ကိုတိုးကြီး | အင်္ဂါနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၀၂ မိနစ်
လက်ပံတောင်းတောင်ဒေသတွင် လုံခြုံရေးရယူနေသော ရဲဝန်ထမ်းများသည် ပြည်သူလူထု၏ အထင်အမြင်လွဲမှားမှုများကြောင့် ယခင်ကဲ့သို့ စီမံကိန်း အကောင်အထည်ဖော်နေသော ၀မ်ပေါင်ကုမ္ပဏီမှ ထမင်းချက်ကျွေးခြင်းကို လက်မခံတော့ဘဲ အောက်တိုဘာလ ၂၁ ရက်မှစကာ ကိုယ်ပိုင်ရိက္ခာဖြင့်သာ စားသောက်သွားမည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးတင်ထွဏ်းက မဇ္ဈိမကို ပြောကြားသည်။
ယခင်က လက်ပံတောင်းတောင်ဒေသတွင် တာဝန်ကျသော လုံခြုံရေးရဲဝန်ထမ်းများသည် နိုင်ငံတော်မှ ရိက္ခာ ထောက်ပံ့ကြေး ထုတ်ပေးသော်လည်း ကုမ္ပဏီလုပ်ငန်းခွင်၏ လုံခြုံရေးများကိုပါ လိုက်ပါဆောင်ရွက်ရ၍ သီးခြား ချက်ပြုတ်စားရန် အချိန်မရှိသောကြောင့် ၀မ်ပေါင်ကုမ္ပဏီ၏ စားဖိုမှူးက ရဲဝန်ထမ်းများ၏ ရိက္ခာကို ချက်ပေးခဲ့ သည်ဟု ထိုဒေသတွင် လုံးခြုံရေးတာဝန်ယူထားသော ရဲအရာရှိတစ်ဦးက ပြောသည်။
ယခုအခါ ဒေသခံပြည်သူများမှ ရဲဝန်ထမ်းများအပေါ် အထင်အမြင်လွဲမှားမှုများ ရှိခြင်းကြောင့် သီးခြား ချက်ပြုတ် စားသောက်ရန် စီစဉ်ခဲ့သည်ဟု ဒု-ရဲမှူးကြီးတင်ထွဏ်းက ပြောသည်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကိုယ့်စားဖို့နဲ့ကိုယ်၊ ကိုယ့်ရိက္ခာနဲ့ကိုယ်၊ နေထိုင်စားသောက်သွားမှာ ဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်း အရံလုံခြုံရေး ကွပ်ကဲရေးမှူး ဒု-ရဲမှူးကြီး လင်းဇော်ဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ၀င်ရောက် အမှုထမ်းဆောင်နေသော မည်သည့်ရဲတပ်ဖွဲ့ဝင်မဆို ရိက္ခာသုံးစွဲစရိတ်အဖြစ် တစ်နေ့လျှင် ရှစ်ရာကျပ်နှုန်း နိုင်ငံတော်မှထောက်ပံ့ပေးလျက်ရှိသည်။ ထိုရိက္ခာငွေကို လောက်ငအောင် သုံးစွဲ သွားတော့မည်ဟု ဒု-ရဲမှူးကြီးလင်းဇော်ဦးက ပြောသည်။
လက်ရှိတွင် လက်ပံတောင်းဒေသ၌ လုံခြုံရေးယူထားသော ရဲအင်အားကိုမူ ၎င်းက ထုတ်ဖော် ပြောကြားခြင်းမရှိပေ။
လက်ပံတောင်းဒေသမှ ဒေသခံများသည် ထိုဒေသတွင် လုံခြုံရေးယူထားသောရဲများကို “၀မ်ပေါင်ရဲလား” “ပြည်သူ့ ရဲလား ..”ဟု မေးခွန်းထုတ်မှုများလည်း ရှိနေသည်။
လက်ပံတောင်းဒေသ၊ ၀က်မှေးရွာဟောင်းမှ ဒေသခံတောင်သူများသည် မြေယာလျော်ကြေး မယူသည့် မြေယာများပေါ်တွင် ကုမ္ပဏီအဆောက်အအုံ မဆောက်ရန် အောက်တိုဘာလ ၁၀ ရက်က ဆန္ဒပြရာတွင်လည်း “၀မ်ပေါင် ရဲလား” “ပြည်သူ့ရဲလား”ဟူသည့် စာတန်းပါ ပိုစတာများကို ကိုင်ဆောင်ကာ မသွဲ့သွဲ့ဝင်းမှ ဦးဆောင်၍ ဆန္ဒပြခဲ့သေးသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 21, 2013
လက်ပံတောင်း လုံခြုံရေးရဲများ ၀မ်ပေါင်ရိက္ခာမစားဘဲ နိုင်ငံတော်ရိက္ခာသာ စားတော့မည်
လက်ပံတောင်း လုံခြုံရေးရဲများ ၀မ်ပေါင်ရိက္ခာမစားဘဲ နိုင်ငံတော်ရိက္ခာသာ စားတော့မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 21, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 21, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment