CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, September 12, 2013
တစ်ထောင်ကျပ်တန် ငွေစက္ကူ အတုများဖြင့် ရွှေထည်များဝယ်ယူ
ရန်ကုန်၊ စက်တင်ဘာ ၁၁
လှိုင်သာယာမြို့နယ် မီးခွက်ဈေးရှိ နန်းထိုက်အောင် ရွှေဆိုင်တွင် စက်တင်ဘာလ ၁၀ ရက်နေ့က တစ်ထောင်ကျပ်တန် ငွေစက္ကူ အတုများ ရောနှောအသုံးပြုကာ ရွှေထည်ပစ္စည်း ကျပ်ငါးသိန်းကျော် ဝယ်ယူမှု ဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အဆိုပါရွှေဆိုင်သို့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး သုံးပဲငါးရွေးရှိ ရွှေလက်ကောက် နှစ်ကွင်းနှင့် ခြောက်ပဲ ငါးရွေးရှိ ရွှေဆွဲကြိုး တစ်ကုံးကို ဝယ်ယူသွားခဲ့ရာ ညနေ ၅ နာရီတွင် ဆိုင်ပိုင်ရှင်က ရောင်းရငွေများ စစ်ဆေးရာ၌ အဆိုပါ အမျိုးသမီး ပေးချေသွားသည့် ရွှေထည်တန်ဖိုးငွေ ကျပ်ငါးသိန်းရှစ်သောင်း အနက် တစ်ထောင် ကျပ်တန် အသေးငွေစက္ကူ ၂၃၃ ရွက်မှာ အတုဖြစ်ကြောင်း သိရှိကာ ရဲစခန်းသို့ အကြောင်းကြားခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။
“ငွေစက္ကူအတုမှန်း သိသာပါတယ်။ ရေစာတံဆိပ် ရေစာကြိုးမပါဘူး။ စာရွက်သားက အရမ်းချောနေတာ” ဟု ၎င်းက ရှင်းပြသည်။
ယင်းရွှေဆိုင် အရောင်းဝန်ထမ်း ခုနစ်ဦးတွင် ငွေစက္ကူအတုများ လက်ခံမိသော ဝန်ထမ်းမှာ အလုပ်ဝင်သည်မှာ ရက်ပိုင်းသာ ရှိသေးသဖြင့် ငွေများများ မရေတွက်ဖူးသောကြောင့် ငွေစက္ကူအတုနှင့်အစစ် မခွဲခြားနိုင်ဘဲ လက်ခံမိခြင်း ဖြစ်ကြောင်း ယင်းရွှေဆိုင်ထံမှ သိရှိရသည်။
တစ်ထောင်ကျပ်တန်အသေး ငွေစက္ကူ အတုများကို သက်ဆိုင်ရာ မှုခင်းတပ်ဖွဲ့က လက်ခံရယူပြီး နေပြည်တော်မှ ကျွမ်းကျင်သူများက အသေးစိတ် စစ်ဆေးလျက် ရှိကြောင်းနှင့် ငွေစက္ကူအတုဖြင့် လိမ်လည် ဝယ်ယူခြင်းကို အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့မှ အမှုမှန် ပေါ်ပေါက်ရေး စုံစမ်းဆောင်ရွက်နေကြောင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ငွေစက္ကူ အတုများဖြင့် အလိမ်ခံရသော ရွှေဆိုင်သို့ သွားရောက် မေးမြန်းရာတွင် ပိုင်ရှင်ဖြစ်သူက ဝယ်သွားသူ အမျိုးသမီး၏ ပုံသဏ္ဌာန်ကို မိမိဆိုင်ရှိ CCTV ကင်မရာဖြင့် သိရှိပြီး ယခုလိုက်လံ စုံစမ်း နေဆဲဖြစ်ကာ ဂျာနယ်တွင် ဖော်ပြခံရပါက တရားခံမှာ ရှောင်ပြေးချိန် ရရှိသွားမည်ကို စိုးရိမ်သော ကြောင့် ပြန်လည် မဖြေကြားပေးနိုင်ကြောင်းနှင့် ရဲစခန်းက ဂျာနယ်တွင် ဖော်ပြခွင့်ပေးပါက ရဲစခန်းကို တရားစွဲဆိုမည် ဖြစ်ကြောင်း ပြောကြားသည်။
ငွေစက္ကူ အတုများဖြင့် လိမ်လည် ဝယ်ယူခြင်းမှာ လှိုင်သာယာမြို့နယ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားပြီး အဆိုပါ ရွှေဆိုင်သည် လွန်ခဲ့သော ငါးနှစ်ခန့်က လုယက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း မီးခွက်ဈေးရှိ သစ်သီးရောင်းသူ အမျိုးသမီးတစ်ဦးထံမှ သိရှိရသည်။
တစ်ထောင်ကျပ်တန် ငွေစက္ကူ အတုများဖြင့် ရွှေထည်များဝယ်ယူ
Reviewed by VC
on
September 12, 2013
Rating: 5
Reviewed by VC
on
September 12, 2013
Rating: 5
Subscribe to:
Post Comments (Atom)
.jpg)
No comments:
Post a Comment