Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 12, 2013

မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းနှင့် ပြန်ခေါ်၍ မရသော ကရင်ပြည်နယ် ၀န်ကြီးချုပ် တာဝန်မှ ရပ်ဆိုင်းရန် ပြည်သူက အလိုရှိ နေသော်လည်း မစွမ်းဆောင်နိုင်

ဘယ်လိုလုပ်လို့ရမလဲဆိုတာ ကျွန်တော် လွှတ်တော်ကို တင်ပြတဲ့အခါ ကျွန်တော့်ကို တင်ပြခွင့် မပြုခဲ့ပါဘူး လွှတ်တော်ကလည်း ခွင့်မပြုပါဘူး ကာကွယ်ရေး ဦးစီးကလည်း ခွင့်မပြုပါဘူး . . .

ဘားအံ၊ အောက်တိုဘာ ၆

ကရင်ပြည်နယ်အတွင်း ပြည်နယ် အစိုးရအဖွဲ့၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်နယ်လူထုက လက်မခံနိုင်မှု အများအပြား ဖြစ်ပေါ်လျက်ရှိသည်။ လတ်တလောတွင်လည်း ပြည်နယ်အစိုးရနှင့် ပြည်နယ်တွင်း ရဟန်းသံဃာများ၊ ပြည်သူလူထုများကြား အကြီးမားဆုံး ထိပ်တိုက် ရင်ဆိုင်နေရသည့် ပြဿနာအဖြစ် ဘားအံ မြို့မ အားကစားကွင်းမြေတွင် ဟိုတယ်တည် ဆောက်နေမှုကို သံဃာတော်များနှင့် ပြည်သူလူထုက ကန့်ကွက်လျက် ရှိကြသည်။ အောက်တိုဘာ ၆ ရက်က ယင်း အားကစားတွင်ပင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲ ပြုလုပ်ရာ ပြည်သူလူထုက အထက်ပါ ကိစ္စရပ်ကိုသာ အဓိက ပြောကြားမှု ပြုခဲ့သည်။ ယင်းပြောကြားမှုများတွင် ပြည်သူလူထု အနေဖြင့် ပြည်နယ် အစိုးရအဖွဲ့တွင် တာဝန်အရှိဆုံး ဖြစ်သော ကရင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဇော်မင်းအား တာဝန်မှ ရပ်ဆိုင်းလိုကြောင်း သဘောထား ဖော်ပြမှုများလည်း ပါဝင်ခဲ့သည်။

ထိုရှင်းလင်းပွဲတွင် ကရင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးမန်းကံညွန့်က ပြည်သူလူထု မလိုလားသော ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များကို ၎င်းတို့ ရွေးကောက် တင်မြှောက်ခံခဲ့ရသော မဲဆန္ဒရှင်များ ရာခိုင်နှုန်း၏ တစ်ရာခိုင်နှုန်းမှ အဆိုပြု ကန့်ကွက်၍ တာဝန်မှ ရပ်ဆိုင်း စေနိုင်ကြောင်း ပြောကြား ခဲ့သော်လည်း လက်ရှိ ကရင်ပြည်နယ် ၀န်ကြီးချုပ်မှာ ပြည်နယ်မှ ရွေးကောက် တင်မြှောက်ထားသည့် ကိုယ်စားလှယ် မဟုတ်ဘဲ ပြည်နယ်လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် အဖြစ်မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတက တိုက်ရိုက် ခန့်အပ်ခဲ့ခြင်း ဖြစ်၍ ပြည်နယ် လူထုက တာဝန် ရပ်ဆိုင်းစေလိုပါက မည်သို့ ဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာသံတော်ဆင့်မှ မေးမြန်းခဲ့ရာ ဖြေကြားသူ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် တိကျစွာ ဖြေကြားနိုင်ခြင်း မရှိခဲ့သလို မေးခွန်းများ အပေါ် တိုက်ရိုက် သက်ရောက်သော အဖြေများလည်း ဖြေကြားနိုင်မှု မရှိခဲ့ပေ။ ..

သံတော်ဆင့်- ခုနက အားလုံး ပြောသွားတဲ့ အထဲမှာလည်း တော်တော်များများ ပါပါတယ်။ အခု ဒီကိစ္စမှာ အဆင့်ဆင့် အဓိက တာဝန်အရှိ ဆုံးဟာ ပြည်နယ် ၀န်ကြီးချုပ် ဖြစ်နေတော့ ဦးမန်းကံညွန့်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေကို မဲဆန္ဒရှင် တစ်ရာခိုင်နှုန်း နဲ့ ပြန်ခေါ်နိုင်တယ် ဆိုပေမယ့် ပြည်နယ် ၀န်ကြီးချုပ်ဟာ ကျွန်တော် သိရသလောက် တစ်ရာခိုင်နှုန်းနဲ့ ပြန်ခေါ်လို့ မရတော့ ပြည်နယ်လူထုနဲ့ လွှတ်တော် ကိုယ်စား လှယ်တွေက ဘယ်လို ဆောင်ရွက်သွားမလဲ သိချင်ပါတယ်။ (လက်ခုပ်တီးသံများ ထွက်ပေါ်။ လွှတ်တော် ကိုယ်စားလှယ်များ ကို ဖြေရန် ပြည်သူ အချို့ ကြွေးကြော်)

ဒေါ်နန်းစေဟွာ- ကျွန်မအနေနဲ့ မြန်မာသံတော်ဆင့်က မေးလိုက်တဲ့ မေးခွန်းက အင်မတန် ကောင်းတဲ့ မေးခွန်းလို့ ပြောချင်ပါတယ်။ ကျွန်မတို့ ကရင်ပြည်နယ် သားတွေအတွက် စောစောက ရပ်မိရပ်ဖ ဆရာ ဦးတင်မောင်မြင့် ပြောသလိုပေါ့။ တစ်ရာခိုင်နှုန်းနဲ့လည်း ကန့်ကွက်လို့ မရနိုင်ပါဘူး။ တစ်ခုပဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ်သည် နိုင်ငံတော်သမ္မတ ကနေပြီးတော့ ခန့်အပ်ထားတဲ့ ၀န်ကြီးချုပ် ဖြစ်တဲ့အတွက် ဒီကိစ္စတွေ၊ ပြဿနာတွေ အပေါ်မှာ နိုင်ငံတော် သမ္မတက လေ့လာ သုံးသပ်ပြီးတော့ သူခန့်အပ် ထားတဲ့ ၀န်ကြီးချုပ် ဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတက တာဝန်ပြန်ယူဖို့ လိုပါတယ်လို့ မြင်ပါတယ်။

သံတော်ဆင့်- နိုင်ငံတော်သမ္မတက တာဝန်ယူဖို့ ဆိုတဲ့အပိုင်းကို သိချင်တာ မဟုတ်ပါဘူး။ အခုပြောသလို နိုင်ငံတော် သမ္မတက တာဝန်ယူဖို့ ဆိုရင်လည်း လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူထုက တောင်းဆို သွားမှာလား။ နိုင်ငံတော်သမ္မတက တာဝန်မယူဘဲ လျစ်လျူရှု ထားမယ် ဆိုရင်ရော၊ နိုင်ငံတော်သမ္မတက တာဝန်ယူမှာပဲ စောင့်နေမလား။ လူထုနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဘယ်လို ဆောင်ရွက် သွားမလဲ ဆိုတာကို သိချင်တာပါ။

ဒေါ်နန်းစေဟွာ- မေးခွန်းကတော့ ရှင်းပါတယ်။ ကျွန်မထင်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်တယ်လို့ ပြောတဲ့အတွက် ကျွန်မတို့ ကရင်ပြည်နယ် ကလည်းပဲ မြန်မာနိုင်ငံတော်မှာ အပါအ၀င် ပြည်နယ်လေး တစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ကရင်ပြည်နယ်မှာလည်း စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်တယ် ဆိုရင် ပြည်သူလူထုရဲ့ လိုလားချက်တွေကို ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတတင် မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ကလည်း ဒါကို လျစ်လျူရှုလို့ မရပါဘူးလို့ ကျွန်မယူဆပါတယ်။

သံတော်ဆင့်- ဒါက ကျွန်တော်တို့ မေးတဲ့ မေးခွန်းရဲ့ အဖြေမဟုတ်ဘူး ထင်ပါတယ်။ (ပြည်သူလူထုက အဖြေရအောင် မေးမြန်းရန် ကြွေးကြော်ကြ။ လက်ခုပ်သံများ ထွက်ပေါ်)

ဦးမန်းကံညွန့်- ကျွန်တော် ဖြေမယ်။ အခုသံတော်ဆင့်က မေးတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော် ဖြေပါ့မယ်။ (လူထုက ကြွေးကြော်သံများ ဆက်လက်ထွက်ပေါ်နေ)အဲဒီတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၂၆၁ (ခ)မှာ (အိတ်ဆောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲ ကိုးကားလျက်) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များထဲက သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်လို့ ပါထားပါတယ်။ အဲဒီတော့ ဒီကနေ့ ဦးဇော်မင်း ၀န်ကြီးချုပ် ဖြစ်နေပါတယ်။ ဦးဇော်မင်းသည် ၀န်ကြီးချုပ်ဖြစ်ခဲ့သော သူသည် ဦးဇော်မင်းလို့ တပ်လိုက်လို့ ရှိရင် အမှန်တကယ်တော့ ဦးဇော်မင်းကို ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးတာသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည် စာရင်း တင်သွင်းသော ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်နေတဲ့အတွက် သူ့ကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် သတ်မှတ်ပြီးတော့မှ နိုင်ငံတော်သမ္မတက ရွေးတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ဦးဇော်မင်းသည် ဗိုလ်မှူးချုပ် ဇော်မင်းပါ။ ဦးဇော်မင်း မဟုတ်ပါဘူး။ ဒီကနေ့ ဦးဇော်မင်း ဖြစ်ရင် သူသည် ပြည်နယ် တပ်မတော်သား ကိုယ်စားလှယ် မဖြစ်တော့ပါဘူး။ သူ အငြိမ်းစား ဖြစ်သွားပါမယ်။ အခုလက်ရှိ အထိလည်း ဗိုလ်မှူးချုပ် ဇော်မင်းသည် တပ်မတော်သား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဇော်မင်းဖြစ်ပါတယ်။ အဲဒီတော့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်းသည် ကျွန်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၀န်ကြီးချုပ် ဖြစ်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ တစ်ရာခိုင်နှုန်းနဲ့ ပြန်ခေါ်လို့ ရနိုင်တဲ့ ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ ကာကွယ်ရေး ဦးစီးချုပ်က သော်လည်းကောင်း၊ နိုင်ငံတော် သမ္မတကြီးက သော်လည်းကောင်း ပြန်ခေါ်ပြီးတော့မှ ပြောင်းလဲ တာဝန်ပေးမှ ရမယ့်အတွက် ဒီကိစ္စကို ကာကွယ်ရေး ဦးစီးချုပ်နဲ့ နိုင်ငံတော် သမ္မတကြီးထံ တင်ပြရုံမှလွဲပြီး ကျွန်တော်တို့ လုံးဝ မစွမ်းဆောင်နိုင်ဘူး ဆိုတာ တိတိလင်းလင်း ပြန်ဖြေကြားပါတယ်။

သံတော်ဆင့်- ကျွန်တော်တို့မေးတဲ့ မေးခွန်းမှာ ဘယ်လို ဆောင်ရွက်သွားမလဲ ဆိုတာ သိချင်တာပါ။ အခုသမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်ဆီ တင်ပြရုံ ဆိုတော့ တင်ပြ သွားမလား။

မြန်မာပို့စ်- ဒီကိစ္စကို လွှတ်တော်မှာ ပြောဖူးတဲ့ ဦးစောအောင်ကျော်နိုင် ဖြေကြား ပေးစေချင်ပါတယ်။

ဦးစောအောင်ကျော်နိုင်- ခုနက ဦးမန်းကံညွန့် ပြောခဲ့တဲ့ ပုဒ်မအရ ဆဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးမှာ ထူးထူးခြားခြား ကျွန်တော် ကိုယ်တိုင် လွှတ်တော်ကို တင်ပြပြီးပါပြီ။ လွှတ်တော် ကိုယ်စားလှယ်ကနေ ၀န်ကြီးချုပ် အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်ရမယ်။ ဒါ ဥပဒေအရ သွားတာ။ ကျွန်တော်တို့က ဥပဒေပဲ မကျွမ်းလို့လား မသိပါဘူး။ ကျွန်တော်တို့ နိုင်ငံတော်က ဥပဒေ ပညာရှင်တွေကို မေးကြည့်တဲ့အခါ တိုင်းနဲ့ ပြည်နယ်တွေမှာ အားလုံး ဥပဒေနဲ့ အကျုံးဝင်တယ်။ ကရင်ပြည်နယ်ကပဲ ခြွင်းချက်လို ဖြစ်နေတယ်။ (လက်ခုပ်သံများ) အဲဒီလို ခြွင်းချက်ကို ဘယ်လို လုပ်လို့ရမလဲ ဆိုတာ ကျွန်တော် လွှတ်တော်ကို တင်ပြတဲ့အခါ ကျွန်တော့်ကို တင်ပြခွင့် မပြုခဲ့ပါဘူး။ လွှတ်တော်ကလည်း ခွင့်မပြုပါဘူး။ ကာကွယ်ရေး ဦးစီးကလည်း ခွင့်မပြုပါဘူး။ တစ်ခုတော့ ရှိတယ်။ အရင်က ပယက ဥက္ကဋ္ဌလုပ်ခဲ့တော့ ၀န်ကြီးချုပ်အဖြစ် သင့်တော်ပါတယ် ဆိုပြီး တစ်ချိန်က သင့်တော်တယ်ထင်လို့ ကျွန်တော်တို့ ဆန္ဒပြုခဲ့ ဖူးပါတယ်။ သို့သော် အရင်ပယက ဥက္ကဋ္ဌအဖြစ်ရဲ့ အတွေးအခေါ်၊ စိတ်ဓာတ်လေးတွေဟာ ဒီကနေ့ ဒီမိုကရေစီခေတ်မှာ ၀န်ကြီးချုပ် အဖြစ် နာမည် ပြောင်းသွားပေမယ့် ပယကဥက္ကဋ္ဌဖြစ်တဲ့ ပုံစံမျိုးနဲ့ သူက ပြန်လုပ်နေတယ်။ အဲဒီတော့ ရယ်စရာလေး တစ်ခုလောက် ပြောလိုက်မယ်။ ရယ်စရာဆိုတာ တည့်တည့် ရယ်စရာပါ။ ဥက္ကဋ္ဌဆိုတာ ကျွန်တော်တို့ တောက အမိုးတွေက “အော်ကထား” ခေါ်တယ်။ ကျွန်တော်တို့ ကရင်လို “အော်”က စားတာဗျ။ “ကထား”က စားပိုးနင့်တာနော်။ ဒီတော့ စားပိုးနင့်အောင်စားတာ။ (လက်ခုပ်သံများ) သူနဲ့အတူ စားပိုးနင့်အောင် လိုက်စား နေတဲ့ ခရိုနီတွေရော၊ ဒီကနေ့ အစိုးရအဖွဲ့တွေပါ၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဆန့်ကျင် နေသရွေ့ စားပိုးကို နင်လိမ့်မယ်လို့ ကျွန်တော် ပြောချင်တယ်။

သံတော်ဆင့်- ကျွန်တော်တို့ မေးတဲ့ မေးခွန်းရဲ့ တိုက်ရိုက် အဖြေတွေ မဟုတ်ပါဘူး။ ခုနက အားကစားကွင်း ကိစ္စ ပြောတုန်းက ဦးမန်းကံညွန့်က ပြောသွားပါတယ်။ အမိန့်၊ ဥပဒေတွေအရ လုပ်လို့မရရင် ပြည် သူ့ဆန္ဒနဲ့ လုပ်သွားမယ်ဆိုတော့ အခုလွှတ်တော်မှာလည်း တင်လို့မရတော့ ပြည်သူတွေက တကယ်ဆန္ဒရှိနေရင် ဒီကိစ္စမှာရော ဦးမန်းကံညွန့် ပြောသလို ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါသလား။ အဖြေတစ်ခုကို ကျွန်တော်တို့ တိတိကျကျ သိချင်ပါတယ်။ ဒါမှမဟုတ် ဘယ်လို ဆောင်ရွက်သွားဖို့ ရှိ/မရှိ။

ဦးမန်းကံညွန့်- ပြည်သူအများ ရှေ့မှောက်မှာ ကျွန်တော် ပြောပါ့မယ်။ ဒီကိစ္စကို ကျွန်တော်တို့ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက် နေပါတယ်။ ပြည်သူ သိတာရှိတယ်။ ပြည်သူ မသိတာရှိတယ်။ အဲဒီလို ပုံစံမျိုးနဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ ဒီကနေ့ အထိတော့ မအောင်မြင်သေးဘူး။ အဲဒီတော့ ကျွန်တော်လည်း ပြောထားပြီးပြီ။ ကျွန်တော်တို့ ပြည်နယ်မှာမှ တိုင်းနဲ့ ပြည်နယ်တွေမှာ ကျန်တဲ့ ပြည်နယ်တွေမှာ အဲဒီပြည်နယ် လူမျိုးက ၀န်ကြီးချုပ်အဖြစ် တာဝန်ယူနေပြီး ကျွန်တော်တို့ ပြည်နယ်မှာ ကရင်တိုင်းရင်းသား မဟုတ်တဲ့အတွက် အများ ကဲ့ရဲ့ခြင်းကို ခံနေရပါတယ်။ ဒါကို ကျွန်တော်တို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတယ် ဆိုတာက လွဲပြီးတော့ ကျွန်တော်တို့ ဒီ့ထက် ပွင့်ပွင့်လင်လင်း မဖြေနိုင် သေးပါဘူးလို့ပဲ ပြောပါရစေ။

မြန်မာသံတော်ဆင့်

No comments:

Post a Comment