ပန်းမြတ်ဇော် | သောကြာနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၄၀ မိနစ်
ထိုင်းနိုင်ငံအခြေစိုက် Sea Write Award Committer မှ နှစ်စဉ်ပေးအပ်နေကျဖြစ်သော အရှေ့တောင်အာရှ အကောင်းဆုံး ကဗျာဆုကို မြန်မာနိုင်ငံမှ မောင်စိန်ဝင်း (ပုတီးကုန်း)က ရရှိခဲ့ပြီး ယင်းဆုအတွက် အောက်တိုဘာ ၁၄ရက် ထိုင်းနိုင်ငံတွင် သွားရောက်ဆုယူခဲ့သည်ဟု ဆုရရှိသူမောင်စိန်ဝင်း (ပုတီးကုန်း) က အောက်တိုဘာ ၁၆ တွင် မဇ္ဈိမကို ပြောသည်။
ယင်းသို့ဆုပေးနိုင်ရန် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံစာရေးဆရာအသင်းသို့ ဆက်သွယ်ခဲ့ခြင်းဖြစ်ကာ အသင်းအနေဖြင့် ကဗျာဆရာသုံးဦးကို ပဏာမရွေးချယ်ခဲ့ပြီး သုံးဦးအနက်မှ တစ်ဦးကို မဲနှိုက်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်မှ ထိုင်းနိုင်ငံသို့ စာရင်းပို့ပေးခဲ့ပြီး ကဗျာဆုအတွက် မောင်စိန်ဝင်း (ပုတီးကုန်း) က “သောကခြေရာများ” ကဗျာပေါင်းချုပ်စာအုပ်ဖြင့် ဆုရရှိခဲ့ခြင်း ဖြစ်သည်။
ဆုရရှိခြင်းနှင့်ပတ်သက်ပြီး မောင်စိန်ဝင်း(ပုတီးကုံး)က “ဆုရတဲ့အတွက် ၀မ်းသာပါတယ်။ ကိုယ့်စာပေနဲ့ ကိုယ့်ကဗျာကို ကိုယ့်နိုင်ငံအတွင်းအပြင် တခြားနိုင်ငံကပါ သိကုန်တဲ့အတွက် ၀မ်းသာမိတယ်။ ဆရာက တစ်ခါမှ ဆုမရခဲ့ဖူးဘူး။ ဒီဆုက ဆရာ့ဘ၀မှာ ပထမဆုံးရတဲ့ ဆုဖြစ်တယ်။ အဲဒီပွဲမှာ ဆုရတဲ့ ကဗျာဆရာ ၁၀ ယောက်ရဲ့ ကဗျာတွေကို စုပြီး အင်္ဂလိပ်လို ထုတ်ပေးတယ် အဲတာကို လာတဲ့သူတွေကို ဝေပေးခဲ့တယ်။ နောက်ရက်မှာပဲ Nation သတင်းစာက ဆရာ့ကို အင်တာဗျူး လာလုပ်ခဲ့တယ်”ဟု ပြောသည်။
အရှေ့တောင်အာရှ အကောင်းဆုံးကဗျာဆုအတွက် ငွေသားအဖြစ် ဘတ် ၇၀,၀၀၀၊ ထိုင်းဘုရင့်သမီး တော်သီရိဒုံ၏ လက်မှတ်ပါဝင်သော ကတ်ပြားတစ်ခု၊ သစ်သားဖြင့် ထွင်းထားတဲ့ ဆုတံဆိပ်တစ်ခုတို့ ချီးမြှင့်ခြင်း ဖြစ်သည်။
ယင်းဆုအတွက် ပြီးခဲ့သည့်နှစ်က စကားပြေဆုပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ကဗျာဆုပေးခဲ့ခြင်း ဖြစ်သည်။ အရှေ့တောင်အာရှ အကောင်းဆုံးကဗျာဆုအတွက် အချက်သုံးချက်ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကာ ပထမတစ်ချက်သည် နိုင်ငံမှာလူသိများသော ကဗျာဆရာတစ်ဦး ဖြစ်ရမည်။ ဒုတိယတစ်ချက်သည် ယခု အချိန်မှစ၍ ပြီးခဲ့သည့် သုံးနှစ်အတွင်း ကဗျာစာအုပ် ထုတ်ဝေထားသူ ဖြစ်ရမည်။ တတိယအချက်သည် စာအုပ်တွင် အင်္ဂလိပ်ဘာသာပြန်ဆိုထားသည့် ကဗျာပါဝင်ရမည်ဆိုသော အချက်ဖြစ်သည်။
မောင်စိန်ဝင်း(ပုတီးကုန်း)သည် ၁၉၆၅ ခုနှစ်က မဂ္ဂဇင်းများတွင် ကဗျာများ စတင်ရေးသားခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ပထမဆုံး လုံးချင်းဝတ္ထု “ရွှေရက်သစ် ပုလဲညှာရယ်”၀တ္ထုကို စတင်ထုတ်ဝေခဲ့သည်။
လက်ရှိ ကဗျာ၊ ၀တ္ထုတိုများသာ ရေးသားဖြစ်ပြီး လုံးချင်းဝတ္ထု မရေးသားဖြစ်သည်မှာ ငါးနှစ်ခန့် ရှိပြီဖြစ်သည်။ ဆုရရှိခဲ့သော မောင်စိန်ဝင်း(ပုတီးကုန်း)၏ “သောကခြေရာများ”ကဗျာ စာအုပ်သည် ၁၉၈၆ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့ပြီး ၁၂ ကြိမ် ရိုက်နှိပ်ခဲ့ရပြီး ကိုရီးယားနိုင်ငံတွင် တစ်ကြိမ် ရိုက်နှိပ်ခဲ့ရသည်။
အဆိုပါဆုကို ၁၉၇၉ ခုနှစ်တွင် စတင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 17, 2013
ထိုင်းနိုင်ငံမှပေးသော အရှေ့တောင်အာရှ အကောင်းဆုံးကဗျာဆုကို မောင်စိန်ဝင်း (ပုတီးကုန်း)ရရှိ
ထိုင်းနိုင်ငံမှပေးသော အရှေ့တောင်အာရှ အကောင်းဆုံးကဗျာဆုကို မောင်စိန်ဝင်း (ပုတီးကုန်း)ရရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 17, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 17, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment