၃.၁၀.၂၀၁၃၊ကြာသပတေးနေ့အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်လေးပေါ်တွင် ကမ္ဘာပေါ်၌ ရှေးနှစ် သန်းပေါင်း များစွာက ရှင်သန်ပေါက်ရောက်ခဲ့သည့် အပင်မျိုးစိတ်များ တည်ရှိနေဆဲ ဖြစ်သည်။ အချို့သော အပင်များကို ကမ္ဘာပေါ်ရှိ အခြားမည်သည့် နေရာတွင်မျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။
ပျောက်ဆုံးနေသော ကမ္ဘာငယ် (သို့မဟုတ်) ဆိုကိုထရာကျွန်းမြင်ကွင်းက အချိန်ကာလ ယန္တရားဖြင့် အတိတ်ဆီသို့ နောက်ပြန်သွားသည့် စိတ်ကူးယဉ် သိပ္ပံဇာတ်ကား တစ်ခု၏ နောက်ခံမျိုးဖြစ်သည်။ သို့သော်လည်း ပျောက်ဆုံးနေသော ကမ္ဘာဟု တင်စားခံရမည့် ဆိုကိုထရာကျွန်းလေးသည် ကမ္ဘာပေါ်တွင် အမှန်တကယ် တည်ရှိနေဆဲ ဖြစ်သည်။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်လေးပေါ်တွင် ကမ္ဘာပေါ်၌ ရှေးနှစ်သန်းပေါင်း များစွာက ရှင်သန်ပေါက်ရောက်ခဲ့သည့် အပင်မျိုးစိတ်များ တည်ရှိနေဆဲ ဖြစ်သည်။ အချို့သော အပင်များကို ကမ္ဘာပေါ်ရှိ အခြားမည်သည့် နေရာတွင်မျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။ လူသူအရောက်အပေါက် အလွန်နည်းပြီး ဝေးလံသီခေါင်လှသည့် ဆိုကိုထရာ ကျွန်းငယ်လေးပေါ်တွင် ကမ္ဘာ့အရှားပါးဆုံး အပင်မျိုးစိတ် (၈၀၀)ကျော် သဘာဝအတိုင်း ပေါက်ရောက် ရှင်သန်လျှက်ရှိသည်။
ထိုကျွန်းလေးသည် လွန်ခဲ့သည့် နှစ်ပေါင်း (၆)သန်းနှင့် (၇)သန်းမျှအတွင်း ကမ္ဘာ့မြေ မျက်နှာပြင် ပြောင်းလဲမှုများကြောင့် အာဖရိကတိုက်နှင့် ကွဲထွက် သွားခဲ့သည်။ ထိုကျွန်းလေးပေါ်တွင် ရှားပါးလှသော အပင်များအပြင် အခြား ကမ္ဘာ့ဒေသ အသီးသီးတွင် မတွေ့ရှိနိုင်တော့သည့် သက်ရှိအချို့လည်း ရှင်သန် ကျက်စားနေသည်။ ဆိုမာလီယာနိုင်ငံ၏ ကမ်းခြေမှ ကီလိုမီတာ (၂၅၀)မျှ အကွာတွင် တည်ရှိပြီး ယီမင်နှင့် ကီလိုမီတာ (၃၄၀)မျှ ကွာဝေးသော ကျွန်းလေးသည် ကျယ်ပြန့်သော သဲသောင်ပြင်များ၊ ထုံးကျောက်ဆောင်များ၊ တောင်နံရံ မြင့်မြင့်များနှင့် သဘာဝဆန်ဆန် အလွန်လှပသော နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း ရာသီဥတုမှာ အလွန်ပူပြင်း ခြောက်သွေ့လေ့ ရှိကြောင်း သိရသည်။
ကျွန်းလေး၏ အထူးခြားဆုံး ဝိသေမှာ ကမ္ဘာဦးခေတ်က အပင်မျိုးစိတ်အချို့ ယနေ့တိုင် ပေါက်ပွား ရှင်သန်နေခြင်း ဖြစ်သည်။ ဟာဝိုင်ယီ၊ နယူးကာလီဒွန် နီယာနှင့် ဂါလာပါဂိုးစ် ကျွန်းများသာ ဆိုကိုထရာထက် ပိုမိုများပြားသည့် ဒေ သခံ ရုက္ခဗေဒ မျိုးစိတ်များကို ပိုင်ဆိုင်ထားကြောင်း သုတေသီများက ဆိုသည်။ ဆိုကိုထရာတွင် လက်ရှိအချိန်ထိ မှတ်တမ်းတင် တွေ့ရှိပြီး အပင်မျိုးစိတ် (၈၂၅)ခုအနက် (၃၀၇)မျိုးသည် ကမ္ဘာပေါ်ရှိ အခြားမည်သည့် အရပ်ဒေသတွင်မျှ မတွေ့ရှိနိုင်ချေ။ ဆိုကိုထရာသည် သမုဒ္ဒရာထဲမှ ကန္တာရလေးတစ်ခုသဖွယ် တည်ရှိပြီး မိုးရွာသွန်းမှုလည်း အလွန်နည်းပါး သည်။
ကျွန်းငယ်လေးတွင် တွေ့ရသည့် နဂါးသွေးပင်ခေါ် အပင်မျိုးစိတ်၏ မျိုးကွဲတစ်ခုကို အလယ်ခေတ်က ဥရောပတွင် မှော်အတတ်ပညာအ တွက် ဆေးဖော်မှုများတွင် သုံးစွဲခဲ့ကြောင်း အယူအဆများ ရှိနေသည်။ ထို့အပြင် ဆိုကိုထရာ၌ လှပသော သဲကန္တာရ နှင်းဆီပန်းများ လည်း ပေါက်ရောက် ရှင်သန်လျှက် ရှိသည်။ အဆိုပါကျွန်းတွင် နေထိုင် သည့် ဒေသခံ လူနည်းစုသည် ကျွန်းပေါ်ရှိ အပင်များကို ဆေးဝါးနှင့် အလှကုန် ပစ္စည်းများအဖြစ် အသုံးပြုလေ့ရှိကြောင်းလည်း သိရသည်။
ကမ္ဘာပေါ်တွင် အထီးအကျန်ဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ထားသည့် ဆိုကိုထရာတွင် အပင်နှင့် သက်ရှိမျိုးနွယ် (၄၀၀၀၀)မျှထိ မှီတင်းနေထိုင်နေသည်။ ယင်းကျွန်းလေးဆီသို့ ပြင်ပကမ္ဘာမှ စတင်ခြေချ ထိတွေ့မှုသည် လွန်ခဲ့သည့် (၂)နှစ်ခန့်ကမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အလျား (၁၃၂) ကီလိုမီတာ၊ အနံ ကီလိုမီတာ (၅၀) ကျယ်ဝန်းသည့် ကျွန်းလေးကို ယီမင်နိုင်ငံပိုင်အဖြစ် သတ်မှတ်ထားပြီး ယခုအခါ ကုလသမဂ္ဂက ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် ထိန်းသိမ်းသွားမည်ဟု ကြေညာ ထားကြောင်း သိရှိရသည်။
Planet Myanmar Network
Source
No comments:
Post a Comment