Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 15, 2013

တောင်ပြုန်းဘုရားပွဲ ငွေတောင်းသူများကို ဂေါပကအဖွဲ့ ဖယ်ရှားသွားမည်ဟုဆို


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းရွာ ဘုရားပွဲတော်သို့ လာရောက် ငွေတောင်းရမ်း သူများနှင့် ကြဲချငွေကောက်သူများကို အဆိုပါ ဘုရားဂေါပက အဖွဲ့ကဖယ်ရှားသွားမည် ဖြစ်ကြောင်း တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ တောင်ပြုန်း ပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာသော တောင်းစားသူများနှင့် တောင်ပြုန်းကျေးရွာ အနီးဝန်းကျင်မှ အပျော်တမ်း ငွေကောက်သူများကို ပွဲတော်ကျင်းပရေး ကော်မတီ က သြဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပွဲတော် လုံခြုံရေး ရဲဝန်ထမ်း၊ မီးသတ် ဝန်ထမ်းတို့နှင့် ပူးပေါင်းပြီး နေ့စဉ် ဖယ်ရှားရှင်းလင်းသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အနယ်နယ် အရပ်ရပ်မှ တောင်ပြုန်းပွဲသို့ ဘုရားဖူးသူများကို ကားပေါ်မှ ငွေကြဲချခြင်း မပြုလုပ်ကြရန် ပွဲတော်အဝင် ဂိတ်ပေါက်မှ နေ့စဉ် အသံချဲ့စက်ဖြင့် သတိပေးနေသော်လည်း ပွဲတော် လာသူများမှာ ငွေများကို ကြဲမြဲ ကြဲချနေခြင်းကြောင့် ငွေကြေး တောင်းရမ်းသူနှင့် အပျော်တမ်း ငွေကောက်နေသူများ ပိုမို များပြားလာရခြင်း ဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှ သိရသည်။

“၂ နှစ်လောက် ရှိပြီ။ တောင်းတဲ့လူတွေနဲ့ အပျော်တမ်း ကောက်သူတွေ များလာတယ်။ မနက်ဖြန်က စပြီး ဖယ်ရှားမှာပါ။ ကလေးတွေကို မိဘနဲ့ ဆက်သွယ်ပြီး ပြန်အပ်မယ်။ နယ်ဝေးက လူတွေကို ပြန်လွှတ်မယ်” ဟု တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းက ဆိုသည်။

အဆိုပါ ရွေ့လျား တောင်းစားသူများမှာ ချောက်၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ မိတ္ထီလာစသော နယ်ဝေးများမှ အုပ်စုလိုက် ရောက်ရှိလာခြင်း ဖြစ်ပြီး ပွဲတော်အတွင်း လစ်လပ် နေရာများတွင် ယာယီ တဲထိုးကာ ပွဲတော် ပြီးသည်အထိ တောင်းရမ်းကြကာ ယင်းတောင်ပြုန်း ပွဲတော်ပြီးပါက ရတနာ့ဂူ နတ်ပွဲ၊ ပခန်းမင်းကြီးပွဲ စသဖြင့် ပွဲများသို့ လှည့်လည် တောင်းရမ်းကြကြောင်း အဆိုပါ တောင်းရမ်းသူ များထံမှ စုံစမ်း သိရှိရသည်။

“ယောက်ျားက အုတ်သယ်တဲ့ကားမှာ အလုပ်လုပ်တယ်။ ကားပေါ်က လိမ့်ကျပြီး လက်ကျိုးသွားတော့ ကလေး နှစ်ယောက်နဲ့ လုပ်ကိုင် မစားတတ်လို့၊ ကျောင်းတော်ရာက လာတောင်းတဲ့ အဖွဲ့က ခေါ်လို့ လိုက်လာတာ။ ကျောင်းတော်ရာအဖွဲ့မှာ လူ ၂၀ ကျော် ပါတယ်။ မနေ့က ၁၈၀၀ ရတယ်” ဟု မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ်ရှိ ကျောင်းတော်ရာမှ လာရောက် တောင်းရမ်းနေသူ အသက် ၃၀ ကျော်အရွယ် ဒေါ်ကြည်က ဆိုသည်။

ပွဲတော်အတွင်းသို့ အနာကြီးရောဂါ ဝေဒနာရှင်များ လာရောက် တောင်းရမ်းပါက ၎င်းတို့ကို နေရပ် သို့မဟုတ် ဆေးရုံ ဆေးခန်းများသို့ ပို့ဆောင်ပေးကြောင်း ယင်းပွဲတော် တာဝန်ရှိသူက ဆက်လက် ရှင်းပြသည်။

မတ္တရာမြို့နယ် နံ့သာမြိုင် အနာကြီးရောဂါ ဝေဒနာရှင်များအတွက် ထားရှိသောရွာမှ အနာကြီး ဝေဒနာရှင် အများစု ပါဝင်သော လူ ၅၀၀ ဦးခန့်သည် ပွဲတော်အတွင်း မဝင်ရသဖြင့် ပွဲတော်အပြင် ကားလမ်းဘေး လယ်ကွင်းများတွင် တဲထိုး၍ အုပ်စုလိုက် နေကြပြီး ယင်းကျေးရွာများရှိ ထမင်း ရောင်းသူများက ၎င်းတို့ကို ပိုက်ဆံပေးသော်လည်း ထမင်း မရောင်းသဖြင့် နံ့သာမြိုင်ရှိ ဝေဒနာရှင်များ အတွက် ရောင်းသော ထမင်းဆိုင်ကိုပါ ရွှေ့လာရကြောင်း၊ စားစရိတ်အဖြစ် တစ်ရက်လျှင် ၁၂၀၀ ကျပ် ရှိပြီး သြဂုတ်လ ၁၃ ရက်နေ့အတွက် တောင်းရငွေသည် နေ့လယ်ပိုင်းခန့်အထိ ကျပ် ၂၀၀ ခန့်သာ ရသေးကြောင်း အဆိုပါကျေးရွာမှ အနာကြီး ဝေဒနာရှင် ဦးတင်ဇာလွင်က ပြောကြားသည်။

အဆိုပါ ဝေနာရှင်များထဲမှ ၅၀ ဦးခန့်သည် တောင်ပြုန်းပွဲ ပြီးပါက ရတနာ့ဂူပွဲသို့ ဆက်လက် အလှူခံ ထွက်မည် ဖြစ်ပြီး နယ်မြေဝေးခြင်း၊ နေထိုင်ရန် နေရာ မရှိခြင်းတို့ကြောင့် ဝေဒနာရှင် အများစုသည် ရတနာ့ဂူသို့ မသွားရောက်နိုင်ကြောင်း ၎င်းက ထပ်မံ ရှင်းပြသည်။

တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ အနေနှင့် အနာကြီးရောဂါ ဝေဒနာရှင်များကို ပွဲတော် အတွင်းသို့ ဝင်ရောက်ခွင့် မပြုကြောင်းနှင့် နှစ်စဉ် တောင်ပြုန်းပွဲတွင် တောင်းရမ်း စားသောက်နေသူ ဦးရေ ၅၀၀ ကျော်မှ ၃၀၀၀ ခန့်အထိ ရှိပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာကြောင်း အဆိုပါဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မိုးကြိုး (MDY)
The Voice Weekly

No comments:

Post a Comment