Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 6, 2013

လူသတ်မှုဖြင့် စွပ်စွဲခံထားရသည့်တပ်မတော်သားသုံးဦးကိုရာထူးနှင့်လဲ၍ ကာကွယ်မည်ဟု ပြည်ဒကစမှုး ဗိုလ်မှူးကြီး မြင့်အောင် ပြောကြား -



ပြည်မြို့၊ န၀ဒေး တံတား အောက်တွင် ချိန်းတွေ့ နေကြသော သမီး ရည်းစား စုံတွဲထံမှ ပစ္စည်းယူ လူသတ်မှုသည် စွပ်စွဲ ခံနေရသူ တပ်မတော်သား သုံးဦးနှင့် မသက်ဆိုင် ကြောင်း၊ ၄င်းတို့ သုံးဦးအား မိမိရာထူးနှင့် လဲ၍ ကာကွယ်ပေး သွားမည် ဖြစ်ကြောင်း ပြည်မြို့ ဒေသ ကွပ်ကဲမှု စစ်ဌာန ချုပ်မှူး ဗိုလ်မှူးကြီး မြင့်အောင်က ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက် က ပြည်မြို့ ဒကစ ရိပ်သာတွင် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ကာယကံရှင် များ၏ မိဘဆွေမျိုး များကို ခေါ်ယူ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ် ပွားရာ နေ့က တပ်မတော်သား သုံးဦး အနေဖြင့် ညနေ တန်းစီချိန်တွင် တပ်ထဲ၌ ရှိနေကြောင်း တပ်ကြပ်ကြီး တစ်ဦးထံမှ ပိုက်ဆံ ၂၀၀၀၀ ချေးပြီး ဘုရားကြီး အနောက်စောင်း တန်းသို့ သွားရာတွင် လူမြင် မခံရဲသဖြင့် အောက်လမ်းက သွားရာမှ ယခုကဲ့သို့ စွပ်စွဲ ဖမ်းဆီးခံရ ခြင်းဖြစ်သည်ကို သက်သေများဖြင့် တင်ပြ ရှင်းလင်းနိုင်ကြောင်း ဗိုလ်မှူး ကြီးမြင့်အောင်က ပြောကြားခဲ့သည်ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ ဦးမြင့်ကိုက မြန်မာပို့စ်သို့ ပြန်လည် ဖြေကြားခဲ့သည်။

ထို့ပြင် ဗိုလ်မှူးကြီး မြင့်အောင်က သူ၏ တပ်မတော် သားများကို သူ့ ရာထူးနှင့် လဲပြီး ကာကွယ်သွားမည် ဖြစ်ကြောင်း၊ ခိုင်လုံသည့် အထောက်အထား မပြနိုင်ပါက သူ့ လူများကို မလွှဲပေး နိုင်ကြောင်း၊ မှုခင်း ရဲတပ်ဖွဲ့ အနေဖြင့် ခိုင်လုံသည့် အထောက် အထားပြမှသာ လွှဲပေး မည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ယင်း တပ်မတော်သား သုံးဦးအား တပ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် ထောင်သုံးလ အမိန့်ချထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ထွက်ပြေးတဲ့ သူက ဒီပွဲကျမှ တပ်သား သန်းဝင်းအောင် ဆိုပြီး ပေါ် လာတာလေ။ နဂိုတုန်းက တပ်သား ရဲကိုဦးနဲ့ သန်းထိုက်အောင် နှစ် ယောက်ပဲ အရင် ပေးထားပြီးတော့ ထွက်ပြေးတဲ့ တပ်သား သန်းဝင်း အောင် အနေနဲ့ မူမှန်ရင် ထွက်ပြေး စရာ မလိုဘူးလေ"ဟု ဦးမြင့်ကိုက မှတ်ချက်ပြု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်ကဖြစ်ပွားခဲ့သော ယင်းအမှု အပေါ် အရေးယူမှု နှောင့်နှေးကြန့်ကြာ နေခြင်းနှင့် ပတ်သက်၍ ဒေသခံ များက စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ လက်မှတ်များစတင် ကောက်ခံ နေချိန်တွင် အဆိုပါရှင်းလင်းပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သံလွင်ခက် လူထုအခြေပြု အဖွဲ့မှ ကိုမင်းမင်းက "ဒီလို မသက်ဆိုင်ဘူး လို့ သူတို့ ရှင်းလင်းပွဲ လုပ်တယ်ဆို အားလုံးကို ဖိတ်ကြားပြီးတော့ ပွင့်ပွင့် လင်းလင်း ရှင်းလင်းရင် အကောင်း ဆုံးပဲ။ အခုတော့ ပွင့်လင်း မြင်သာမှု မရှိဘဲနဲ့ ကိုယ့်ဟာကိုယ် ဖန်တီးထား ပြီး ကိုယ်ပြော တာကို ပြန်မပြော ရဲတဲ့ လူတွေကိုပဲ ခေါ်ပြီးပြောတာ။ ဘာမှ ထူးခြားမှု ရမှာမဟုတ်ဘူး"ဟု သုံးသပ် ပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ပြည်မြို့နယ် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်လင်း ကလည်း အမှု မှန်ပေါ်ပေါက် စေရန်အတွက် အမြန်ဆုံး တောင်းဆို သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက် ည ၉ နာရီခန့်က ပြည်မြို့ န၀ဒေး တံတားအောက်တွင် သမီးရည်းစား စုံတွဲ ချိန်းတွေ့နေသည့် အချိန် လူသုံး ယောက်မှ လုယက်ရာတွင် အမျိုး သားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုး သမီးမှာ ဒဏ်ရာ များစွာဖြင့် ပြည် ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ ရသည်။

Classic Burma News

No comments:

Post a Comment