CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, September 16, 2013
ကော့သောင်း အကျဉ်းထောင် ဆန္ဒပြမှုဆက်ဖြစ်
Tuesday, September 17, 2013
လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အကျဉ်းသားတစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သော ကော့သောင်း အကျဉ်းထောင်တွင် စက်တင်ဘာလ ၁၆ ရက်နေ့အထိ ဆန္ဒပြမှုများမှာ ဆက်လက် ဖြစ်ပွားနေကြောင်း ကော့သောင်းမြို့နယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကော့သောင်းမြို့နယ် တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းအကျဉ်းထောင်တွင် စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုများကို အကျဉ်းထောင် ဝန်ထမ်းများက ပစ်ခတ်ဖြိုခွင်းခဲ့မှုအပေါ် မကျေနပ်သဖြင့် အကျဉ်းသား ၃၀၀ ဝန်းကျင် က ဆက်လက်ဆန္ဒပြနေခြင်း ဖြစ်ကြောင်း အကျဉ်းထောင်တွင်းမှ ရရှိသည့် သတင်းများကို ကိုးကား၍ ၎င်းက ပြောကြားသည်။
“အခုရက်ပိုင်းမှာ အကျဉ်းထောင်ရဲ့ ဖုန်းနံပါတ်ကို ဘယ်သူမှ ဆက်သွယ်လို့ မရဘူး ဖြစ်နေတယ်၊ အထဲက လူတွေဆီက ရသမျှ သတင်းတွေကို ခက်ခက်ခဲခဲ ရယူနေရတယ်” ဟု ၎င်းကဆိုသည်။
စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီ ၂၅ မိနစ်အချိန်က ကော့သောင်း အကျဉ်းထောင်အတွင်း အကျဉ်းသားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ အကျဉ်းသားအားလုံး ပါဝင်လာကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အကျဉ်းထောင်၏ အမိုးများ၊ တံခါးများကို ဖျက်ဆီးခဲ့ခြင်း၊ အိပ်ဆောင် ကော်ရစ်တာများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် အကျဉ်းထောင် ဝန်ထမ်းများက ထိန်းသိမ်း ခြောက်လှန့်သည့် အနေနှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်နှိမ်နှင်းမှုကြောင့် ဌေးငယ် (ခ) ဦးကျော်ဝင်းမှာ ယင်းနေ့ ၁၀ နာရီ ၂၅ မိနစ် ခန့်တွင် သေဆုံးသွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းက ပြောဆိုထားသည်။
ဒဏ်ရာရရှိသူ ရှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ပြီး ကျန်ရှိသည့် ခုနစ်ဦးကို ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရာ ဦးဟူစိန် အပါအဝင် သုံးဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့က မြိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကျန်လေးဦးမှာ ကော့သောင်းမြို့ ဆေးရုံတွင် ဆက်လက် ဆေးကုသမှု ခံယူနေကြောင်း ကော့သောင်းမြို့နယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ မြို့နယ် စည်းရုံးရေးမှူးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။
“ရင်ဘတ်နဲ့ အသည်းမှာ ကျည်ဆန် ကျန်ခဲ့တယ်လို့ သိရတယ်။ အရေးပေါ် အခြေအနေ ခွဲစိတ်ကုသနိုင်ဖို့ မနေ့ကပဲ မြိတ်ဆေးရုံကို ပို့လိုက်တယ်” ဟု မြိတ်ဆေးရုံသို့ ပို့ဆောင်ခဲ့သူတစ်ဦး၏ အခြေအနေကို ၎င်းကဆိုသည်။
အကျဉ်းထောင်တွင်း ဆန္ဒပြမှုကို ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ကော့သောင်းမြို့ အကျဉ်းဦးစီးဌာနသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
အကျဉ်းထောင်တွင်း ပစ်ခတ်ဖြိုခွင်းရန် ဆိုသည်မှာ ထောင်အုပ်ချုပ်ရေးကို ပျက်ပြားစေနိုင်သည့် အဓိကရုဏ်းကဲ့သို့သော ဆူပူမှုများ ဖြစ်ပေါ်မှသာ ယင်းကဲ့သို့ ပစ်ခတ်နိုင်ကြောင်း၊ လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ပွင့်လင်းမြင်သာမှုရှိစွာ စစ်ဆေးဖို့ လိုအပ်ကြောင်း နိုင်ငံရေး အကျဉ်းသားများအဖွဲ့မှ ဦးမြင့်အောင်က ပြောကြားသည်။
(အောင်မျိုးထက်)
The Voice Weekly
ကော့သောင်း အကျဉ်းထောင် ဆန္ဒပြမှုဆက်ဖြစ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 16, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 16, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment