Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 5, 2013

မြောင်းမြမြို့ ရွှေဂူကျေးရွာတွင် ရှေးဟောင်းစကြာရှင် ရွှေဂူကြီးဘုရား ပြိုကျရာမှ ရရှိခဲ့သော ပုဂံခေတ် ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းထားရှိ



Created on Monday, 05 August 2013 22:32

မြောင်းမြမြို့ လပွတ်ကုလား ကျေးရွာအုပ်စု ရွှေဂူကျေးရွာတွင် အလောင်းစည်သူမင်းကြီး ဖောင်တော်ဆိုက်ရာမှ တည်ထားကိုးကွယ် ခဲ့သည်ဆိုသော စကြာရှင် ရွှေဂူကြီးဘုရား အထက်ပိုင်း ပြိုကျရာမှ ရရှိခဲ့သော ပုဂံခေတ် ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းထားရှိကြောင်း သိရသည်။

စကြာရှင် ရွှေဂူကြီးဘုရားမှာ အနားတစ်ဖက် ပေ ၃၀ ခန့်ဖြင့် အခြေလေးထောင့်ပေါ်တွင် တည်ထားသော ဂူဘုရားပုံစံဖြစ်ပြီး နှစ်ကာလ ကြာမြင့်မှုကြောင့် ပြိုကျပျက်စီးကာ အလယ်တွင် ပလ္လင်ခုံသာ ကျန်ရှိတော့ပြီး၊ ယခုအခါ အသစ်ထပ်မံ တည်ထားလျက် ရှိသည်။

ဘုရားကြီး အထက်ပိုင်း ပြိုကျရာမှ မြတ်စွာဘုရား ဓာတ်တော် ၂၆ ဆူ၊ ရွှေဘုရား နှစ်ဆူ၊ ငွေဘုရား ၂၈ ဆူ၊ အုတ်ခွက်ဘုရား အကြီး ၅၄ ဆူ၊ အုတ်ခွက်ဘုရား အသေး ၁၆၇ ဆူ၊ ကျောက်ဆင်းတု ၉၃ ဆူ၊ ကြေးဘုရား တစ်ဆူ၊ ရှင်သီဝလိ ရဟန္တာနှစ်ဆူ၊ စုစုပေါင်း ရှေးဟောင်းပစ္စည်း ဌာပနာများ ၃၇၃ မျိုး ရရှိခဲ့ပြီး ရှေးဟောင်းဌာပနာ ပစ္စည်းများမှာ ပုဂံခေတ်နှင့် အင်းဝခေတ် လက်ရာများ ဖြစ်ကြောင်း ဘုရားကြီးရှိ မှတ်တမ်းများအရ သိရသည်။

''ရွှေဂူကြီးဘုရားကို အလောင်းစည်သူမင်းကြီး မြောင်းမြမှာ ဖောင်တော် ဆိုက်ကပ်တုန်းက တည်ထားတယ်လို့ သမိုင်းစကားတွေက ပြောကြတယ်။ ဘုရားကြီးနဲ့ သိပ်မဝေးတဲ့ နေရာမှာ မင်းတရားကြီး ဖောင်တော်ဆိုက်ကပ် ခဲ့တယ်လို့ဆိုတဲ့ နေရာလဲရှိတယ်။ ဘုရားကြီးကရတဲ့ ရှေးဟောင်း ဌာပနာတွေကို အခု ဘုရားကြီးအသစ် ပြန်တည်နေတဲ့ အချိန်မှာ အပြင်မှာပဲ ထိန်းသိမ်းထားတယ်။ ရွှေဘုရား၊ ငွေဘုရား တွေကိုတော့ သီးသန့်ခွဲပြီး ထိန်းသိမ်းထားတယ်'' ဟု ဘုရားကြီးအသစ် တည်ဆောက်ရာတွင် သာသနာပြုနေသူ ဦးပဉ္ဇင်းတစ်ပါးက မိန့်ကြားသည်။

စကြာရှင် ရွှေဂူကြီး ဘုရားကို ရှေးဟောင်း သုတေသန ဦးစီးဌာနမှလည်း လာရောက်ကွင်းဆင်း လေ့လာခဲ့ပြီး ဘုရားကြီးကို ရှေးဟောင်း အဆောက်အအုံ အမှတ်(MM-၁၅၈)အဖြစ် မှတ်တမ်း တင်ထားကြောင်း သိရသည်။

ရွှေဂူကြီး ဘုရားအတွင်းမှ ရရှိသော ရှေးဟောင်း ရုပ်ပွားတော်များ
Eleven Media Group 

No comments:

Post a Comment