CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, October 12, 2013
အသက် ၁၈ နှစ်မပြည့်ပါက တပ်မတော်မှ လက်မခံပါ
တပ်မတော်တွင် ကလေးစစ်သား မရှိကြောင်း အာမခံနိုင်သည့် အဆင့်ရောက်အောင် ကြိုးစားနေဟု ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား
အခက်အခဲအချို့ ရှိနေသေးသော်လည်း တပ်မတော်တွင် ကလေးစစ်သား မရှိကြောင်း၊ အာမခံနိုင်သည့် အဆင့်ရောက်အောင် ကြိုးစားနေသည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်ခဲ့သော အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တပ်မတော် အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ချမှတ်ထားသော မူဝါဒ ခြောက်ချက်နှင့် စပ်လျဉ်း၍ သတင်းထောက်များအား ရှင်းလင်းစဉ် ကလေးစစ်သား အရေးနှင့် ပတ်သက်ပြီး ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
"ဒီနေ့ တပ်မတော်မှာ Child Soldier မရှိပါဘူးဆိုတဲ့ အဆင့်ရောက်အောင် ကြိုးစားနေတယ်။ လုံးဝ အပြီးအစီးတော့ မဖြစ်သေးဘူး။ တချို့နေရာတွေမှာ ပြဿနာလေးတွေ ရှိသေးတယ်။ တချို့က ၀င်လာတုန်းကတော့ ၁၈ နှစ်ပြည့်ပြီးပြီဆိုပြီး ၀င်လာတယ်။ မိဘက လိုက်လာတဲ့ အခါကျတော့ ၁၈ နှစ် မပြည့်သေးပါဘူး။ (၁၆)နှစ်ပဲ ရှိပါသေးတယ် ဆိုတာမျိုးလေးတွေ ရှိတယ်။ မှတ်ပုံတင် မလုပ်နိုင်တဲ့ အခက်အခဲပေါ့။ အဲဒီလို ကလေးစစ်သား မရှိပါဘူးဆိုတဲ့ နိုင်ငံတကာ ဥပဒေကို တပ်မတော် တစ်ခုတည်း သာမကပဲ တိုင်းရင်းသား တပ်ဖွဲ့တွေမှာ မလိုက်နာနိုင်တာတွေ ရှိတယ်။ အလားတူပဲ ဆက်ကြေးကောက်တယ်။ မိုင်းခွဲတယ်။ ဒါတွေဟာ ဘာလဲဆိုတော့ တည်ဆဲဥပဒေကို မလိုက်နာနိုင်တာပဲ။ တပ်မတော်သည်လည်း ဥပဒေကို မလိုက်နာရင် တိတိကျကျ အရေးယူသလို အခြားတပ်ဖွဲ့တွေကလည်း အရေးယူဖို့ လိုပါတယ်။ ဒါမှသာ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မှာ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ အောက်တိုဘာ ၁၀ ရက်က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် ခုနစ်ချက်တွင် ပါဝင်သော ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များတွင် နှစ်ဖက်လိုက်နာရန် အချက် ၁၈ ချက်တွင်လည်း ကလေးငယ်များအား သတ်ဖြတ်ခြင်းနှင့် ကိုယ်အင်္ဂါ ဖြတ်တောက်ခြင်း၊ ကလေးစစ်သားအဖြစ် စုဆောင်း၊ စစ်မှုထမ်းစေခြင်း၊ အဓမ္မ ပြုခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ဖမ်းဆီးခေါ်ဆောင်ခြင်းများ မပြုလုပ်ရန်ဟု ထည့်သွင်းသဘောတူညီ ခဲ့ကြသည်။
"ကျွန်တော်တို့ ကေအိုင်အေမှာ တပ်သားသစ်စုဆောင်းတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ လိုက်နာတာ ရှိသလို မလိုက်နာတာလည်း ရှိပါတယ်။ အထူးသဖြင့်တော့ ကလေးစစ်သားတွေ မပါအောင် ကြိုးစားပါတယ်။ စည်းကမ်းတကျနဲ့ သတ်မှတ်စုဆောင်းတာ မရှိပါဘူး။ ဒီကိစ္စလည်း အခုတစ်ခေါက် joint monitoring မှာ နှစ်ဖက်က သတိထားပြီး ရှောင်ကြဉ်ဖို့ ပါပါတယ်" ဟု ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
မြန်မာအစိုးရ အနေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လအတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး သဘောတူညီချက်ကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းဖြစ်သော CTFRM နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကလေးစစ်သား အသုံးပြုမှု ပပျောက်စေရန် ကြိုးပမ်းလျက် ရှိသည်။
မန္တလေးမြို့ (၇၈) လမ်းပေါ်တွင် စိုက်ထူထားသော ကလေးစစ်သား ပပျောက်ရေး ဆိုင်းဘုတ်အား တွေ့ရစဉ်
Eleven Media Group
အသက် ၁၈ နှစ်မပြည့်ပါက တပ်မတော်မှ လက်မခံပါ
Reviewed by VC
on
October 12, 2013
Rating: 5
Reviewed by VC
on
October 12, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment