကျောင်းများကို အဆင့်တိုးမြှင့်ပေးနိုင်ရန် ပထမဦးစွာ ကျောင်းသားဦးရေ၊ နယ်မြေဒေသ အခြေအနေတို့ကို အသေးစိတ် စိစစ်ပြီး ပညာသင်နှစ် (တစ်) နှစ်လျှင် တစ်ကြိမ်သာ ကျောင်းအဆင့် တိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါတယ်" ဟု ပြောကြားသည်။
ကျောင်းအဆင့် တိုးမြှင့်မှုနှင့်အတူ ပေါ်ထွက်လာသော လစ်လပ်နေရာများအတွက် ဆရာ၊ ဆရာမများ ပြောင်းရွှေ့ရာထူး တိုးပေးရခြင်းတို့ကြောင့် သင်ကြားရေး အစီအစဉ် ထိခိုက်နိုင်သည့်အတွက် တစ်နှစ်လျှင် တစ်ကြိမ်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မေးခွန်းမေးမြန်းသည့် ကျောင်းများအား အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်လည်း သတ်မှတ်ခွဲတမ်း ခွဲဝေပြီး ဖြစ်သဖြင့် အစီအစဉ် မရှိသေးကြောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း ဖွင့်လှစ်ခွင့် ရရှိရေးအတွက် သက်ဆိုင်ရာကျောင်းမှ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်များသို့ တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် တင်ပြထားရန် လိုအပ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။
ထိုသို့ ဒုတိယ၀န်ကြီး၏ ဖြေကြားမှုအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "ပြောရမှာအားတော့ အားနာတယ်။ ပြောတော့ပြောရမှာပဲ။ ကျောင်းသားတွေ အလွတ်ကျက်ပြီး ဖြေသလို ဖြစ်နေတယ်။ ဒုဝန်ကြီး လာဖြေတာလည်း အလွတ်ကျက်တာကို လာရွတ်ပြသလို ဖြစ်နေတယ်။ ပထမဦးစွာ ဦးနုရဲ့ မေးခွန်းပေါ့။ .....မန္တလေး (၁၁)က ဦးစိုးအောင်၊ ပဲခူး(၂)က ဦးဖိုးဇော်၊ ဧရာဝတီ (၅)က ဒေါက်တာဌေးဝင်း စသည်ဖြင့် ဒေသရဲ့ လိုအပ်ချက်တွေ လိုအပ်ချက်တောင်းတယ်။ တစ်နှစ်မှာ တစ်ကြိမ်ပဲ လုပ်ပါတယ်။ လုပ်ပါ။ တစ်နှစ်တစ်ကြိမ်ပဲ လုပ်ပါ။ ဒါကို မပြောလိုပါဘူး။ ဒါဝန်ကြီးဌာနရဲ့ အလုပ်ပဲ။ သို့သော် မှတ်သားထားရမယ်။ ဒါတက်လာလို့ရှိရင် အမှန်တကယ် လိုအပ်ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ရမယ်။ ကိုယ့်မှာလက်တံတွေ ရှိတာပဲ။ မြို့နယ်ပညာရေးမှူးစစ်၊ ခရိုင်ပညာရေးမှူးစစ်၊ တိုင်းပညာရေးမှူးစစ် တကယ်လိုတာလား။ တကယ်လိုတယ်ဆိုရင် မှတ်ထားမယ်။ ဒီနှစ် ဘတ်ဂျက်မမီရင် နောင်နှစ်ဘတ်ဂျက်။ အခု အစိုးရအဖွဲ့ ဘတ်ဂျက်မတင်ရသေးပါဘူး။ RE တောင် မတင်ရသေးဘူး။ ဘတ်ဂျက်ပါအောင် လုပ်လို့ရတာပဲ။ နောက်တစ်ခုကတော့ ဘတ်ဂျက်ကတော့ ပြီးသွားပြီ ထားပါတော့။ ခုနက ပြောသလို အချိန်မရွေး အန္တရာယ်ရှိသော ကိစ္စမျိုး သဘာဝ ဘေးဒဏ်ကြောင့် ဖြစ်ပျက်တဲ့ ကိစ္စမျိုးအတွက် ရန်ပုံငွေရှိဖို့ လိုတယ်။ ၀န်ကြီးဌာနမှာ ရန်ပုံငွေ ရှိရမယ်။ မမျှော်မှန်းနိုင်သော ဘေးဒဏ်ကိစ္စဖြစ်ရင် ချက်ချင်းလုပ်ပေးမယ်။ ၂၄ နာရီအတွင်း လုပ်ပေးမယ်။ ခုနက အန္တရာယ်ရှိတဲ့ကျောင်းဆောင် တကယ်လား။ လက်တွေ့သွားကြည့်။ အန္တရာယ် မရှိအောင် ချက်ချင်းပြင်ပေးမယ်။ အသစ်မဆောက် ပေးနိုင်ရင်တောင် အန္တရာယ် မရှိစေရဘူး။ ဒီလိုတော့ ဖြေဖို့ကောင်းတယ်။ တစ်ကြိမ်လုပ်ပါတယ်။ အဲဒါ ပြီးသွားပါပြီ။ မရှိပါဘူး။ တစ်ကြိမ် လုပ်ပါတယ်။ မရှိပါဘူးဆိုတာ အလွတ်ကျက်ပြီး လာဖြေနေတာနဲ့တူတယ် ဒုဝန်ကြီး။ အဲဒါကြောင့် နောင်လာဖြေတဲ့ အခါမှာ ခုနကလို လုပ်ပါ။ အရင်တစ်ခါ တုန်းကလည်း အရိပ်အမြွက် သင်ပေးလိုက်ပြီးသား ဖြစ်ပါတယ်။ ဟုတ်ပြီနော်။ အဲဒီလိုလေးတွေ။ မိမိရဲ့လုပ်ငန်း စီမံခန့်ခွဲမှုကို နားလည်ပြီးမှ စနစ်တကျ လုပ်ပေးဖို့ လိုတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေကလည်း မှတ်သားထားပါ။ ဘတ်ဂျက်မှာထည့်ဖို့ မှတ်သားထားပါ" ဟု ပြောကြားသည်။
Eleven Media Group
လွှတ်တော်၌ မေးခွန်းမေးမြန်းမှုများကို ဖြေကြားရာတွင် ကျောင်းသားများ အလွတ်ကျက်၍ လာဖြေသည့်ပုံစံ ဖြစ်နေ၍ ပညာရေး ဒုတိယ၀န်ကြီးအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြစ်တင်ပြောကြား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 13, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 13, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment