Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 17, 2013

ကင်ဆာရောဂါဖြစ်ရင် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လဲ

ကင်ဆာဆေးနှင့် ဘေးထွက်ဆိုးကျိုး By ပါမောက္ခ ဒေါက်တာစိန်လင်း ခွဲစိတ်နှင့် ကင်ဆာပါရဂူ

17 August 2013 at 10:26
ကင်ဆာဆေးနှင့် ဘေးထွက်ဆိုးကျိုး By Good Health 15 August, 2013 - 16:23

ကင်ဆာဖြစ်ရင် ဘယ်လောက်ကြာကြာ နေနိုင်မလဲလို့ လူနာတွေက မေးကြတယ်။ ပုံမှန်အားဖြင့် တစ်ကမ္ဘာလုံး စာရင်းပြုစုချက်အရ နိုင်ငံတစ်နိုင်ငံမှာ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေမှာ အဆင့်လေးဆင့် ရှိပါတယ်။ အဆင့်တစ်ဆိုရင် ၉၀ ရာခိုင်နှုန်းက ငါးနှစ်နေနိုင်တယ်။ အဆင့်နှစ်ဆိုရင် ၇၀ ရာခိုင်နှုန်း၊ အဆင့်သုံးဆိုရင် ၆၀ ရာခိုင်နှုန်း၊ အဆင့်လေးဆိုရင် ၂၀ ရာခိုင်နှုန်းလောက်ပဲ ငါးနှစ် နေနိုင်ပါတယ်။ ဒါလူနာတွေ ဘယ်လောက် ကြာကြာနေနိုင်မယ် ဆိုတာကို ယေဘုယျ သတ်မှတ်ထားတာပါ။ ဒီနေရာမှာ တခြားအကြောင်းအရာတွေ အများကြီး ရှိပါသေးတယ်။ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ၊ အာဟာရပြည့်စုံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေလည်း လိုပါသေးတယ်။ ဆေးကုသမှုကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ကုသမှုခံယူဖို့လည်း လိုသေးတယ်။ ဆရာတို့ မမြင်နိုင်တဲ့ မျိုးရိုးဗီဇတွေလည်း အများကြီး ရှိသေးတယ်၊ အဲဒီတော့ လူနာတွေဘက်ကလည်း သေချာဂရုတစိုက် ကုသမယ်၊ အာဟာရကိုလည်း ကောင်းကောင်း မှီဝဲမယ်၊ ဆရာဝန် ညွှန်ကြားချက်အတိုင်း စနစ်တကျ ကုသမှုခံယူမယ် ဆိုရင်တော့ ဆရာတို့ သတ်မှတ်ထားတဲ့ သက်တမ်းထက် ပိုရှည်တာ တွေ့ရပါတယ်။ ကုသတဲ့ ဆရာဝန်တွေ အနေနဲ့လည်း ကင်ဆာကုသရင် မြတ်စွာဘုရား ဟောခဲ့သလိုပဲ ခြင်္သေ့မင်းထုံး နှလုံးမူရတာပါပဲ။ ဆေးကုသတဲ့ အခါမှာလည်း ကင်ဆာအလုံးက သေးသေးလေးဆိုပြီး လျှော့တွက်တာ၊ အရမ်းဆိုးရွားနေလို့ ဆိုပြီး အလွန်အကျွံ ကုသတာ တွေမရှိပါဘူး။ အားသွန်ခွန်စိုက် အားလုံးကို ညီတူမျှတူ ကုသမှု ပေးကြတာပါပဲ။

မြတ်စွာဘုရား ဟောခဲ့သလို ကံ၊ စိတ်၊ ဥတု၊ အာဟာရပေါ့။ ဆရာဝန်တွေပိုင်းက လုပ်ပေးနိုင်သလောက် လုပ်ပေးပြီးတဲ့ အချိန်မှာ ကျွေးသင့်တဲ့ အာဟာရလောက်ပဲ လုပ်ပေးနိုင်တာပါ။ သူရဲ့ ကံတရားကတော့ လူနာကိုယ်တိုင် ကုသိုလ်ကောင်းမှုတွေ လုပ်မှဖြစ်မယ်။ ဒါကလည်း အရေးကြီးပါတယ်။ လူနာတွေ ထင်သလို ကင်ဆာဖြစ်လာရင် ခြောက်လလောက်ပဲ ခံနိုင်မယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ တချို့လည်း သေချာကုရင် ခြောက်လ၊ တစ်နှစ်ခံမယ့်သူက ငါးနှစ်၊ ၁၀ နှစ်နေတာမျိုးတွေ တွေ့ဖူးပါတယ်။ တချို့လည်း ကောင်းတဲ့ အခြေအနေကနေ ရုတ်တရက်ကြီး တခြားအပိုင်းကို ကင်ဆာပြန့်ပြီး ဆုံးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တချို့လည်း ကင်ဆာကြောင့် မဟုတ်ဘဲ လေဖြတ်တာတို့၊ နှလုံးရောဂါတို့ ဖြစ်ပြီး ဆုံးသွားတာမျိုးတွေတောင် ရှိတော့ လူ့ဘဝဆိုတာ ပြောရခက်ပါတယ်။ စာအုပ်တွေထဲမှာလည်း ရေးပါတယ်။ အသေချာဆုံးအရာက မသေချာဆုံးပါပဲ။ ဘယ်သူမဆို ကုသိုလ်ကောင်းမှုတွေ နေ့တိုင်း လုပ်သင့်တယ်။ စိတ်ကိုလည်း ကြည်ကြည်လင်လင် ထားစေချင်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစာကို မှီဝဲသင့်ပါတယ်။ ကျန်းမာရေး ထိခိုက်စေမယ့် ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေးဝါးမှီဝဲတာ၊ ကျန်းမာရေး ထိခိုက်စေမယ့် ပတ်ဝန်းကျင်မှာလည်း မနေသင့်ပါဘူး။ ကျန်းမာရေး ပညာပေး စာစောင်တွေ ဖတ်သင့်တယ်၊ ကိုယ့်မှာထူးခြားတဲ့ လက္ခဏာတွေ (ဥပမာ ချောင်းဆိုးတာ၊ ကိုယ်ပူတာ နှစ်ပတ်လောက်နဲ့ မပျောက်ဘူး၊ ကိုယ်အလေးချိန်က အကြောင်းရင်း မရှိဘဲ ကျလာတယ် စတဲ့ ဘာကြောင့်မှန်း မသိတဲ့ အကြောင်းလေးတွေ) ရှိလာရင် စောစောစီးစီး အမြန်ဆုံး စစ်ဆေးသင့်တယ်လို့ ဆရာ အကြံပြုချင်ပါတယ်။ အဓိကကတော့ ကုသိုလ်ကောင်း မှု များများလုပ်စေချင်ပါတယ်။

ဘာသာတရားနဲ့ နေတာက ကင်ဆာဖြစ်နိုင်ခြေ နည်းတယ်ဆိုတာ ယေဘုယျအားဖြင့်တော့ ပြောချင်ပြောလို့ ရပါတယ်။ ဒါပေမဲ့ တရားထိုင်နေတဲ့ ဆရာတော်ဘုရားကြီးတွေမှာတောင် တချို့ဆို ကင်ဆာ ဖြစ်နေကြတာပဲလေ။ မလွတ်ကင်းနိုင်ပါဘူး။ တစ်ခုရှိတာကတော့ ဘာသာတရားနဲ့ နေတယ်၊ တချို့ဆို သက်သတ်လွတ် စားကြတယ်။ ဒီလိုတွေလုပ်တော့ ကင်ဆာဖြစ်နိုင်ခြေတော့ နည်းသွားပါတယ်။ ဆေးလိပ်လည်း မသောက်ဘူး၊ ဓာတုပစ္စည်းတွေလည်း မထိတွေ့ဘူး၊ တရားထိုင်တော့ စိတ်လန်းဆန်းတယ်၊ စိတ်လန်းဆန်းတော့ ဇီဝကမ္မဖြစ်စဉ်တွေလည်း ကောင်းပါတယ်။ ဒီတော့ ကိုယ်ခံစွမ်းအားလည်း ကောင်းပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ဒါပေမဲ့လည်း မျိုးရိုးဗီဇ ပါလာရင်၊ ခရိုမိုဆုမ်းတွေ ပါလာရင်တော့ ရှောင်လို့ မရပါဘူး။ ကံအကြောင်းတရားတွေလည်း ဆိုင်ပါတယ်။

ပါမောက္ခ ဒေါက်တာစိန်လင်း ခွဲစိတ်နှင့် ကင်ဆာပါရဂူ

No comments:

Post a Comment