Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 31, 2013

စိနစာပေ ခြေတစ်လှမ်း

စီးပွားရေးပြီးနောက် နောက်ထပ် မျက်နှာစာသစ်တစ်ခု ထပ်ဖွင့်ထားသည်။ ပေါပေါများများ မဟုတ်သော်လည်း တရုတ်သတင်းစာများ ပြည်တွင်းတွင် အတန်အသင့် နေရာယူလာသည်မှာ အတော်အတန်ကြာပြီ ဖြစ်သည်။ တစ်ခါတစ်ရံ ဈေးဝယ်စင်တာများတွင် တွေ့ရတတ်သည်။ တစ်ခါတစ်ရံ စာအုပ်ဆိုင်ကြီးများတွင် ဖတ်နိုင်သည်။ ယင်းတို့အနက် ရွှေဇာမဏီလည်း အပါအဝင်ဖြစ်သည်။
မြန်မာနိုင်ငံ၌ တရုတ်ဘာသာဖြင့် သတင်းစာ ထုတ်ဝေခွင့်ကို ရွှေဇာမဏီ အမည်ဖြင့် အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်းမှ စတင်ကာ တရားဝင် ထုတ်ဝေခွင့်ပြုခဲ့သည်။
လတ်တလောတွင် ပြည်တွင်း မီဒီယာသို့ တရားဝင် ခွင့်ပြုထားသည့် တရုတ် ဘာသာစကားသုံး အပတ်စဉ်ထုတ် ဂျာနယ် အရေအတွက်မှာ ရွှေဇာမဏီ ဂျာနယ်တစ်စောင်မျှသာ ရှိသေးသည်ဟု ရွှေဇာမဏီဂျာနယ်၏ မန်နေဂျာ ဒေါ်ချိုသက်ထွန်းက ဆိုသည်။

“အခု ကျွန်မတို့ဂျာနယ်က အစောင် ၁၆၀ လောက်ရှိပြီ။ တရားဝင် ခွင့်ပြုချက် တင်ပြီးလုပ်တာက ကျွန်မတို့ဂျာနယ် တစ်ခုလောက်ပဲ ရှိတယ်။ ကျန်တဲ့ သတင်းစာတွေကတော့ ခွင့်ပြုချက် ရှိလားမရှိလား မသိဘူး။ စင်ကာပူနဲ့ ထိုင်းကနေ လာတဲ့သတင်းစာတွေ များတယ်။ The University သတင်းစာကတော့ ထိုင်းကလာတာ” ဟု ၎င်းကဆိုသည်။

တရုတ်ဘာသာသုံး ထုတ်ဝေသည့် ရွှေဇာမဏီဂျာနယ်ကို မြန်မာနိုင်ငံသို့ စီးပွားရေး ရင်းနှီးမြှုပ်နှံရန် လာရောက်သည့် တရုတ်လူမျိုးများကို ပြည်တွင်း၏ ပကတိ အခြေအနေနှင့် စီးပွားရေးအကြောင်း အရာများကို သိရှိစေနိုင်ရန်နှင့် မြန်မာနိုင်ငံရှိ တရုတ်စာပေ လေ့လာသူများ ဖတ်ရှု လေ့လာစေရန် ရည်ရွယ်၍ ထုတ်ဝေခြင်း ဖြစ်ကြောင်း အဆိုပါ မီဒီယာ တာဝန်ရှိသူ ဒေါ်ချိုသက်ထွန်းက ပြောကြားသည်။
“ကျွန်တော်ကတော့ စီးပွားရေးအရ သူတို့တွေ ထုတ်တယ်လို မမြင်ပါဘူး။ နိုင်ငံတော်ကနေ တရားဝင် ထုတ်ဝေခွင့် ပြုထားတဲ့အတွက် မြန်မာနိုင်ငံရောက် စိနတွေနဲ့ တရုတ်စာ လေ့လာတဲ့သူတွေ ဖတ် ဖို့လောက်ပဲ ထုတ်တယ်လို့ ထင်တယ်” ဟု ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းက မှတ်ချက်ပြု ပြောကြားသည်။

၂၀၀၀ ပြည့်နှစ်မတိုင်မီ အချိန်များတွင် တမီလ်ဘာသာဖြင့် စာစောင်များ ထွက်ခဲ့ဖူးပြီး လတ်တလောတွင် အခြားဘာသာဖြင့် ထုတ်ဝေသော ဂျာနယ်သတင်းစာများ မရှိသေးကြောင်း ၎င်းကဆိုသည်။
လက်ရှိဂျာနယ်နှင့် သတင်းစာ ဈေးကွက်တွင်မူ တရုတ်ဘာသာဖြင့် ထုတ်ဝေ ဖြန့်ချိသည့် သတင်းစာနှင့် ဂျာနယ်စောင်ရေသည် သုံးစောင်ခန့်ရှိပြီး ဈေးကွက် အရောင်းရှိရုံမျှ အနေအထားတွင်သာ ရှိကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ဂျာနယ် ဖြန့်ချိရောင်းချသူ အသိုင်းအဝိုင်းအတွင်းမှ သိရသည်။
အဆိုပါ သတင်းစာနှစ်စောင်မှာ The University နှင့် World News ဟူ၍ ဖြစ်ပြီး ဂျာနယ်မှာ ရွှေဇာမဏီ ဖြစ်သည်။

“တရုတ်ဂျာနယ် ကတော့ ရွှေဇာမဏီကိုတော့ တင်တယ်။ အဲဒီဂျာနယ်ကလည်း သိပ်ရောင်း မကောင်းပါဘူး။ တစ်ပတ်ကို အစောင် ၂၀ လောက်ပဲ တင်တယ်။ တရုတ်လူမျိုးတွေပဲ ဖတ်ကြတာကို အများစုက နားမလည်တော့ ဘယ်ဖတ်ကြမှာလဲ” ဟု ဆင်တောင်ကြီးစာပေ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း The University အမည်ရ တရုတ်ဘာသာဖြင့် နေ့စဉ်ထုတ်သတင်းစာ တစ်စောင် တိုးလာသည်။

ယခင်က တစ်လတစ်ကြိမ် ထုတ်ဝေခဲ့သော ရွှေဇာမဏီဂျာနယ်မှာ အပတ်စဉ်အဖြစ် ထုတ်ဝေလာပြီး The University သတင်းစာကိုမူ တရုတ်မှ လေယာဉ်ဖြင့် တိုက်ရိုက်ပို့ခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော် ၂၄ လမ်းရှိ ဂျာနယ် ရောင်းချသူ တရုတ်အနွယ်ဝင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးက ပြောကြားသည်။ “တရုတ်စာတတ်တဲ့ သူအချို့ပြောတာကတော့ အခုသတင်းစာ (The University သတင်းစာ) က နယ်ပယ်စုံ ကဏ္ဍစုံတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ရန်ကုန်မြို့တော် စာနယ်ဇင်း ဈေးကွက်၌ တင်ရောင်းလျက်ရှိသော တရုတ်သတင်းစာနှင့် ဂျာနယ်များကို တစ်စောင်လျှင် ကျပ် ၄၀၀ ခန့်ဈေးဖြင့် ပေး၍ ၆၀၀ ကျပ်နှုန်းဖြင့် ပြန်လည် ရောင်းချခွင့် ပြုထားပြီး တစ်လတစ်ကြိမ် သတင်းစာဖိုး ငွေသိမ်းလေ့ ရှိကြောင်း ရန်ကုန်မြို့တော် ၃၁ လမ်းအခြေစိုက် ဂျာနယ်ရောင်းချသူ ဦးအေကေက ပြောကြားသည်။

လက်ရှိ တရုတ်သတင်းစာ များသည် အစောင်ရေများစွာ မရောင်းရသေးသော်လည်း လသားခန့်သာ ရှိသေးသော မြန်မာ့ သတင်းစာဈေးကွက် အတွင်းကို အမြတ်မကြည့်ဘဲ စတင်ချင်းနင်း ဝင်ရောက်လာပြီ ဖြစ်သည်။

အဆိုပါ တရုတ်ဂျာနယ်နှင့် သတင်းစာများကို တစ်စောင်လျင် ကျပ် ၆၀၀ ခန့်မှ ကျပ် ၁၀၀၀ ခန့်ထိ ရောင်းချလျက်ရှိရာ လတ်တလောတွင် ဝယ်ယူဖတ်ရှုသူ အများစုသည် မြန်မာပြည်ဖွား စိနအနွယ်ဝင် များနှင့် တရုတ်စာပေကို သင်ယူလျက်ရှိသူ မြန်မာကျောင်းသား အချို့က ဝယ်ယူဖတ်ရှုလျက် ရှိကြောင်း အဆိုပါဂျာနယ် ဖြန့်ချိရောင်းချသူများက ပြောကြားသည်။

လက်ရှိတွင် ဘာသာစကား အခက်အခဲကြောင့် တရုတ်သတင်းစာနှင့် ဂျာနယ် ရောင်းအားမှာ အားရစရာ မကောင်းသော်လည်း ပြည်တွင်း၌ တရုတ်စာပေ လေ့လာလိုက်စားသူ မြန်မာများအကြား ရပ်တည်လာနိုင်ခြေ ရှိသည်ဟု ရန်ကုန်မြို့တော်အခြေစိုက် သတင်းစာနှင့် ဂျာနယ်ရောင်းချသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
ဖတ်ရှုသူအများစုမှာ နိုင်ငံခြားသားများနှင့် လတ်တလော တရုတ်စာ လေ့လာ လိုက်စားလျက်ရှိသော ကျောင်းသားများသာ အဓိကဝယ်ဖတ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် ၂၄ လမ်းတွင် ဂျာနယ် ရောင်းချသူများက ပြောကြားသည်။

“မြန်မာတွေကတော့ သူတို့စာမှ မတတ်တာ ဘယ်လိုလုပ် ဖတ်မှာလဲ။ ဘာသာစကား အခက်အခဲကြောင့် ကျွန်တော်ကတော့ မြန်မာ့စာပေလောကကို ထိုးဖောက်နိုင်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သူတို့စာမတတ်လို့။ သူတို့ စာတတ်တဲ့ လူကလည်း သူတို့လူမျိုးလောက်ပဲ ရှိတယ်လေ” ဟု ဦးကျော်မျိုးက သုံးသပ်သည်။

လူဦးရေ သန်း ၆၀ ရှိ မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်လျက်ရှိသော တရုတ်လူမျိုး ဦးရေမှာ ၁ ဒသမ ၆ သန်း ခန့် ရှိကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စိနတိုင်း သား တို့သည် ၎င်းတို့၏ ဘာသာစကားကို ကမ္ဘာသုံးစကားအဖြစ် ရပ်တည်လာနိုင်ရန် အသက် သွင်းလို ကြသူများလည်း ဖြစ်သည်။ တရုတ်ဘာသာကို ကမ္ဘာသုံးဘာသာ ဖြစ်ရေးသည် စိနတို့၏ အိပ်မက်။

တရုတ်ဘာသာစကား ကမ္ဘာကို လွှမ်းခြုံနိုင်ရေးအတွက် စိနတိုင်းသားတို့ ရှိရာ ဒေသတိုင်း၌ လုံ့လစိုက်ကြသူများ လည်းဖြစ်ရာ ၎င်းတို့၏ ဘာသာစကားကို အလေးထားနိုင်၊ အသုံးပြုနိုင်ရန် အတွက် ယင်းနိုင်ငံ၏ စာသုံးကျောင်းသုံး စာများတွင် အင်္ဂလိပ်ဘာသာကိုပင် နေရာပေးထားခြင်း မရှိဟု အဆိုပါ နိုင်ငံသို့ အကြိမ်ကြိမ် သွားရောက် လေ့လာခဲ့သော ရန်ကုန်မြို့တော်အခြေစိုက် နာမည်ကြီး တရုတ်ဆေးဝါး ဖြန့်ချိ ရောင်းချရေး လုပ်ငန်းစုတစ်ခု၏ အဖွဲ့ဝင် ဆရာဝန်တစ်ဦးက ပြောကြားသည်။

“သူတို့ရဲ့ ကျောင်းသင်ခန်းစာ တွေမှာလည်း အင်္ဂလိပ်စာကို ထည့်သွင်း သင်ကြားလေ့ မရှိတာကြောင့် သူတို့က အင်္ဂလိပ်စကားကို ထမင်းစားရေသောက်တောင် မပြောနိုင်ဘူး။ မပြောကြဘူး။ သူတို့ မိခင်ဘာသာစကား ကိုပဲ စွဲစွဲမြဲမြဲ ပြောတတ်ကြပါတယ်။ တခြားနိုင်ငံတွေအထိ သူတို့ ဘာသာစကားကို ထိုးဖောက်ချင်ကြတယ်။ တရုတ်အများစုက နိုင်ငံခြားမှာ နေပေမယ့် သူတို့ဘာသာစကားကို ကောင်းကောင်း တတ်ကျွမ်းတဲ့လူ များတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာနှင့် ဂျာနယ်များ ရှိလာခြင်းသည် ပြည်တွင်းရှိ ဘာသာစကား လေ့လာသူများအတွက် အခွင့်အရေးကောင်း တစ်ရပ်ဆိုသော်လည်း မြန်မာစာပေ အရှည်တည်တံ့ရေး အတွက်မူ စိန်ခေါ်ချက် ဖြစ်လာနိုင်သည်ဟု မြန်မာစာပေလောကသား အချို့က ဆိုသည်။

ပြည်တွင်းပင်မ စီးပွားရေး လုပ်ငန်းခွင်များသည် စိနတိုင်းသားတို့၏ လက်နှင့် လွှတ်သည့် လုပ်ငန်းဟူ၍ မရှိသလောက်။ ယင်းနောက် စာပေဘက်သို့ စိနတို့တစ်စစ လှမ်းလာကြသည်။

ဟိန်းမြတ်စိုး
The Voice Weekly

No comments:

Post a Comment