Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 9, 2013

ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်


 နေပြည်တော်၊ ဇွန် ၉
၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း””ခရီးသည်တင်မှန်လုံယာဉ်သည် သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး၊ ဘုရားကုန်းကွေ့အရောက်၌ ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အားအနီးရှိ မြေသားလမ်းအတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။

 ထိုသို့ခေါ်ဆောင်သွားကြောင်း သတင်းရလျှင်ရခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများ ပူးပေါင်း၍ လိုက်လံ စုံစမ်းရှာဖွေခဲ့ရာ ၂၁၄၅ အချိန်တွင် ယာဉ်အားတောင်စွန်းဘုရားကုန်း ဘုန်းကြီးကျောင်း အ၀င်လမ်း၊ မော်လမြိုင်-ရန်ကုန်ကားလမ်းနှင့် ၁ ဖာလုံခန့်အကွာ၌ တွေ့ရှိရသည်။ ယာဉ်အား စစ်ဆေးရာ ယာဉ်၏ယာဘက်ဘေး ပစ္စည်းထည့်သည့်နေရာအနီးတွင် ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆)နှစ်အား ဦးခေါင်း၌ သေနတ်ဒဏ်ရာ(၁)ချက်နှင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး ယာဉ်၏မြောက်ဘက် ကိုက်(၄၀)ခန့်အကွာ၊ ခြုံနှင့်လယ်ကွင်းအကြားတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ ယာဉ်မောင်း ဇော်လင်းထူး(၃၈)နှစ်အား ပါးစပ်၌သေနတ်ဒဏ်ရာ(၁)ချက်ဖြင့် သွေးများထွက်လျက် တွေ့ရှိရသည်။

 ထို့ပြင် ယာဉ်ပေါ်သို့စစ်ဆေးခဲ့ရာ ယာဉ်မောင်းထိုင်ခုံဘေးတွင် ၉ မမ ကျည်ခွံ(၁)တောင့်၊ ယာဉ်မောင်းထိုင်ခုံနောက် ၂ ခုံကျော်တွင် ၉ မမ ကျည်ခွံ (၂)တောင့်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ခရီးသည်များအခြေအနေအား စုံစမ်းရာ ခရီးသည်အချို့မှာ သထုံမြို့““မိဘမေတ္တာ””ထမင်းဆိုင်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။ ထမင်းဆိုင်သို့ သွားရောက်စုံစမ်းခဲ့ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နေ ဦးထိန်(၄၇)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်နေ ယာဉ်မောင်းအကူ ဦးညီညီအောင်(၅၈)နှစ်ပါ (၆)ဦးတို့အား တွေ့ရှိခဲ့ရပြီး ခရီးသည်အချို့မှာ မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့် မော်တော်ယာဉ်များဖြင့် လိုက်ပါသွားကြောင်း သိရှိရသည်။
စုံစမ်းစစ်ဆေးချက်များအရ သေနတ်သမား(၅)ဦးမှာ ယာဉ်ပေါ်၌လိုက်ပါလာခဲ့ပြီး တောင်စွန်းရွာအလွန် ဘုရားကုန်းကွေ့အနီးအရောက်တွင် သေနတ်ပစ်ဖေါက်၍ ယာဉ်အား ဘုရားကုန်း ဘုန်းကြီးကျောင်းလမ်းထဲသို့ ၁ ဖာလုံခန့်မောင်းခိုင်းပြီး ယာဉ်အားရပ်တန့်ခိုင်းကြောင်း၊ ထို့နောက် ခရီးသည်များအား ယာဉ်ပေါ်မှဆင်းခိုင်းပြီး ရွှေ၊ ငွေ ပစ္စည်းများ ယူဆောင်ကြကြောင်း၊ သေနတ်သမားအားလုံး အရပ်ဝတ်ဖြင့် ကက်ဦးထုပ်ဆောင်းထားကြောင်း၊ ၂ ဦးမှာ မျက်နှာဖုံးအမဲရောင် စွပ်ထားကြောင်း၊ စကားပြောရာတွင် ပါးစပ်ကိုလက်ဖြင့်အုပ်၍ အသံဖျက်ပြောကြောင်း၊ အခင်းဖြစ်ချိန် တွင် ကားမီးမှိန်ထားသဖြင့် ကောင်းစွာမမှတ်မိကြောင်းနှင့် ရာဇာမင်းယာဉ်ပိုင်ရှင်အား မကျေနပ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 သို့ဖြစ်၍ ၂၃၅၀ အချိန် ဒဏ်ရာရရှိသည့် ယာဉ်မောင်း ဇော်လင်းထူးအား သထုံဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ၉-၆-၂၀၁၃ ရက်နေ့ ၀၁၁၅ အချိန် မော်လမြိုင်ဆေးရုံသို့ ဆက်လက်တင်ပို့ကုသခဲ့သည်။ ပြစ်မှုကျူးလွန်သူ သေနတ်သမား ၅ ဦးအား သထုံမြို့မရဲစခန်း (ပ)၉၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး ရဲတပ်ဖွဲ့က လိုအပ်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment