Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 10, 2013

ဝေဖန်သံများဆူညံခဲ့တဲ့ တစ်ကျော့ပြန် မယ်စကြ၀ဠာမြန်မာ ပြိုင်ပွဲကြီး


နှစ်ပေါင်း ၅၀ ကျော်ကြာပြီးမှ မြန်မာနိုင်ငံမှာ ပြန်လည် ပါဝင်ယှဉ် ပြိုင်ခွင့်ရခဲ့တဲ့ ကမ္ဘာ့မယ်စကြ၀ဠာ
ပြိုင်ပွဲအတွက် ပွဲကြိုအဖြစ် မယ်စကြ၀ဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့် ပြိုင်ပွဲကို
အောက်တိုဘာ ၃ ရက်နေ့ ညက အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပြီး ဒိုင်တွေ ရွေးချယ်ပေးတဲ့
သရဖူဆုနဲ့ ပရိသတ် ရွေးချယ်ပြီးပေးတဲ့ Miss Famous ဆုကို မိုးစက်ဝိုင်က ရရှိခဲ့ပြီး ထုံးစံအတိုင်း
ဝေဖန်သံတွေလည်း ညံခဲ့တဲ့ ညဖြစ်ခဲ့ပါတယ်။

"ကျွန်တော်က ခါးနံပါတ် ၁၉ (နှင်း ယမုံဦး)ကို ရစေချင်တာပါ။ စင်ပေါ်မှာ သူ အလှဆုံးပဲ။ ဒါပေမဲ့
သူက နောက်ဆုံးအဆင့် မေးခွန်းတွေ ဖြေတဲ့အချိန် နည်းနည်းလွဲချော်သွားကတည်းက
သူ မရတော့ဘူးလို့တော့ ထင်ပါတယ်"လို့ ပွဲကြည့်ပရိသတ်တစ်ဦး ဖြစ်တဲ့ ကိုသက်နိုင်ဦးက
ပြောပါတယ်။

သူ မျှော်မှန်းထားတဲ့အလှမယ် ဆုမရခဲ့ပေမယ့် မိုးစက်ဝိုင် ရသွားမယ်လို့တော့ မထင်မိခဲ့ဘူး
လို့လည်း ဆိုပါတယ်။

"မိုးစက်ဝိုင်က အရပ်တော့ ရှည်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုလှတဲ့ မယ်တွေ အများကြီး ရှိနေ
သေးတာ သူ့ကို ဘာအားသာချက်တွေနဲ့ ပေးလဲ ဆိုတာ နားမလည်ပါဘူး" လို့လည်း သူ့ခံစားချက်
ကို ဖွင့်ဟပါတယ်။

ကိုသက်နိုင်ဦးရဲ့အကြိုက်နဲ့ သရဖူ ပိုင်ဆိုင်သွားသူက ထပ်တူမကျခဲ့ပေမယ့် တစ်ဖက်မှာလည်း
အွန်လိုင်းမဲပေး စနစ်၊ SMS မဲပေးစနစ်တို့ကနေ ပရိသတ်ရဲ့ အားပေးမှုအများဆုံးနဲ့ မိုးစက်ဝိုင်က
Miss Famous ဆုကိုပါ ရရှိသွားခဲ့တာဖြစ်ပါတယ်။

မယ်စကြ၀ဠာမြန်မာ အဖွဲ့အစည်းရဲ့ အမှတ်ပေး စည်းမျဉ်းပုံစံအရ စင်ပေါ်မှာ မယ်မြန်မာများရဲ့
လမ်းလျှောက်ပုံနဲ့ အမူအရာများကို ၃၀ ရာခိုင်နှုန်းအမှတ်ပေးသွားတာဖြစ်ပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်း
ကို ပွဲမကျင်းပခင်အချိန် အတွင်း လေ့ကျင့်ပေးနေချိန်များမှာ ဒိုင်များက အချိန်ပြည့် စောင့်ကြည့်
အမှတ်ပေးတဲ့ ပုံစံဖြစ်တယ်လို့ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဒေါ်အယ်လ်ခွန်းရီ က မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

"အမှတ်ပေးတဲ့ပုံစံက နိုင်ငံတကာက လုပ်တဲ့ပုံစံပါပဲ။ နိုင်ငံခြားမှာလည်း ရုပ်ကလေးလှတာနဲ့
အလှမယ်ဆုကို မပေးပါဘူး။ နေပုံထိုင်ပုံ ကျက်သရေရှိ တာ၊ စိတ်ထားလှတာလေးတွေလည်း
ကြည့်ပြီး အမှတ်ပေးတာပါ။ အခုပြိုင်ပွဲ မှာဆို တချို့ပြိုင်ပွဲဝင်တွေဆို အရမ်း စည်းကမ်းပျက်တယ်၊
အနေအထိုင်အရမ်း ဟော့ဟောရမ်းရမ်းပုံတွေကို မြင်တွေ့ရတော့ နိုင်ငံတကာကို အဲဒီလို လူမျိုးတွေ
ကို ပို့လိုက်ရင် ဘယ်ဖြစ်မလဲပေါ့နော်။ ဒါပေမဲ့လည်း ဒါက အလှမယ်ပြိုင်ပွဲဖြစ်တဲ့အတွက် မျက်နှာ
အလှကတော့ အရေးကြီးတာပေါ့" လို့လည်း ပြောပါတယ်။

ရုပ်ရည်လှရုံတင်မကဘဲ စည်းကမ်းရှိပြီး အနေအထိုင်သိုသိပ်မှုနဲ့ ယဉ်ကျေး လိမ္မာမှုကိုလည်း
ကြည့်ပြီး ဘာသာစကားတတ်ကျွမ်းမှုကလည်း အရေးပါတဲ့ အချက်တစ်ခုဖြစ်တာကြောင့်
အကုန်လုံးကို ထည့်သွင်းစဉ်းစားပြီး ဒိုင်တွေက ရွေးချယ်ခြင်းဖြစ်တယ်လို့လည်း ဒေါ်အယ်လ်ခွန်းရီ
က ဆိုပါတယ်။

"နိုင်ငံတကာစည်းမျဉ်းတွေနဲ့တော့ ကိုယ်တိုင်က အတွေ့အကြုံမရှိပေမယ့် ပြိုင်ပွဲဝင်တွေကို
လေ့ကျင့်ပေးသူက ယိုးဒယားကအလှမယ်ဖြစ်ပြီး သူကိုယ် တိုင်က အခုလက်ရှိ အလှမယ်တွေကို
လေ့ကျင့်ပေးနေသူတစ်ယောက် ဖြစ် တာကြောင့် သူ့ဆီက အကြံဉာဏ်တွေ အများကြီးရပါတယ်။
ပြီးတော့ သူတို့ကလည်း လေ့ကျင့်ပေးနေရင်း အကဲဖြတ် နေသူတွေပဲဆိုတော့ လေ့ကျင့်ချိန်ပြီးဆုံး
သွားတော့ အယောက် ၂၀ ထဲက ၁၀ ယောက်ရဲ့နာမည်တွေ လာပေးပြီး ဒီလူတွေကတော့ သူတို့
စိတ်တိုင်းကျ ဖြစ်ပြီး အရည်အချင်းပြည့်ဝတဲ့လူတွေဖြစ်တယ်ဆိုတော့ သူတို့က ပညာရှင်တွေဖြစ်တဲ့
အတွက် သူတို့ ရွေးပေးတဲ့ ၁၀ ယောက်ထဲက အန်တီတို့ဒိုင်တွေက ရွေးတော့ ရွေးရလွယ်သွားတာ
ပေါ့"လို့ အကောင်းဆုံးအလှမယ်များ ရွေးချယ် မှုပုံစံကို ပြောပြပါတယ်။

"ဆုမရတဲ့ တချို့လူတွေက ပြောနေတာတွေ ပြန်ကြားပါတယ်။ ဒိုင်တွေက မတရားဘူးတို့၊ ပြိုင်ပွဲက
လုပ်ပွဲတို့ ပြောနေကြတယ်။ မရတဲ့လူကတော့ စကားကို အဲဒီလို့ပဲပြောမှာပါ။ ဒိုင်တွေ အနေနဲ့
ကလည်း လူအများကြီးက ရွေးရတာဖြစ်တယ်၊ ပြီးတော့ မိုးစက်ဝိုင် ဆိုတာက စင်ပေါ်မှာ ထင်းနေ
တဲ့အလှ၊ ဝေခွဲမရဖြစ်နေစရာမလိုဘူး။ ဒိုင်တွေကော ပြည်သူကော ကြိုက်လို့ ရွေးချယ် လိုက်တဲ့
အလှပါ။ မရတဲ့သူတွေ မကောင်းပြောတဲ့ စကားမျိုးတွေကိုတော့ အလေးမထားပါဘူး" လို့လည်း
ဒေါ်အယ်လ်ခွန်းရီက ပြောပါတယ်။

သူတို့ဒိုင်တွေအနေနဲ့ မမျှမတ ဘာမှမလုပ်ဘဲ ပြိုင်ပွဲဝင်များထဲက အလှဆုံး၊ အသင့်တော်ဆုံး
တစ်ယောက်ကိုသာ ရွေးထုတ်ပေးခဲ့တာဖြစ်ပြီး ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို မှန်မှန်ကန်ကန်နဲ့
လုပ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်လို့လည်း ဆိုပါတယ်။

နာမည်ကျော် မော်ဒယ်အေဂျင်စီတစ်ခုဖြစ်တဲ့ Stars and Models ရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဂျွန်လွင်က
သူ့ဆီက မော်ဒယ်များလည်း ပြိုင်ပွဲမှာ ပါဝင်ယှဉ် ပြိုင်ခဲ့ပေမယ့် ဆုတစ်ဆုမှ မချိတ်ခဲ့ဘူးလို့ ဆိုပါ
တယ်။

"ကျွန်တော့်ဆီက ကလေးတွေထဲ က ကိုးယောက် ပါဝင်ယှဉ်ပြိုင်တာ သူတို့က camp သွင်းတဲ့
အခါမှာ စည်း ကမ်းမကောင်းလို့ဆိုပြီး ဆုတစ်ဆုမှ မရဘူး။ ကျွန်တော့်အနေနဲ့ကတော့ ပွဲမစခင်
လေ့ကျင့်ချိန်မှာ အမှတ်က ၇၀ ပေးပြီး စင်ပေါ်မှာ တင်ဆက်တာ အမှတ် ၃၀ ဆိုပြီးပြောတယ်။
ကျွန်တော် ကတော့ အဲဒါကို အစက မသိပါဘူး။ အမှန်အတိုင်း ပြောရမယ်ဆိုရင် နောက်ဆုံးပွဲမှာ
ဒိုင်တွေကို ခေါ်စရာတောင်မလို တော့ဘူးလေ။ လေ့ကျင့်ချိန်မှာတင် အဖြေက ထွက်နေနိုင်ပြီ"လို့
သူ့အမြင် ကို ပြောပါတယ်။

စင်ပေါ်၊ စင်အောက် အမှတ်ပေးပုံစံက စင်ပေါ်မှာ ၆၀ ရာခိုင်နှုန်းနဲ့ စင် အောက်မှာ ၄၀ ရာခိုင်နှုန်း
ဖြစ်သင့်တယ်လို့လည်း သူက ဆိုလိုက်ပါတယ်။

ဂျွန်လွင်ရဲ့ အေဂျင်စီမှဖြစ်ပြီး ပြိုင်ပွဲမှာ နောက်ဆုံးဆန်ခါတင် ငါးယောက်အထိ ပါဝင်ခဲ့တဲ့ နှင်းယမုံဦး
ကတော့ "သူတို့ရဲ့ အမှတ်ပေးစည်းမျဉ်းကို အစောကတည်းက သိခဲ့တာပါ။ အဲဒါကြောင့်လည်း
ညီမနာမည်အတွက်နဲ့ ဆရာဂျွန်လွင်ရဲ့ နာမည်လည်းရှိတော့ သူများတွေ အကြောင်းအမျိုးမျိုးနဲ့
နောက်ကျရင်တောင် ညီမကတော့ နောက်မကျပါဘူး။ ပြိုင်ပွဲကနေရတဲ့ ညီမရဲ့ အတွေ့အကြုံတွေ
ကတော့ ပထမဆုံးအကြိမ်ရဖူးတဲ့ အတွေ့အကြုံ တွေပါပဲ။ တခြားပြိုင်ပွဲတွေမှာ မရခဲ့တဲ့ လေ့ကျင့်မှု
ပုံစံတွေနဲ့ သင်ကြားခံခဲ့ရလို့ တကယ်ကို ကောင်းပါတယ်။ အခု သတင်းတွေ ထွက်နေတဲ့အပေါ်
မှာတော့ လူဆိုတာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပဲလေ။ မကောင်းတာ လုပ်ရင်တော့
လည်း မကောင်းတဲ့ အကျိုးကို ပြန်ခံစားရမှာပေါ့။ အဲဒီလို ယုံကြည်ထားတာကြောင့် သူများ
အကြောင်းတွေကို စိတ်မ၀င်စားဖြစ်ပါဘူး"လို့ ပြောပါတယ်။

နိုင်ငံခြားမှာ ကိုယ်တိုင်လည်း မော်ဒယ်လုပ်ခဲ့ပြီး ပွဲလည်း စီစဉ်ခဲ့ဖူးပေမယ့် Miss Universe
Myanmar Organization ရဲ့အမှတ်ပေးစည်းမျဉ်း ပုံစံမျိုးကိုတော့ မတွေ့ဖူးဘူးလို့ ဂျွန်လွင် က
ဆိုပါတယ်။

"တကယ်ကိုပဲ ဟိုမှာရှိတဲ့ Miss Universe Myanmar Organization ရဲ့ စည်းမျဉ်းပုံစံက အဲဒီလိုမျိုး
လား။ မြန်မာနိုင်ငံမှာပဲ သူတို့လုပ်ချင်တာ လုပ်လို့ရအောင်လို့ ဒီလိုစည်းမျဉ်းနဲ့ လုပ်တာလားဆိုတာ
တော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒိုင်တွေက ဘယ်လောက်ပဲ တခြား အလှမယ်ကို
ကြိုက်တယ်ပြောပြော၊ ပွဲစီစဉ်သူဘက်က အဲဒီလူက လေ့ကျင့်ချိန်မှာ ဘယ်လိုမျိုးတွေ လုပ်လို့
အမှတ် လျှော့ထားတယ်လို့ ပြောပြီးလုပ်ချင်တာ လုပ်လို့ရတယ်"လို့ ပြောပါတယ်။

ဝေဖန်သံများထဲမှာမှ မိုးစက်ဝိုင်နဲ့ ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြေး ဖြစ်သူတို့ အတူတွဲလျက်
ရှိတဲ့ ဓာတ်ပုံတွေ အင်တာနက်ပေါ် တက်လာခဲ့တဲ့ အခါ 'မိုးစက်ဝိုင်မုန်းသူများ' ကဲ့သို့သော
ဖေ့ဘုတ်စာမျက်နှာများတောင် ရှိလာခဲ့ပါတယ်။

ပူပူနွေးနွေးအလှမယ်လေး မိုးစက်ဝိုင် ကတော့ လူပြောများနေတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး "အဲဒီပွဲက
မိုးစက် Miss Universe Myanmar Organization ရဲ့ ခွင့်ပြုချက်နဲ့ တက်ရောက်ခဲ့တဲ့ တက္ကသိုလ်
ကျောင်းပေါင်းစုံဘောလုံးပွဲကို ဆုတံဆိပ်ယူသွားပေးရုံ သက်သက်ပါပဲ။ သူ (နေရွှေသွေးအောင်)
ကားပေါ်က ဆင်းလာတယ်ဆိုတာကလည်း သရုပ်ပြနေချိန်လေးပါပဲ။ ပြီးတော့ မိုးစက်ကိုယ်တိုင်က
လည်း ဒဂုံတက္ကသိုလ် အဝေးသင် ကျောင်းသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ကိုယ့်ကျောင်းကို အားပေးချင်
တာရော အားကစားဝန်ကြီးဌာနရဲ့ ကမ်းလှမ်းမှုတွေကြောင့်ရော တက်ဖြစ်တာပါ။ မိုးစက်နဲ့ သူနဲ့က
ဘာမှမပတ်သက်ပါဘူး"လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်း
ပွဲမှာ ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေ အထင်လွဲရတာက အကြောင်းအရင်းအစုံအလင်ကို မသိရတာကြောင့်ဖြစ်ပြီး ရှင်းရှင်း
လင်းလင်းသိသွားပြီဆိုရင်တော့ သူ့ကို ပရိသတ်တွေ ပြန်လည်အားပေးလာမယ်လို့ ယုံကြည်တယ်
လို့လည်း ဆိုပါတယ်။

"မိုးစက်က လုပ်သင့်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် မိုးစက်ရဲ့ အပြုအမူတွေ
ကို အထူးတလည်ပြင်ဆင်နေစရာ မလိုဘူးလို့ ထင်ပါတယ်"လို့လည်း မိုးစက်ဝိုင်က ပြောခဲ့ပါတယ်။

"အရင်ကတည်းက မိုးစက်ကို ဖုန်းနဲ့ အားပေးတဲ့ ပရိသတ်တွေက အခုချိန်ထိ မိုးစက်ကို အားပေးနေ
ဦးမယ်၊ မိုးစက်ကို ယုံကြည်ထားပါတယ် ဆိုတဲ့အားပေးတဲ့ မက်ဆေ့ခ်ျတွေ ဆက်ပို့နေကြပါသေး
တယ်။ တကယ်တမ်းသွား ပြိုင်တဲ့အခါမှာလည်း ကိုယ့်ကိုအားပေးတဲ့ ကိုယ့်ပရိသတ်က မိုးစက်
ဘက်မှာ ရှိနေမယ်ဆိုရင်တော့ ပိုပြီးအားရှိမှာပါ။ ပြည်သူပေးတဲ့ ဆုကိုလည်း လိုချင်ပါတယ်"လို့
ပြောပါတယ်။

ပြိုင်ပွဲကို လုပ်ပွဲတစ်ခုအနေနဲ့ ပြော ဆိုနေတဲ့အပေါ်မှာလည်း အွန်လိုင်းမဲပေးစနစ်နဲ့ SMS မဲပေးစနစ်
တွေသာမပါခဲ့ရင် သူ့အပေါ်မှာ အထင်မှားစရာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

"အခုဟာက ဒီလိုမဟုတ်ဘဲ စနစ်တွေအများကြီးနဲ့ သက်သေပြစရာတွေရှိနေတာကို ဘယ်လိုမျိုး
လုပ်ပွဲဖြစ်အောင် လုပ်ကြလဲဆိုတာကိုတော့ သံသယ၀င်မိပါတယ်"လို့ မိုးစက်ဝိုင်က မေးခွန်းထုတ်
လိုက်ပါတယ်။

ပွဲစီစဉ်သူဖြစ်တဲ့ Hello Madam မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စိုးယုဝေ ကလည်း "အဲဒီလို ပြောနေ
ကြတာတွေက ကျွန်မတို့အဖွဲ့အစည်းရဲ့ သိက္ခာကို အများကြီး ထိခိုက်စေပါတယ်။ တကယ်လို့
လုပ်ပွဲလုပ်မယ်ဆိုရင် ပိုက်ဆံအများကြီး အကုန်ခံပြီး ပြိုင်ပွဲလုပ်စရာ မလိုဘဲ ကိုယ်စားပြု
တစ်ယောက်ကို ရွေးချယ်ပြီး စေလွှတ်လို့ရပါတယ်" လို့ ပြောပါတယ်။

သရဖူဆုကို မိုးစက်ဝိုင် ရရှိခဲ့ပြီး ပထမဆုကို အေးချမ်းမိုး၊ ဒုတိယဆုကို မြတ်နှင်းဖြူတို့က ရရှိခဲ့ပြီး
မယ်စကြ၀ဠာ မြန်မာဆုအတွက် ကျပ်သိန်း ၁၀၀ နဲ့ Honda Fit ကားတစ်စီး၊ ပထမဆု အတွက်
သိန်း ၅၀၊ ဒုတိယဆုအတွက် ၂၅ သိန်းနဲ့ နောက်ဆုံးဆန်ခါတင် ပြိုင်ပွဲဝင် ၁၀ ယောက်ကို
သုံးသိန်းစီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မိုးစက်ဝိုင်ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ နိုဝင်ဘာလအတွင်းမှာ ပြုလုပ်မယ့် ကမ္ဘာ့မယ်စကြ၀ဠာ
ပြိုင်ပွဲ ၂၀၁၃ ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ဖို့အတွက် အောက်တိုဘာ
၁၇ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ထွက်ခွာမှာဖြစ်ပါတယ်။

"အခုမိုးစက် ပြင်ဆင်မှုတွေအများကြီး လုပ်နေပါတယ်။ ရတဲ့အချိန်က အရမ်းနည်းတော့ လေ့ကျင့်
စရာရှိတာ တွေကို အတတ်နိုင်ဆုံးလေ့ကျင့်ပြီး အကောင်းဆုံးဖြစ်အောင်တော့ ပြင်ဆင်သွားမှာပါ။
ဟိုမှာ camp သွင်းတဲ့ အချိန်မှာလည်း မြန်မာလူမျိုးတွေအကြောင်းနဲ့ နိုင်ငံအကြောင်းကို တခြား
နိုင်ငံက မယ်တွေ သိနိုင်အောင် တတ်နိုင်သမျှ မျှဝေပေးသွားဖို့လည်း စဉ်းစားထားပါတယ်" လို့
မိုးစက်ဝိုင် က ပြောပါတယ်။

လွင်မာထွန်း   |  မြန်မာတိုင်း(မ်)

No comments:

Post a Comment