Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 20, 2013

ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းကြောင့် ဂျပန်စာ သင်ယူမှုနှုန်း ယခင်ထက် ရာခိုင်နှုန်း ၂၀ ကျော် မြင့်တက်



Monday, 21 October 2013

ဂျပန်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာခြင်းကြောင့် မြန်မာကျောင်းသားများ ဂျပန်စာ သင်ယူမှုနှုန်း ယခင်ထက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဂျပန်စာ သင်ကြားနေသည့် သင်တန်းကျောင်းများ၏ ပြောကြားချက်အရ သိရသည်။

"ဂျပန်စာ သင်ကြားနှုန်းကိုကြည့်ရင် ပြည်တွင်းမှာ သင်တဲ့နှုန်းကပဲ ဒီနှစ်အတွင်း ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်။ လက်ရှိ မြန်မာနိုင်ငံအပေါ် ဂျပန်တွေ အရမ်းစိတ်ဝင်စားနေတယ်။ ဒီမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ စီစဉ်နေကြတယ်။ ဒါကြောင့် သင်လာကြတာလည်း ပါတယ်။ အရင်က ဂျပန်မှာ ကျောင်းသွားတက်မယ့် ကလေးတွေလောက်ပဲ သင်တာများပေမယ့် အခုဆိုရင် လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေ၊ ၀န်ထမ်းတွေလည်း တက်လာကြတယ်။ ဂျပန်စာ သင်ထားရင် ဒီမှာလည်း အလုပ်အကိုင်ရဖို့ အဆင်ပြေနိုင်သလို ဂျပန်သွားမယ်ဆိုလည်း အဆင်ပြေနေတော့ စိတ်ဝင်စား လာကြတာပါ" ဟု Momiji ဂျပန်စာ သင်တန်းကျောင်းမှ ကျောင်းအုပ် Ms. Megumi Muramats က ဆိုသည်။

ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် ဂျပန်စာ သင်တန်းကျောင်းများတွင် ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ တဖြည်းဖြည်း မြင့်တက်လာပြီး သင်ယူသူများအနက် တက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ ဆယ်ကျော်သက် လူငယ်များအပြင် လုပ်ငန်းရှင်များ၊ လုပ်ငန်းခွင် ၀င်ရောက်လျက်ရှိသည့် ၀န်ထမ်းများကပါ တက်ရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။

"လွန်ခဲ့တဲ့ ၂၀၀၇-၂၀၀၈ ၀န်းကျင်တုန်းက ဂျပန်စာ သင်ယူမှု အများဆုံး ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဂျပန်သွား ကျောင်းတက်ဖို့နဲ့ လုပ်ငန်းခွင် ၀င်ရောက်ဖို့အတွက် သင်ယူတာတွေ များတယ်။ အခုကျတော့ ပြည်တွင်းဈေးကွက်ပါ မြင့်လာတယ်။ အဓိက ဂျပန်ကလုပ်ငန်း အချို့လည်း ဒီမှာဖွင့်ဖို့ ပြင်နေတယ်။ သူတို့ကလည်း မြန်မာဆိုရင် တော်တော်စိတ်ဝင်စားနေတော့ အလုပ်အကိုင် အခွင့်အလမ်းအတွက် တက်ရောက်မှု များလာတယ်လို့ ထင်ပါတယ်။ အရင်ဆို ဂျပန်သွား ကျောင်းတက်ရင်တောင် ဗီဇာရဖို့ အရမ်းခက်ခဲခဲ့တာ အခုဆိုရင် ဂျပန်စာ သင်ဖူးတယ်ဆိုတဲ့ အချက်နဲ့တင် ဗီဇာရဖို့ လွယ်သွားပါပြီ" ဟု Better Life Japanese Language School မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာများက ဂျပန်စာ သင်ယူမှုအပြင် ဂျပန်များကလည်း မြန်မာဘာသာစကား သင်ယူမှုနှုန်းလည်း ယခင်ထက် များပြားလာကြောင်းနှင့် ဂျပန်စာ သင်ယူသူများ အနေဖြင့် လက်ရှိတွင် NATTEST၊ အခြေခံ Level N5 မှ အဆင့်မြင့် Level N1 အထိ သင်တန်းများ တက်ရောက်ပြီး ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲ (JLPT) နှင့် ဂျပန်တက္ကသိုလ် ၀င်ခွင့်စာမေးပွဲ (EJU) စသည်တို့တွင် ဖြေဆိုမှုများရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အိမ်ခြံမြေ၊ ဟိုတယ်စသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံ အပါအ၀င် ကိုရီးယား၊ ဗီယက်နမ် နိုင်ငံများမှ စိတ်ဝင်စားလျက် ရှိကြောင်းနှင့် ယင်းကဏ္ဍများတွင် လုပ်ကိုင်နေသည့် အရည်အသွေးမြင့် ၀န်ထမ်းများ အနေဖြင့် ဘာသာစကား တတ်မြောက်မှု၊ လုပ်ငန်းကျွမ်းကျင်မှုပေါ် မူတည်၍ အလုပ်အကိုင် အခွင့်အလမ်း ရွေးချယ်ခွင့် ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ဂျပန်မှ အကူအညီနှင့် ချေးငွေများလည်း ရရှိနေပြီး စီးပွားရေး ကဏ္ဍတွင်လည်း ဂျပန်မှ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခဲ့သည်။

EMG

No comments:

Post a Comment