Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 30, 2013

အယ်ရှာဘတ်နှင့် ကင်ညာ စစ်ဖြစ်နေပြီဟု ကင်ညာအစိုးရ ကြေညာ


နိုင်ရိုဘီ၊ စက်တင်ဘာ ၂၈

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အယ်ရှာ ဘတ် စစ်သွေးကြွအုပ်စုနှင့် ကင်ညာနိုင်ငံ စစ်ဖြစ်နေပြီဟု ကင်ညာ အစိုးရအဖွဲ့က ကြေညာ လိုက်ကြောင်း Reuters သတင်း တွင် ဖော်ပြထားသည်။

ကင်ညာမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွအုပ်စုက အကြမ်းဖက် တိုက်ခိုက် ခဲ့ခြင်းကြောင့် အရပ်သားနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံးခဲ့ပြီး ယင်းကဲ့သို့သော တိုက်ခိုက် မှုကြီးများ ထပ်မံဖြစ်ပွားခြင်း မရှိအောင် ကာကွယ်ပေးမည်ဟုအစိုးရ အရာရှိများက ကင်ညာ ပြည်သူများ ကို အာမခံ ပြောကြားသည်။

သို့သော်လည်း အစ္စရေး လူမျိုးများ ပိုင်ဆိုင်သည့် ဝက်ထ်ဂိတ် ဈေးဝယ်စင်တာနှင့် မြို့တော်အတွင်းရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများကို အယ်ရှာဘတ် အုပ်စုက အသေခံ ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်နေပြီး အယ်ရှာ ဘတ် စစ်သွေးကြွ အဖွဲ့ဝင်များ နိုင်ရိုဘီမြို့တော်တွင်း ခိုအောင်းနေကြောင်း ကင်ညာ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (NIS) က ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက သတိပေးခဲ့ကြောင်း ကင်ညာ သတင်းစာ သုံးစောင်တွင် ထုတ်ဖော် ရေးသားခဲ့ကြသည်။

ကင်ညာ ထောက်လှမ်းရေး အဖွဲ့၏ သတိပေးချက်နှင့် နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့များ၏ သတိပေးချက်များကို ကင်ညာအစိုးရနှင့် စစ်ဘက်က အရေးယူ လုပ်ဆောင်ခြင်း မရှိသည်ကို Nation, Standard, Star သတင်းစာသုံးစောင်၏ မျက်နှာဖုံး စာမျက်နှာများတွင် မေးခွန်း ထုတ်ရေးသားလိုက်သည်။
“ဒါက ဟုတ်တယ်၊ မဟုတ်ဘူးလို့ တိတိကျကျ ဖြေလို့ရတဲ့ အဖြေမျိုး မဟုတ်ဘူး” ဟု ကင်ညာ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် အီရင်ဂိုက Reuters သတင်းကို ပြောကြားလိုက်သည်။

ထို့အပြင် နေ့စဉ်နေ့တိုင်း ထောက်လှမ်းရေး သတိပေးချက်များ ရရှိနေပြီး အရေးယူမှုများ ဆောင်ရွက်နေသလို အကြမ်းဖက်ရန် ကြံစည်မှုများစွာကို ဖယ်ရှားနိုင်ခဲ့ကြောင်း ထောက်လှမ်းရေး သတိပေးချက်များ ရရှိရုံဖြင့် မည်သည့် ဖြစ်ရပ်မျှ မဖြစ်ပွားနိုင်ဟု မဆိုနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။
“ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့ စစ်ဖြစ်နေပါတယ်။ ကင်ညာ လူငယ်လေးတွေကို အယ်ရှာဘတ်အုပ်စုက အစွန်းရောက်ဝါဒ သွတ်သွင်းပြီး ကင်ညာတွေကို သတ်ဖြတ်ခိုင်းဖို့ နေ့စဉ် ကြိုးပမ်းနေပါတယ်” ဟု အီရင်ဂိုက မှတ်ချက်ပြုသည်။

ဝက်ထ်ဂိတ် ဈေးဝယ်စင်တာ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကင်ညာ လုံခြုံရေး အကြီးအကဲကို တနင်္လာနေ့၌ ကျင်းပမည့် လွှတ်တော် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ ကော်မတီ အစည်းအဝေး တွင် မေးမြန်းလိမ့်မည်ဟု အများက မျှော်လင့်နေချိန်တွင် သတင်းစာများ၏ အထက်ပါအတိုင်း ရေးသားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ၂၀၀၈ ခုနှစ်တွင်း ဖြစ်ပွားခဲ့သည့် သုံးရက်ကြာ အကြမ်းဖက် တိုက်ခိုက်မှု ကဲ့သို့သော လက်ပစ်ဗုံးများ၊ ချေမှုန်းရေး ရိုင်ဖယ်များ အသုံးပြု တိုက်ခိုက်မှုမျိုး ကင်ညာနိုင်ငံ၌ ဖြစ်ပေါ် နိုင်သည်ဟု NIS အဖွဲ့က ဖေဖော်ဝါရီလအတွင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ကင်ညာ သတင်းစာ The Star တွင် ဖော်ပြထားသည်။

ထို့အပြင် အယ်ရှာဘတ် စစ်သွေးကြွ အုပ်စုသည် ကင်ညာနိုင်ငံတွင်း လက်နက်ကိုင် ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်လေ့ ရှိခြင်းကြောင့် တိုက်ခိုက်မှုကြီးများ ဆက်လက် ပြုလုပ်နိုင်မည်ဟု အများက မျှော်လင့်ထားပြီး ယင်းလုံခြုံရေး ခြိမ်းခြောက်မှုကို ကိုင်တွယ်နိုင်ရေးမှာ ကင်ညာသမ္မတ ကင်ယာတာအတွက် အဓိက စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေသည်။

ဆိုမာလီယာ အခြေစိုက် အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ခေါင်းဆောင်ကလည်း ကင်ညာနိုင်ငံတွင်း ယင်းကဲ့သို့သော တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခြိမ်း ခြောက် ပြောကြားထားသည်။

အယ်ရှာဘတ် စစ်သွေးကြွအုပ်စု၏ စစ်ဆင်ရေး စွမ်းရည်သည် ဆိုမာလီယာ နိုင်ငံတွင်းသာမက ပြင်ပနိုင်ငံများတွင်လည်း အကြမ်းဖက် တိုက်ခိုက်နိုင်ကြောင်း အနောက်နိုင်ငံများက သတိပေးထားပြီး ဝက်ထ်ဂိတ် ဈေးဝယ်စင်တာ တိုက်ခိုက်မှုက ယင်းသတိပေးချက်ကို အတည်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly

No comments:

Post a Comment