Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 18, 2013

အရေးပေါ် မီးသတ်ကန်ရေ ခိုးယူသုံးစွဲသူများ ထောင်ဒဏ်ချမှတ်နိုင်သည့် နည်းဥပဒေ ပြင်ဆင်ရေးဆွဲ


မန္တလေး၊ အောက်တိုဘာ ၁၇

အရေးပေါ်မီးသတ်ကန် ရေပိုက်ငုတ်များမှ ရေဖွင့်၍ ခိုးယူသုံးစွဲခြင်းနှင့် ရေပိုက်ငုတ် ပျက်စီးမှုများ ဖြစ်ပွားခဲ့ပါက တရားစွဲဆို၍ ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် နည်းဥပဒေ တစ်ရပ်ကို ပြင်ဆင် ရေးဆွဲထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။
“လက်ရှိဥပဒေထဲမှာတော့ ဒဏ်ငွေ ၅၀,၀၀၀ ထိပါတယ်။ အခု အသစ်ပြဋ္ဌာန်းမယ့် နည်းဥပဒေ အသစ်ထဲမှာတော့ တရားစွဲဆိုပြီး ထောင်ဒဏ်ထိပါ အရေးယူနိုင်မယ့် ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲ ထားပါတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော်အတွင်း မီးသတ် ရေငုတ်ပိုက်များကို ၁၉၈၇ ခုနှစ်မှစ၍ မြေပေါ်မီးသတ်ပိုက်ငုတ် ၁၁၅ ခု နှင့် မြေပြင်ညီ မီးသတ်ရေပိုက်ငုတ်ပေါင်း ၅၉၄ ခု တပ်ဆင် ထားရှိခဲ့ပြီး လက်ရှိ ၂၀၁၃ ခုနှစ်အတွင်း ၁၀ ခုခန့် အသစ်ထပ်မံ တပ်ဆင်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
“ဒီမီးသတ်ပိုက် ရေငုတ်တွေက အရေးကြီးတဲ့အချိန်၊ အရေးပေါ် အန္တရာယ်အချိန်တွေမှာ အသုံးပြုဖို့ တပ်ဆင်ထားတာပါ။

လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနစ်နှစ် ပတ်ဝန်းကျင် အတွင်းကတော့ ခိုးယူသုံးစွဲလို့ ပျက်စီးမှုတွေ ရှိခဲ့လို့ ဒဏ်ငွေတပ် အရေးယူခဲ့တာမျိုး နှစ်ခု သုံးခုလောက်တော့ ရှိခဲ့တယ်။ ဒီအစိုးရသစ် လက်ထက်မှာတော့ မရှိခဲ့ဘူး။ ဒီမီးသတ်ပိုက် ရေငုတ်တွေဆီကလည်း ခိုးသုံးဖို့ဆိုတာ မလွယ်ပါဘူး။ တစ်နေရာရာက ခိုးသုံးနေရင် အဲဒီအနားပတ်ဝန်းကျင်က အိမ်တွေ ရေမလာတော့တာတွေဖြစ်တော့ ဘေးကအိမ်တွေကလည်း ရုံးကိုတိုင်မှာပဲလေ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ နည်းဥပဒေကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် လက်မှတ်ရေးထိုးကာ စက်တင်ဘာလအတွင်း ကျင်းပသော တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တင်သွင်းထားကြောင်း ၎င်းထံမှ သိရသည်။

No comments:

Post a Comment