Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 15, 2013

ဗုံးများတွေ့ရှိနေခြင်းသည် တမင်လုပ်ဆောင် နေခြင်းဖြစ်ပြီး လမ်းလွဲရောက်ရှိသွားနိုင်သည့် ထောင်ချောက်ထဲသို့ မ၀င်ရောက်မိစေရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး



ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ အပါအ၀င် နေရာတော်တော် များများ၌ ဗုံးများတွေ့ရှိ နေရခြင်းသည် ပြည်သူများအကြား အကြောက်အလန့်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်စေရန်အတွက် တမင်ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၅ ရက်က ဝေဖန်ပြောကြားသည်။

ထိုသို့ ဗုံးများတွေ့ရှိ နေရခြင်းကြောင့် ပြည်သူများ ကြောက်လန့်မှုများ ဖြစ်ပွားအောင် လုပ်နေခြင်းကြောင့် စိုးရိမ်လွန်ကဲမှု မဖြစ်စေဘဲ လမ်းလွဲသို့ ရောက်ရှိသွားနိုင်သည့် ထောင်ချောက်ထဲသို့ မ၀င်မိစေရန် သတိထားရန် လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့။ ဗုံးတွေဘာတွေ ဖြစ်တယ်ဆိုတော့။ ဒါပေမဲ့ အမေကတော့ ယုံကြည်တယ်။ အမေတို့ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်မှာပါ။ ဒါတွေက တမင်ပေါ့နော် လှုပ်လှုပ်ရှားရှား ဖြစ်အောင်လို့ ဆွတာဆိုတော့ အဲဒီ့ထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ တမင် စိတ်လှုပ်ရှားအောင် လန့်ဖျတ်အောင် လမ်းလွဲအောင် တမင်လုပ်တာဆိုတော့ ဒီထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်ဖို့ လိုတယ်။ ဒါကို သတိတော့ ထားရမှာပေါ့။ စိုးရိမ်မှု လွန်ကဲနေလို့တော့ ဘယ်ဖြစ်မလဲ။ လူများတဲ့ နေရာသွားရင် အန္တရာယ် ဖြစ်မလားဆိုတာ စိုးရိမ်လာရတာပေါ့။ သတိရှိတာတော့ မမှားပါဘူး။ ဒါပေမဲ့ အစိုးရိမ် လွန်နေလို့တော့လည်း မကောင်းဘူး။ ဘာပဲပြောပြော မဇ္ဈိမပဋိပဒါပေါ့" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုအပေါ် အာရုံပြောင်းစေရန် အဖွဲ့အစည်း တစ်ခုခုက လုပ်ဆောင်နေသည်ဟု ထင်ပါသလားဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က "အဲဒါလည်း ဖြစ်နိုင်တာပေါ့။ ပြောလို့တော့ မရဘူးပေါ့နော်။ ဒါက အုပ်ချုပ်ရေးပိုင်း ဆိုင်ရာက ဘယ်သူတွေ လုပ်တာလဲဆိုတာ ဖော်ထုတ်ပေးမှ ဖြစ်မှာပေါ့။ မှန်းခြေနဲ့ သိပ်စဉ်းစားနေရင် တစ်ခါတလေ မဖြစ်သင့်တာတွေ ဖြစ်သွားလိမ့်မယ် တင်းမာမှုတွေ ဖြစ်သွားနိုင်မယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက "ဒါကတော့ ဗုံးခွဲတဲ့ အဖွဲ့အစည်းဆိုမှတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့။ ဗုံးတွေနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းပဲ ဖြစ်မှာပေါ့" ဟု ဗုံးများတွေ့ရှိနေရခြင်းမှာ မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်နေသည်ဟု ယူဆ၍ ရပါသနည်းဟူသော မေးခွန်းကို ဖြေကြားခဲ့ပြီး ပြည်တွင်းပြည်ပမှ ဆိုသည်မှာ စစ်ဆေးမှု ပေါ်ပေါက်လျှင် သိရှိနိုင်မည်ဟု ဖြေကြားခဲ့သည်။


အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment