Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 31, 2013

မော်တော်ယာဉ်တန်းဖြင့် ဥရောပလူမျိုး ခရီးသွား ၁၈ ဦးမှာ ရန်ကုန်-တောင်ငူ-နေပြည်တော်-ပင်းတယ-အင်းလေး- ကလော-ပုပ္ပါး-ပုဂံ-မကွေး-ပြည်-ရန်ကုန် ခရီးစဉ်အတိုင်း တစ်လနီးပါး လည်ပတ်မည်



ဗြိတိန်၊ ဘယ်ဂျီယံနိုင်ငံများမှ ခေတ်ဟောင်း မော်တော်ယာဉ် ကိုးစီးဖြင့် နိုင်ငံခြားသားဧည့်သည် ၁၈ ဦး ပါဝင်သော မော်တော်ယာဉ်တန်းသည် အောက်တိုဘာ ၃၀ ရက်တွင် နေပြည်တော်သို့ ရောက်ရှိ လည်ပတ်ခဲ့ပြီး နိုဝင်ဘာ ၂ ရက်မှ ၁၇ ရက်အထိ အင်းလေး၊ ကလော၊ ပုပ္ပါး၊ ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ ပုဂံ၊ မကွေး၊ ပြည် ခရီးစဉ်အတိုင်း ယင်းခရီးသွားများ ကိုယ်တိုင် မောင်းနှင်ကာ ယာဉ်တန်းဖြင့် ဆက်လက် သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

''ယာဉ်တွေကိုတော့ သဘောင်္နဲ့ သယ်လာတာပါ။ နိုင်ငံခြားသား ဧည့်သည်တွေကတော့ လေယာဉ်နဲ့ပဲ လာကြတာပါ။ ဖျာပုံ-ဘိုကလေး-ကျိုက်လတ် ခရီးစဉ်ကို နိုင်ငံခြား ၁၈ ဦးထဲက လေးဦးက စောရောက်နေတာနဲ့ သွားလည်ခဲ့ကြသေးတယ်။ သူတို့အဖွဲ့ အကုန်လုံး ယာဉ်တန်းနဲ့ စထွက်ဖြစ်တာကတော့ အောက်တိုဘာ ၂၈ ရက်မှပါ။ သူတို့ ၁၈ ယောက်လုံး ရန်ကုန်ကနေ ပဲခူး-တောင်ငူကို Rolls Royce, Buick, Mercedes, Land Rover, Porsche, Bentley Toyota အမျိုးအစား ယာဉ်ကိုးစီးနဲ့ အထောက်အကူပြုယာဉ်၊ အုပ်ချုပ်မှုယာဉ်တွေနဲ့ မောင်းပြီး လာရောက်ခဲ့ ကြပါတယ်။ ယာဉ်တွေက ဟောင်းနေတော့ လမ်းမှာ စက်ချို့ယွင်းတာတွေလည်း ဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့ သူတို့မှာက စက်ပြင်သမားတွေ နှစ်ယောက်လည်း ပါပြီးသားပါ။ အရေးပေါ် လူနာတင်ယာဉ် တွေလည်းပါတယ်။ အခု နေပြည်တော်မှာတောင် ယာဉ်တစ်စီး စက်ပြင်နေလို့ ကျန်နေခဲ့သေးတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဦးက ပြောကြားသည်။

အဆိုပါ ခရီးသွားများမှာ အောက်တိုဘာ ၃၁ ရက်တွင် နေပြည်တော်မှ ပင်းတယသို့ ထွက်ခွာခဲ့ပြီး မြန်မာပြည် အထက်ပိုင်းသို့ ခရီးစဉ် စတင်မည်ဖြစ်သည်။ အဆိုပါ နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်ရခြင်း အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တောတောင်ရေမြေ အလှအပ၊ သဘာဝရှု ခင်းများကို ကြည့်ရှုခံစားပြီး မြန်မာလူမျိုးများ၏ ပျုငှာဖော်ရွေသည့် ချစ်စရာ ဓလေ့စရိုက်များနှင့် ရိုးရာယဉ်ကျေးမှု အနုပညာများ၊ ရိုးရာလက်မှု ပညာများကို လေ့လာကြည့်နိုင်ရန်အပြင် မြန်မာနိုင်ငံ၏ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည့် စီးပွားရေး ကဏ္ဍများကို လေ့လာနိုင်ရန်အတွက် မြန်မာနိုင်ငံကို ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

''တခြားနိုင်ငံတွေမှာ မတွေ့ရတဲ့ မြန်မာလူမျိုးတွေရဲ့ တစ်စုံတစ်ခု အတွက် မျှော်လင့်ချက်မရှိဘဲ ဖော်ရွေတဲ့ အပြုံးကို သဘောကျပါတယ်။ လမ်းတစ်လျှောက်က ရွာတွေကို ဖြတ်လာတုန်းကလည်း ပြုံးရွှင်ဖော်ရွေ နှုတ်ဆက်တဲ့အတွက် ၀မ်းသာမိပါတယ်။ နောက်ပြီး နေပြည်တော်က ပြည်သူ့လွှတ်တော် ၀န်းကျင်ကို လေ့လာတော့ မော်တော်ယာဉ် ၁၀ စီး လောက် ယှဉ်မောင်းလို့ရတဲ့ ဒီလိုလမ်းမကြီးမျိုး မတွေ့ပါဘူး'' ဟု ပြင်သစ်လူမျိုး Mr. Frederic Loveleff က ပြောကြားသည်။

အဆိုပါ နိုင်ငံခြားသားထဲတွင် ပြင်သစ်၊ ဆွစ်လူမျိုး အနည်းငယ်သာ ပါဝင်ကာ ဗြိတိန်နှင့် ဘယ်လ်ဂျီယံလူမျိုး အများစု ပါဝင်ကြောင်း သိရသည်။ ယင်းခရီးသွား ဧည့်သည်များမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အောက်တိုဘာ ၂၃ ရက်တွင် ရောက်ရှိကာ မြန်မာနိုင်ငံအနှံ့သို့ မော်တော်ယာဉ်တန်းဖြင့် တစ်လနီးပါး ကြာမြင့်စွာ လည်ပတ်ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့မှ ဥရောပသို့ လေကြောင်းလိုင်းဖြင့် ပြန်လည် ထွက်ခွာမည်ဖြစ်ပြီး မော်တော်ယာဉ်များကို သင်္ဘောဖြင့် ပြန်လည်တင်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်တန်းများဖြင့် လာရောက်သော နိုင်ငံခြားသားများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် တွေ့ဆုံနှုတ်ဆက်စဉ်

EMG

No comments:

Post a Comment