Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 21, 2013

ပတ်စ်ပို့ စာအုပ်ထဲက ဓာတ်ပုံ ရုပ်ဆိုး၍ တိုင်ကြားသူများရှိ

နိုင်ငံကူး လက်မှတ်လျှောက်ထား ရာတွင် ရိုက်ကူးရသည့် ပတ်စ်ပို့ ဓာတ်ပုံမှာ ပြင်ပ ရုပ်ရည်နှင့် ကွာခြားပြီး ရုပ်ဆိုးနေသည့် အတွက် ပတ်စ်ပို့လျှောက်ထား သူများ၏ တိုင်ကြားမှုများ ရှိနေသော်လည်း အပြည်ပြည် ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့အစည်း (ICAO)၏ သတ်မှတ် ချက်နှင့် အညီ စီစဉ်ရိုက်ကူး ရခြင်းကြောင့် ပြင်ပမှ ရိုက်ကူး လာသော ဓာတ်ပုံများကို လက်ခံနိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ်လျှောက် ထားရေးရုံး၊ ဓာတ်ပုံဌာနမှ ဒုတိယ ရဲမှူးကြီး ကျော်ဇေယျက ပြောကြားသည်။
“ဓာတ်ပုံတွေကို ပတ်စ်ပို့စာအုပ်မှာ တစ်ခါတည်း ကပ်ပေးနိုင်ဖို့ ရေမစို မပျက်စီးအောင် လင်မနစ်အုပ်ပေး ရတယ်။ အပူပေး ရတယ်။ ဓာတ်ပုံ စက္ကူနဲ့ ထုတ်တာလည်း မဟုတ်တော့ အပြင် ဓာတ်ပုံနဲ့တော့ ကွာတယ်။ ဒါ့အပြင် ICAO ရဲ့ သတ်မှတ်ချက် အရ ဓာတ်ပုံ တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ လူရဲ့မျက်နှာကို ယူထားတဲ့ အတွက် ဓာတ်ပုံထဲမှာ ပြူးပြူးကြီးနဲ့ မျက်နှာ တစ်ခု တည်းဖြစ်နေ တာကြောင့် ရုပ်ဆိုး တယ်လို့ ပြောကြတာ ဖြစ်ပါတယ်”ဟု ဒုတိယ ရဲမှူးကြီး ကျော်ဇေယျက ပြောကြားသည်။
ပတ်စ်ပို့ လျှောက်ထား သူများ ကလည်း ဓာတ်ပုံရိုက်ကူးခ ကျပ် ၃၂၀၀ ပေးသွင်းရသည့် အပြင် မိမိ သွားလေရာ နိုင်ငံ တိုင်းသို့ ယူဆောင်သွား ရမည့် နိုင်ငံကူး လက်မှတ်မှာ သက်ဆိုင်ရာနိုင်ငံ တိုင်း၏ လေဆိပ်သို့ ဖြတ်သန်း ရမည်ဖြစ်ပြီး မိမိရုပ်ရည် ကိုပင် ပြန်လည် မမှတ်မိနိုင်သည် အထိ ပုံထွက်ဆိုးရွား လွန်းသည့် အပေါ် စိတ်တိုင်း မကျမှု များစွာဖြစ်နေကြ ရသည်။ ထို့ကြောင့် မိမိစိတ်တိုင်းကျ ပြင်ပမှရိုက်ကူး လာသည့် ဓာတ်ပုံများကို လက်ခံပေးစေ လိုကြောင်း ပတ်စ်ပို့လျှောက်ထား သူများနှင့် တွေ့ဆုံမေးမြန်းခြင်းမှ သိရသည်။
“ကျွန်မ ခင်ပွန်းဆို ထွက်လာတဲ့ သူ့ဓာတ်ပုံ ကိုကြည့်ပြီး တော်တော်လေး စိတ်ဆိုးလို့ ဆွဲဖြဲပြီး နောက်ထပ် တစ်ခေါက် ထပ်ရိုက်တယ်။ နောက်တစ်ခေါက် မှာလည်း သိပ်မထူးပါဘူး။ သူလည်း ထွက်ရခါ နီးတော့ ဒါကိုအရေးလုပ် မနေနိုင်ဘူး။ စိတ်တိုင်း မကျလည်း ဘယ်လို လုပ်မလဲ။ အပြင် ဓာတ်ပုံမှ ဒီရုံးကလက်မခံတာ။ ကျွန်မပုံဆိုလည်း မြင်တဲ့အတိုင်းပဲလေ။ တော်တော်ရုပ်ဆိုးနေတာ”ဟု ထိုင်းနိုင်ငံသို့ ခေတ္တအလည်အပတ်သွားရောက်ရန် သြဂုတ် ၁၃ ရက်က ပတ်စ်ပို့လာရောက်လျှောက်ထားသူ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦးကပြောကြားသည်။ ပတ်စ်ပို့ဓာတ်ပုံရိုက်ကူးသည့် ကင်မရာကို ပတ်စ်ပို့စာအုပ်ထုတ်ရန် သီးသန့်ဆော့ဖ်ဝဲ ထည့်သွင်းထားသည့် ကွန်ပျူတာဖြင့် ချိတ်ဆက် ထားပြီး ရိုက်ကူးလိုက်သော ဓာတ်ပုံများမှာ ယင်းဆော့ဖ်ဝဲမှ တစ်ဆင့် ဓာတ်ပုံကူးစက်ထဲ ရောက်ရှိသွားသည့် အတွက် ပြင်ပဓာတ်ပုံ များကို လက်ခံပါက အချိန်ကန့်သတ်ချက်ကြောင့် အခက်အခဲဖြစ်နိုင်ကြောင်း ဒုရဲမှူးကြီးကျော်ဇေယျကပြောသည်။
“ကျွန်တော်တို့က တစ်နေ့တစ်နေ့ လူနှစ်ထောင်လောက်ကို တစ်ယောက်ချင်း ဆော့ဖ်ဝဲနဲ့ရိုက်ပြီး ကူးစက်ထဲတန်းပို့နေရတာ။ စံသတ်မှတ်ချက်နဲ့အညီ ပြင်ပက ဓာတ်ပုံတွေရိုက်လာတယ်ထားဦး၊ အဲဒီလူတစ်ယောက်ချင်းစီရဲ့ပုံတွေကို ကျွန်တော်တို့စက်ထဲထည့်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အာရုံစိုက်တာက ကျွန်တော်တို့ထုတ်ပေးလိုက်တဲ့ ပတ်စ်ပို့ဟာ ဘယ်နိုင်ငံလေဆိပ်ကမှ အငြင်းမခံရရေးပဲ”ဟု ၎င်းကဆက်လက်ပြောကြားသည်။ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း(ICAO)၏ ခရီးသွားလမ်းညွှန်စာရွက်စာတမ်းဆိုင်ရာ စံသတ်မှတ်ချက်များထဲတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ ရိုက်ကူးရသည့် ဓာတ်ပုံသည် ကင်မရာကို တည့်တည့်ကြည့်ရခြင်း၊ မျက်လုံးအရောင်အနီမဖြစ်ရခြင်း၊ မျက်နှာကို ဖုံးကွယ်ထားခြင်းများမရှိရခြင်း၊ အရိပ်မထိုးရခြင်း၊ မှောင်လွန်းခြင်း၊ လင်းလွန်းခြင်းမရှိရခြင်း စသည်တို့ပါဝင်သည်။ ရိုက်ကူးပြီးဓာတ်ပုံများကို အလင်းအမှောင်မှအပ မည်သည့်ဆော့ဖ်ဝဲနှင့်မျှ ပြင်ဆင်ခြင်းမပြုလုပ်ရဘဲ အရှိအတိုင်းသာ သုံးစွဲရကြောင်း ဒုတိယရဲမှူးကြီးကျော်ဇေယျက ဆက်လက်ပြောကြားသည်။ ပတ်စ်ပို့ဓာတ်ပုံကို ဓာတ်ပုံဌာနတာဝန်ကျရဲအရာရှိက ပတ်စ်ပို့သီးသန့်ဆော့ဖ်ဝဲ ထည့်သွင်းထားသည့် ကွန်ပျူတာနှင့်ချိတ်ဆက်ထားသော သုံးချောင်းထောက် Canon EOS ပရော်ဖက်ရှင်နယ်ကင်မရာဖြင့် ရိုက်ကူးပေးခြင်းဖြစ်သည်။ ယင်းကင်မရာကိုလည်း ကင်မရာကုမ္ပဏီက လာရောက်ချိန်ညှိတပ်ဆင်ပေးထားပြီး ICAO သတ်မှတ်ချက်နှင့်အညီ ရိုက်ကူးရသည့်အတွက် ပုံထွက်ပြတ်သားကြည်လင်မှုကိုသာ အဓိကထားကြောင်း ၎င်းကပြောကြားသည်။
“စင်ကာပူက မြန်မာသံရုံးမှာ အရင်ကပတ်စ်ပို့သက်တမ်းသွားတိုးရင် အပြင်ကရိုက်ထားတဲ့ ဓာတ်ပုံပေးလို့ရတယ်။ အဲဒီတုန်းက စိတ်ချမ်းသာရတယ်။ အခု အဲဒီသံရုံးကပါ အပြင်ပုံဆို လက်မခံတော့ဘူး။ သူတို့ရိုက်ပေးတဲ့ပုံ သုံးခိုင်းတယ်။ ပိုက်ဆံပေးရလည်း စိတ်ကျေနပ်မှုမရှိဘူး”ဟု စင်ကာပူနိုင်ငံ၌ နေထိုင်အလုပ်လုပ်ကိုင်နေသည့် အသက်(၂၈)နှစ်အရွယ် အီလက်ထရွန်နစ်အင်ဂျင်နီယာတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ ပတ်စ်ပို့လျှောက်ထားရာတွင် ဖြေလျှော့မှုများပြုလုပ်ပြီးသည့်နောက်မှစ၍ တစ်ရက်လျှင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူပေါင်း တစ်ထောင့်ငါးရာဝန်းကျင်ရှိပြီး တနင်္လာ၊ သောကြာနေ့များတွင်မူ နှစ်ထောင်ကျော်ခန့်ရှိကြောင်း အဆိုပါရုံးမှသတင်းရရှိသည်။
နိုင်ငံခြားသား ဧည့်သည်များနှင့် ထိတွေ့ဆက်ဆံရသော ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ကိုရန်နိုင်ကလည်း မိမိဧည့်ခံ လမ်းညွှန်ရသော နိုင်ငံအများစုမှ ဧည့်သည်များ၏ ပတ်စ်ပို့ စာအုပ်များကို တွေ့မြင်ဖူးပြီး မြန်မာနိုင်ငံမှ ထုတ်ပေးသည့် ပတ်စ်ပို့စာအုပ်ပါ ဓာတ်ပုံများကဲ့သို့ ရုပ်ရည်ဆိုးရွားခြင်းမရှိကြောင်း ပြောကြားသည်။ “အင်္ဂလန်၊ အမေရိကန်၊ စပိန် စတဲ့နိုင်ငံတွေက ဧည့်သည်တွေရဲ့ ပတ်စ်ပို့စာအုပ်တွေ တွေ့ဖူးပါတယ်။ သူတို့ဓာတ်ပုံက ဓာတ်ပုံဆိုင်တွေမှာ ရိုက်ထားတဲ့ပုံတွေအတိုင်းပဲ။ ကျွန်တော်တို့ဆီက ပုံတွေလိုမဆိုးဘူး။ ကျွန်တော်ကိုယ်တိုင် ပတ်စ်ပို့လျှောက်တုန်းကလည်း ကိုယ့်ပုံကိုယ် မမှတ်မိလောက်အောင် ဖြစ်သွားဖူးတယ်။ ဘာကွာလဲတော့ မသိပါဘူး”ဟု ကိုရန်နိုင်ကပြောကြားသည်။
မြန်မာနိုင်ငံကူးလက်မှတ်များကို ၂၀၁၀ ဧပြီလမှစ၍ စက်ဖြင့်ဖတ်ရှုစစ်ဆေးထုတ်ပေးသည့်စနစ် (Machine Readable)သို့ ပြောင်းလဲခဲ့ပြီး ယနေ့အထိ သုံးနှစ်နီးပါးအတွင်း နိုင်ငံကူးလက်မှတ်စာအုပ်ပေါင်း တစ်သန်းနှင့်နှစ်သိန်း ထုတ်ပေးထားပြီးဖြစ်သည်။ ဖြေလျှော့မှုများပြုလုပ်ခဲ့သည့် ၂၀၁၃ မတ်လမှစ၍ ယခုသြဂုတ်လအထိ နိုင်ငံကူးလက်မှတ်ပေါင်း ခန့်မှန်းခြေ တစ်သိန်းနှစ်သောင်း ၀န်းကျင်ထုတ်ပေးပြီးဖြစ်ကြောင်း ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောကြားသည်။ 

No comments:

Post a Comment