Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 23, 2013

ရမ်းဗြဲမြို့ကို လျှပ်စစ်မီးပေးဖို့ လွှတ်တော်မှာ ဒုဝန်ကြီး ကတိပြု



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ကိုအသုံးပြုပြီး ရမ်းဗြဲမြို့နယ်ကို လျှပ်စစ်မီးပေးသွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘထီးက ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကနေထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရမ်းဗြဲမြို့နယ်ကို လျှပ်စစ်မီးပေးဖို့ရှိ၊ မရှိ မေးမြန်းရာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

“ကျောက်ဖြူမှာတည်ဆောက်မယ့် ဂက်စ်တာဘိုင်မှတဆင့် ကျောက်ဖြူ၊ ရမ်းဗြဲ ၆၆ ကေဗွီဓာတ်အားလုံး ၄၁ မိုင်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံထားရှိပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်ရဲ့ ဖြည့်စွက်ရန်ပုံငွေမှာလည်း ထည့်သွင်းလျာထားသည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိပြီးပါက ၄င်းဓာတ်အားလှိုင်းနဲ့ ၆၆ ကေဗွီ၊ ၁၁ ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းကို ရမ်းဗြဲမှာ ၂ဝ၁၄ ခုနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ပြီးတော့ ရမ်းဗြဲမြို့ကို ဓာတ်အားပေးနိုင်ရန် စီမံဆောင်ရွက်ထားရှိသည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်”

လက်ရှိမှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ထွက်ရှိတဲ့သဘာဝဓာတ်ငွေ့နဲ့ စက်ရုံအသေးဆောက်ပြီး ကျောက်ဖြူမြို့အနီးအနား ပတ်ဝန်းကျင်ဒေသကရွာတွေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေကြောင်းလည်း ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ဝရက်နေ့က ရမ်းဗြဲမြို့နယ်ဒေသခံတွေဟာ ကျောက်ဖြူမြို့နယ်နည်းတူ ရမ်းဗြဲမြို့နယ်မှာလည်း ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အလားတူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကလည်း ရခိုင်ပြည်နယ် မြို့နယ်အားလုံးမှာ ၂၄ နာရီ လျှပ်စစ်မီးရရေးအတွက် ရခိုင်ပြည်နယ်အတွင်းမှာ လက်မှတ်တွေ လိုက်လံကောက်ခံပြီး နိုင်ငံတော်အစိုးရထံ တင်ပြသွားဖို့ ပြင်ဆင်နေပါတယ်။

ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပြည်ကို သွယ်တန်းထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အောက်တိုဘာလ ၂ဝ ရက်နေ့က သဘာဝဓါတ်ငွေ့ စတင်လွှတ်နေပြီလို့ တရုတ်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ CNPC က ကြေညာထားပါတယ်။

RFA Burmese

No comments:

Post a Comment