Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

ကလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ကျပ်သိန်းတစ်သောင်းကျော် အကုန်အကျခံ ဆောက်မည်


ကလေး၊ သြဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကလေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမကို ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံကာ ယခုနှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက The Voice သို့ ပြောကြားသည်။

အဆိုပါခန်းမမှာ အလျား ၂၀၆ပေ၊ အနံ ၁၈၄ ပေခန့် ရှိမည်ဖြစ်ပြီး ကျပ်သိန်း ၁၁,၅၉၀ အကုန်အကျခံ၍ တည်ဆောက်မည် ဖြစ်ကြောင်း၊ ကျောင်းသားများ ဘွဲ့ယူစဉ် ကာလတွင် အခြားတက္ကသိုလ်များနည်းတူ မဟုတ်ဘဲ မြေပြင်တွင် ကျင်းပနေရခြင်းကြောင့် တိုင်းဒေသကြီးအစိုးရသို့ တင်ပြခဲ့ခြင်းဖြစ်ကာ ယင်းဘွဲ့နှင်းသဘင်ခန်းမနှင့်အတူ အလျား ၁၉၂ ပေ၊ အနံ ၁၈ ပေရှိ သုံးထပ် စာသင်ဆောင်သစ် သုံးလုံးကိုလည်း တစ်ဆောင်လျှင် ခွင့်ပြုငွေ ကျပ်သိန်း ၆၀၀၀ ဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ဘွဲ့နှင်းသဘင်ခန်းမကို မကြာခင် တည်ဆောက်သွားမည်ဖြစ်ကာ သုံးထပ်ဆောင် အသစ်သုံးလုံးကို လက်ရှိ ဆောက်လုပ်လျက် ရှိကြောင်း၊ လက်ရှိ ဘဏ္ဍာနှစ်တွင် ဘွဲ့နှင်းသဘင်ခန်းမနှင့်အတူ အားကစားခန်းမ၊ စာကြည့်တိုက်စသော အဆောက်အအုံများ တည်ဆောက်ရေးအတွက် တင်ပြထားပြီး ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်မှ ပါမောက္ခချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

ယင်းကဲ့သို့ တက္ကသိုလ်သက်တမ်း ၁၀ နှစ်အကြာတွင် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ခြင်းအတွက် ဝမ်းမြောက်မိကြောင်း၊ မိမိတို့ဘွဲ့ယူစဉ်က အဆောင်နှစ်ဆောင်ကြားရှိ မြက်ခင်းပြင်ကို မိုးကာမိုး၍ ဘွဲ့နှင်းသဘင်ခန်းမ ပြုလုပ်ကာ ဘွဲ့ယူခဲ့ရကြောင်း၊ တက္ကသိုလ်တစ်ခု၏ အဆင့်အတန်းနှင့် လျော်ညီစွာ ဘွဲ့နှင်းသဘင်ခန်းမ သီးသန့် ထားရှိသင့်ကြောင်း ကလေးတက္ကသိုလ် မြန်မာစာဌာနမှ နည်းပြ ဦးအောင်ဆန်းလင်းက ပြောကြားသည်။

ကလေးတက္ကသိုလ်တွင် စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသားဦးရေ ၁၀၀ စီခန့်ဖြင့် သင်ကြားပေးနေပြီး ယခုနှစ် ကျောင်းသားဦးရေ ၄၀၀၀ ကျော် လက်ခံသင်ကြားပေးနေကာ နှစ်စဉ် ကျောင်းသား ၁၀၀၀ ကျော်ကို ဘွဲ့ပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင် ပြုလုပ်ပြီး ဖြစ်ကြောင်း ပါမောက္ခချုပ်က ဆိုသည်။

ကလေးတက္ကသိုလ်သို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ကလေး၊ ကလေးဝ၊ တမူး၊ မင်းကင်း၊ မော်လိုက်မြို့နယ်တို့အပြင် ချင်းပြည်နယ်မြောက်ပိုင်းမှ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ ထန်တလန်၊ တွန်းဇံမြို့နယ်တို့နှင့် ကျီခါးမြို့နယ်ခွဲတို့မှ ကျောင်းသားများ လာရောက် ပညာသင်ယူနေကြောင်း အဆိုပါ တက္ကသိုလ် တာဝန်ရှိသူများထံမှ သိရသည်။

ကလေးတက္ကသိုလ်သည် ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းကျေးရွာအနီး စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကလေးကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ကာ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဒီဂရီကောလိပ်အဆင့်၊ ၂၀၀၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် တက္ကသိုလ်အဆင့်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း ယင်းတက္ကသိုလ် မှတ်တမ်းများအရ သိရသည်။

No comments:

Post a Comment