Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

ကော့သောင်းထောင်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အပေါ် အစိုးရ သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာ အချို့တွင် ဖော်ပြထားမှု ဖြစ်စဉ်အမှန်နှင့် ကွဲလွဲမှုရှိနေ


ကော့သောင်းထောင်တွင်း ဖြစ်စဉ်အပေါ် အစိုးရ သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာ အချို့တွင် ဖော်ပြထားမှုသည် ဖြစ်စဉ်အမှန်နှင့် ကွဲလွဲမှု ရှိနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စက်တင်ဘာ ၁၅ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထောင်ဖောက် ထွက်ပြေးရန် ကြိုးပမ်းမှုအား အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။ အဆိုပါ သတင်းတွင် ခိုက်ရန်ဖြစ်ပွားမှုဖြင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လစီ ကျခံနေရသော ညီအစ်ကိုနှစ်ဦးနှင့် အကျဉ်းသား တစ်ဦးတို့ စကားများ ရန်ဖြစ်ရာမှ အစပြုကာ အကျဉ်းထောင် အမျိုးသားနှစ်ထပ် အိပ်ဆောင် (၁) အပေါ်ထပ်ရှိ အခန်း (၄) တွင် ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ အိပ်ဆောင် (၁) အခန်း (၃) နှင့် (၄)တို့ရှိ အကျဉ်းသားများက ဆူပူအောင် ဖန်တီးခဲ့ကြကြောင်း၊ တာဝန်ရှိသူများက ဥပဒေနှင့်အညီ နေထိုင်ကြရန်၊ ဆူပူမှု မပြုလုပ်ကြရန် လက်ကိုင် အသံချဲ့စက်ဖြင့် ထိန်းသိမ်းနေစဉ် အကျဉ်းသား အချို့က ခေါင်မိုး (အမိုးသွပ်) အား ဖောက်ထွက်ခြင်း၊ အိပ်ဆောင် တံခါးများကို ဖျက်ဆီးခြင်း၊ အိပ်ဆောင်(၁) အပေါ်ထပ်ရှိ ကော်ရစ်တာ အိပ်ဆောင်(၂) အောက်ထပ်ရှိ ကော်ရစ်တာတို့အား မီးရှို့ခြင်း၊ လျှပ်စစ်လိုင်းများအား ခဲဖြင့်ပစ်ခွဲခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အိပ်ဆောင်အတွင်းမှ ဖောက်ထွက်၍ အကျဉ်းထောင် ဆူပူမှုကို အရှိန်မြှင့်ကာ ထောင်ဖောက်ရန် ကြိုးစားခဲ့ကြောင်း ရေးသားခဲ့သည်။ ထို့ပြင် ပုဂ္ဂလိက သတင်းစာ အချို့၌လည်း ထောင်ဖောက်ပြေးခြင်း၊ ထောင်ဆူ၍ ဖျက်ဆီးမီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရေးသားဖော်ပြ ခဲ့ကြသည်။

သို့သော် ဖြစ်စဉ်မှန်မှာ စက်တင်ဘာ ၁၃ ရက်ညပိုင်းတွင် ကော့သောင်း အကျဉ်းထောင်အတွင်း အကျဉ်းကျနေသူများက ညှဉ်းပန်း နှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်းမှ ဆူပူအုံကြွခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခတ်ရာမှ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်မှုအပေါ် မကျေနပ်သဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ကော့သောင်း အကျဉ်းထောင်များမှ အကျဉ်းသားများ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ် မှစ၍ အကျဉ်းသားများက ''အကျဉ်းထောင်ပိုင် လူသတ်သမားကို ထိရောက်စွာ အရေးယူပေးပါ။ ထိရောက်စွာ အရေးပေးနိုင်ရေး ဒို့အရေး၊ အကျဉ်းထောင်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းအမှားများ ဖော်ပြခဲ့သည့်အတွက် သတင်းမီဒီယာများ ခေါ်ယူ၍ တွေ့ဆုံပေးရေး ဒို့အရေး'' ဟူ၍ ငြိမ်သက်စွာ ထိုင်၍ တောင်းဆိုမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထောင်ပိုင်အား ခေါ်ဆောင်သွားခဲ့ပြီး အကျဉ်းသားများ၏ မိဘ၊ ဆွေမျိုးများကို ထောင်ဝင်စာ တွေ့ခွင့်ပေးရန် ဆောင်ရွက်နေကြောင်း သိရသည်။

''၁၉၉၀ ခုနှစ်က ကျွန်တော် ပထမအကြိမ် ထောင်ကျခဲ့ပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ စာမဖတ်ရဘူး။ ထမင်းကိုလည်း ပုံစံနဲ့ကျွေးတယ်။ ဒါကြောင့် ကျွန်တော်တို့က ထမင်းအ၀ကျွေးဖို့၊ စာဖတ်ခွင့်ပေးဖို့ တောင်းဆိုတယ်။ စက်တင်ဘာ ၂၅ ရက်မှာ ထောင်တစ်ခုလုံးမှာ 'စာဥရေ ငါအရောက် ပြန်ခဲ့မယ်' ဆိုတဲ့ သီချင်းတွေကို အကျယ်ကြီးဖွင့်ပြီး အခန်းတွေထဲကို ၀င်ရိုက်တယ်။ တချို့ ခြေကျင်းတွေ ၀တ်ခိုင်းပြီးမှ ခေါင်းစွပ်တွေ စွပ်ထားပြီး ရိုက်တာပါ။ သတိလစ်သွားတဲ့ သူတွေကို ထောင်ဆရာဝန် ဒေါက်တာစိုးကြည်က နားကြပ်နဲ့ထောက်ပြီး စမ်းသပ်တယ်။ ပြီးရင်သူက ဆက်ရိုက်လို့ရတယ်။ သူတာဝန် ယူတယ်လို့တောင် ပြောခဲ့တာပါ။ ကိုဘိုလူးဆိုတဲ့ ကြိုးကျထားတဲ့ တစ်ယောက်ဆိုရင် ခေါင်းကို ရိုက်တာကြောင့် ဦးနှောက်ထဲမှာ ဒဏ်ရာဖြစ်ပြီး အခုအချိန်အထိ ဆေးသောက်နေရပါတယ်'' ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ဇေယျက ဆိုသည်။

''ထောင်ထဲမှာ အကျဉ်းသားတွေကို ရိုက်နှက်ခြင်းဆိုတာ လူ့အခွင့်အရေးကို ဆန့်ကျင်ပါတယ်။ အကျဉ်းထောင် လက်စွဲဥပဒေမှာ ကြိမ်ဒဏ် မရှိတော့ပါဘူး။ ထောင်ထဲမှာ ဥပဒေ ချိုးဖောက်ရင်တောင်မှ ပြစ်ဒဏ်ပေးတဲ့အခါ ရိုက်တာမပါဘူး။ ရိုက်ခဲ့ရင် လူ့အခွင့်အရေးကို ချိုးဖောက်တာပါ။ အဓိကရုဏ်းဖြစ်တာ ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် ထောင်ဝန်ထမ်းတွေကြောင့် အကျဉ်းသားကို ရိုက်မယ်ဆိုရင် အဲဒါဥပဒေကို ချိုးဖောက်တာပါ'' ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုမြင့်အောင်က ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ကြည်လင်းက ''ကော့သောင်း အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးကိုပဲ အဓိက ဆောင်ရွက်ပေးနေရတယ်။ အခုလက်ရှိမှာ ဒါနဲ့ပတ်သက်ပြီးတော့ စုံခုံဖွဲ့ပြီးတော့ စစ်ဆေးနေတယ်လို့ သိရပါ တယ်'' ဟု စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ပြောကြားသည်။

''ဒီဖြစ်စဉ်ကိုတော့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့က အဓိက ကိုင်တွယ်ပြီးတော့ စစ်ဆေးနေတယ်။ အခုချိန်အထိ အကျဉ်းဦးစီး ဌာနကိုတော့ ဘာအချက်အလက်မှ တရားဝင် တက်လာခြင်း မရှိသေးဘူး။ လိုအပ်တာတွေကိုတော့ အစိုးရအဖွဲ့ အနေနဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်'' ဟု နေပြည်တော် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ပြောကြားသည်။

အလားတူ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ အတွင်းရေးမှူး ဦးတင်သိန်းက ''ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်ကစပြီးတော့ ဖြစ်ပွားခဲ့တယ် ဆိုတာကို အသေးစိတ် စစ်ဆေးနေတယ်။ သေနတ်နဲ့ ပစ်ပြီးတော့ မထိန်းခဲ့ဘူးဆိုရင် ထောင်ပွင့်သွားနိုင်တယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးနေတယ်။ စစ်ဆေးချက် ထွက်လာရင်တော့ ဥပဒေနဲ့ မညီဘူးဆိုရင် သက်ဆိုင်ရာ ၀န်ထမ်းကို ဥပဒေအရ ထိရောက်စွာ အရေးယူ သွားပါမယ်'' ဟု စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ကော့သောင်း အကျဉ်းထောင် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေသတင်းထောက်မှ စက်တင်ဘာ ၁၅ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများအား ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ အကျဉ်းထောင်တွင် စစ်ဆေးဆောင်ရွက် နေသဖြင့် ဆက်သွယ်၍ မရခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ ၁၆ ရက်တွင်လည်း ထပ်မံဆက်သွယ်ခဲ့ရာ ခရိုင်တာဝန် ရှိသူများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် နယ်ခြားကိစ္စ ဆောင်ရွက်ရန် ထွက်ခွာသွားကြကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment