Created on Monday, 23 September 2013 02:05
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ရန်ကုန်တိုင်း ဒေသကြီး၏ ဂုဏ်ထူးထွက်ရှိမှု နှုန်းမှာ အများဆုံး နေရာတွင် ရပ်တည်နေသော်လည်း ဂုဏ်ထူးရရှိသူ ဦးရေမှာ ယခင်နှစ်ကထက် လျော့နည်းကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
ယခင်နှစ်က ရန်ကုန်တိုင်း ဒေသကြီး၌ ဂုဏ်ထူးရရှိသူ ဦးရေမှာ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၇၂ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၇၂၉ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ဦးရေ ၁၀၅၄၇ ဦးရှိခဲ့သည်။ ယခုနှစ်၌ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၉၇ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၄၄၅ ဦးဖြင့် ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်ရှိမှု နှုန်းမှာလည်း ကျဆင်းသွားကြောင်း သိရသည်။
''ဂုဏ်ထူးထွက်ရှိမှု ရာခိုင်နှုန်းတွေကတော့ ခုမှတွက်နေတုန်း ရှိပါသေးတယ်။ အသေးစိတ်တော့ အတိအကျတော့ မရနိုင်သေးပါဘူး။ ရန်ကုန်တိုင်း ဒေသကြီးကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဂုဏ်ထူး အများဆုံး ထွက်ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကထက်တော့ မတိုးပါဘူး။ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ဂုဏ်ထူးရရှိမှုကတော့ မနှစ်ကထက် လျော့ပါတယ်'' ဟု အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ဆိုသည်။
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဂုဏ်ထူးထွက်ရှိမှု အများဆုံးအဖြစ် ရန်ကုန်တိုင်း ဒေသ ကြီးမှာ ပထမနေရာတွင် ရပ်တည်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးမှာ ဒုတိယအများဆုံးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ တတိယ အများဆုံး နေရာတွင် ရပ်တည်ခဲ့သည်။
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ မွန်ပြည်နယ်မှာ ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် အောင်ချက် အကောင်းဆုံး ပြည်နယ်အဖြစ် ပထမနေရာတွင် ရှိနေကြောင်း သိရသည်။ ကချင်ပြည်နယ်မှာ ၄၃ ဒသမ ၇၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၄၁ ဒသမ ၈၈ ရာခိုင်နှုန်းဖြင့် တတိယ အဆင့်တွင် ရှိနေပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ ၃၃ ဒသမ ၃၉ ရာခိုင်နှုန်းဖြင့် ဆဋ္ဌမ အဆင့်တွင် ရပ်တည်နေကြောင်း သိရသည်။
အ .ထ .က (၁) ဒဂုံ၌ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခဲ့ကြသူများကို တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group
No comments:
Post a Comment