Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 6, 2013

ညှို့ဓာတ် ပြင်းလိုသော ပုရိသများ

 
ညှို့ဓာတ် ပြင်းလိုသော ပုရိသများ
..................................
အယ်ဒီတာတစ်ဦး

မျက်နှာခွဲစိတ် အလှပြင်ခြင်းကို အနုပညာရှင်များနှင့် အမျိုးသမီးများ အလုပ်ဟု ထင်ကြသည်။ သို့သော် အာရှတွင် ယောက်ျားလေးများ အလှ ပြင်ခြင်းလုပ်ငန်း ခေတ်စားလာသည်။ ဓားများ၊ အပ်များ၊ လေဆာများကို ယောက်ျားလေးတွေ သာယာ လာကြသည်။ အာရှ ဈေးကွက်တွင် ပုရိသ တို့လှချင် လာသောကြောင့် အလှပြင် လုပ်ငန်းကြီး ပိုပြီးဖွံ့ ဖြိုးလာတော့မည်ဟု ထင်ကြေး ပေးသူတွေ က ပေးနေကြသည်။

ယောက်ျားတွေ အဘယ်ကြောင့် လှချင်ကြသနည်း။

အမေရိကန် ပြည်ထောင်စု စီးပွားရေးပညာရှင် ပါမောက္ခ ဒင်နီရယ်အက်စ်ဟာမားမာ့ရှ် ရေးသားသည့် ‘Beauty Pays’ ဆို သည့် စာအုပ်တွင် ရုပ်ရည် ချောမောလှပသည့် ယောက်ျားလေးများသည် ရုပ်ဆိုး သည့် ယောက်ျားလေးများထက် အလုပ်အကိုင် အခွင့်အလမ်း ၁၀ မှ ၁၅ ရာခိုင်နှုန်း အထိ ရရန် ပိုသေချာသည်ဟု ဆိုထားသည်။

ယခင် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည် အာဏာရနေ ချိန်တွင် အလှပြင် ပစ္စည်းများနှင့် မိတ်ကပ်အတွက် အသုံးစရိတ်သည် ပေါင် ၁၈၀၀ (၂၇၅၀ ဒေါ်လာခန့်) သုံးစွဲသည်။ ဗြိတိန်နိုင်ငံက အမျိုးသမီးတစ်ဦးသည် မိတ်ကပ်နှင့် အသား အရေ ထိန်းသိမ်းမှုအတွက် ၁၉၅ ပေါင်ခန့် သာ သုံးစွဲသည် ဆိုသည့်အချက်နှင့် နှိုင်းယှဉ် ကြည့်ရန်ဖြစ်သည်။

ရှမ်ပတ်ဟင်သည် အသက် ၂၁ နှစ် ရှိပြီး သူ့မျက်နှာကို အကြိမ်ပေါင်းများစွာ ခွဲစိတ် ပြုပြင်ခဲ့သည်။ မျက်နှာကို သွယ်လျလျလေး ဖြစ်စေရန် (V shape) ခွဲစိတ် ပြုပြင်ခြင်း၊ ဆေးထိုးခြင်း၊ လိမ်းဆေးများ လိမ်းခြင်း၊ မျက်နှာ ပေါင်းတင်ခြင်းတွေ အားလုံး လုပ်သည်။ သူ့မျက်နှာကို လှပရန် နည်းပေါင်းစုံ ဖြင့် ပြုပြင်ထားသူ ဖြစ်သည်။

သူသည် Blogger တစ်ယောက်ဖြစ် ပြီး သူ့စာဖတ် ပရိသတ်တွေက သူ့ကို ‘အာဖန်း’ဟုအသိများသည်။ သူက ‘တကယ် လို့ မျက်နှာကို ခရင်မ် လိမ်းရုံနဲ့ ဗီရှိတ်လေး ဖြစ်သွားမယ်ဆိုရင် မျက်နှာခွဲစိတ် ပြုပြင်တဲ့ ဆေးခန်းတွေ ထမင်းငတ် သွားမှာပေါ့’ ဟု သူ့ Blog တွင် ရေးသားထားသည်။ သူလည်း မျက်နှာပေါ်ရှိ အရေးအကြောင်းတွေကို ဖျောက် လိုက်သဖြင့် တစ်ပတ်အတွင်း လူသစ် တစ်ယောက်လို ဖြစ်သွားသည်။

အာရှတွင်ယောက်ျားလေးများ မျက်နှာအလှပြင်သည့် လုပ်ငန်းသည် ဈေးကွက်ကြီးတစ်ခု ဖြစ်လာသည်။လမ်းများပေါ်တွင် ယခင်အမျိုးသမီး ဗြူတီပါလာ နေရာများ၌ အမျိုးသား ခွဲစိတ်အလှပြင် ဆိုင်တွေ နေရာယူလာသည်။ ယောက်ျားမျက်နှာ ခွဲစိတ်အလှပြင် ဆေး ခန်းတွေ အခန့်သားဖွင့် လာကြသည်။ မျက်ရစ် ခွဲစိတ်ခြင်း၊ မျက်ခွံ ပြုပြင်ခြင်း၊ ဆံပင် အစားထိုးခြင်း၊ အသား အစားထိုးခြင်း၊ မျက်နှာပေါ်က အဆီ များကို ထုတ်ခြင်းစသည့် ခွဲစိတ်ပြုပြင် မှု ပေါင်းစုံကို ပြုလုပ် လာကြသည်။

အာရှတွင် ၂၀၁၁ ခုနှစ် မျက်နှာကို မျိုးစုံ ပြုပြင်ခြင်း လုပ်ငန်းအား ၄ ဒသမ ၃ သန်းအထိ လုပ်ဆောင်လာသည် ဆိုသဖြင့် အံ့သြလောက်သည့် အရေအတွက် ပမာဏ ဖြစ်လာသည်။ တောင်ကိုရီးယားနိုင်ငံတွင် မျက်နှာခွဲစိတ် ပြုပြင်သည့် လုပ်ငန်းသည် ဈေးကွက်စီးပွားရေး လုပ်ငန်းကြီးတစ်ခု ဖြစ်လာသည်။ နိုင်ငံအတွင်း မျက်နှာအလှပြင် ခွဲစိတ်သည့် ဆေးရုံပေါင်း ၄၀၀ ကျော်ရှိပြီး ပလတ်စတစ် ဆာဂျင်ဟုခေါ်သည့် ဆရာဝန် ပေါင်း ၁၈၀၀ ခန့်ရှိသည်။

တရုတ် ပြည်မကြီးတွင် ၂၀၁၀ ပြည့် နှစ်က မျက်နှာ ခွဲစိတ် အလှပြင်သည့် လုပ်ငန်းမှ ရရှိငွေ စုစုပေါင်းသည် ယွမ် ဘီလီယံ ၃၀၀ ခန့် (ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့်) ဖြစ်သည်။ ၂၀၁၁ ခုနှစ် တွင် မျက်နှာအလှပြင် ခွဲစိတ်မှုပေါင်း တစ်သန်းခန့် ပြုလုပ်ခဲ့ရသောကြောင့် ကမ္ဘာ့ အဆင့်တတိယ လိုက်သွားသည်။ ကမ္ဘာပေါ်တွင် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယတို့က သူ့ရှေ့တွင် ရှိနေကြောင်း နိုင်ငံတကာ ပလတ်စတစ် ဆာဂျရီ အဖွဲ့ကြီး (ISAPS) က ဆိုသည်။

လွန်ခဲ့သော ၂ နှစ်ခန့် လောက်ကစပြီး တောင်ကိုရီးယားနိုင်ငံတွင် Sloane ဆေးခန်းများ အလျှိုအလျှို ပေါ်ထွန်းလာသည်။ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့တွင် ဆေးခန်း ခွဲပေါင်း ခြောက်ခန်းအထိ တိုးချဲ့ ဖွင့်လှစ် နိုင်ခဲ့သည်။

“ယောက်ျားလေးအလှပြင် ဈေးကွက်ဟာ အလှပြင် လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေကိုလည်း ဖွံ့ ဖြိုးသွားစေလိမ့်မယ်။ ဒီလိုယောက်ျားလေး လုပ်ကွက်တွေ ချဲ့လာလို့ မိန်းကလေး ဈေးကွက် ပျောက်သွားစရာလည်း အကြောင်း မရှိဘူး။ ဈေးကွက်နှစ်ခု ပေါင်းပြီး ပိုထွန်းကား လာမယ့် အနေအထားမှာရှိတယ”ဟု ဆေးခန်း ဒါရိုက်တာ ဒေါက်တာ လိုချိန်လင်းက ဆိုသည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ဒေါက်တာလို ဆေးခန်းသို့ လာပြီး မျက်နှာခွဲ စိတ်ပြုပြင်သူ များတွင် ယောက်ျားလေး ၁၀ မှ ၁၅ ရာခိုင်နှုန်းခန့်သာ ရှိပြီး၊ ယနေ့ ခွဲစိတ်ခန်းလာသူ သုံးပုံတစ်ပုံ ခန့်သည် ယောက်ျားလေး များ ဖြစ်လာသည်။ ရုပ်ရည် ဖြင့် လုပ်စားရသူများ၊ မန်နေဂျာများ၊ ဌာန ဆိုင်ရာ အကြီးအကဲ တာဝန်ယူထား သူများ နှင့် စီးပွားရေးလုပ်ငန်းရှင် အသက် ၃၀ မှ ၃၅ နှစ်အတွင်း လူပျိုကြီးများသည် များသော အားဖြင့် မျက်နှာ ပြုပြင်ခြင်းလုပ်ငန်း များကို လုပ်ဆောင်လာ ကြသည်။ အထူးသဖြင့် မျက်နှာခွဲစိတ်သည့် လုပ်ငန်းများ ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ ဖြစ်ခဲ့သူ ရိုမူဟွမ်းသည် မျက်ခွံ နှစ်ဖက်စလုံးကို သူ့သမ္မတကာလ အတွင်း ခွဲစိတ် ပြုပြင်ခဲ့သည်။ သမ္မတအဖွဲ့က မျက်ခွံ ပိကျလာသဖြင့် ခွဲစိတ်ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ ဖူးသည်။

လက်ခံသင့်သော စံလော

ယောက်ျားလေးတွေ မျက်နှာကို အလှပြုပြင်ခြင်းသည် လက်ခံနိုင်စရာလော ဟုဆွေးနွေး ငြင်းခုံမှုများ လည်းဖြစ်လာသည်။ မိန်းမလိုလို ယောက်ျား လိုလို ပြုပြင် လာသည့်အပေါ် လက်မခံနိုင်သည့် အဖွဲ့ အစည်းများလည်း ရှိသည်။ ယခင်က ယောက်ျားများ ခွဲစိတ်ပြုပြင်သည် ဆိုခြင်းမှာ ဆေး မင်ကြောင် ထိုးထားခြင်းများကို လေဆာ ရောင်ခြည်ဖြင့် ဖယ် ရှားခြင်းလောက်သာ ရှိသည်။

ယနေ့ Sloane ဆေးခန်းများတွင် လေဆာဖြင့် မျက်နှာပြင်ပေါ်ရှိ ဝက်ခြံ အမာရွတ်များကို ဖယ်ရှားခြင်း၊ မျက်နှာပြင်ပေါ်ရှိ အဆီများကို ဖယ်ထုတ်ခြင်းနှင့် နှာခေါင်း၊ မေးရိုးစသည့် အကြီးစား ခွဲစိတ် ပြုပြင်ခြင်း များအထိ ယောက်ျားလေးများ လာရောက် ပြုလုပ်နေ ကြသည်။ အချို့ ပိုက်ဆံတတ်နိုင် သူတွေက ကိုယ်ခန္ဓာပေါ်ရှိ အပိုထွက်နေသော အပိုင်းများကိုပါ ဖယ်ရှားသည်အထိ လုပ်လာကြသည်။

ဥပမာ-ဘီယာဗိုက်များကို အဆီပြင်ထုတ်သည့် ခွဲစိတ်မှုမျိုး ဖြစ်သည်။
မကြာမီ ဖွံ့ ဖြိုးတိုးတက်လာနိုင်သည့် လုပ်ငန်းမှာ ဗိုက်သားအဆီထုတ်ခြင်းလုပ်ငန်းဖြစ်လာ နိုင်သည်ဟု ISAPS က ခန့်မှန်းထားသည်။ နှာခေါင်း ပြုပြင်ခြင်း လုပ်ငန်းသည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့တွင် ဖွံ့ ဖြိုးတိုးတက်လာသည့် စီးပွားရေး လုပ်ငန်း ငါးခုထဲတွင် တစ်ခု အပါအဝင် ဖြစ်လာကြောင်းကို အံ့သြဖွယ်တွေ့ မြင်လာ ရသည်။

Botox ဆိုသည့် အစားထိုး လုပ်ငန်း သည်လည်း အလှပြင်လုပ်ငန်း တွင် ခေတ်စား လာသည်။ ဥပမာ-အမျိုးသမီးများ ရင်သား အစားထိုးခြင်းလုပ်ငန်း ဖြစ်သည်။ ယခုအခါ အမျိုးသားများပါ ရင်သား မို့မောက်စေရန် ပြုပြင်ခြင်း လုပ်ငန်းများ ခေတ်စား လာပြန် သည်။ ယောက်ျားလေးများ ပြုပြင်ပြောင်းလဲလာသည့် အခြား အလုပ်များမှာ အသားအရေ အပေါ်ယံချွတ်ခြင်း၊ ဆံပင် ပေါက်စေရန် လေဆာဖြင့် ကုသခြင်း လုပ်ငန်းများ ဖြစ်သည်။

နယူးဇီလန်သား များသည် ၂၀၁၁ခုနှစ်က အရေပြား ဆေးထိုးခြင်းနှင့် အသား အစားထိုးခြင်း လုပ်ငန်းများကို ဒေါ်လာ ၂၂ သန်းဖိုးခန့် အကုန်အကျခံ ခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ်ကထက် ၂၀ ရာခိုင်နှုန်းတိုး မြင့်လာသည်ဟု နယူးဇီလန် ဆေးကောလိပ် တစ်ခုကဆိုသည်။

အချို့သောကိစ္စများသည် ခွဲစိတ်ပြု ပြင်ရန် မလိုဘဲ အားကစားရုံသွားပြီး လှုပ်ရှား ကစားလိုက်လျှင် ရနိုင်သော်လည်း နာရီပေါင်း များစွာ၊ ရက်ပေါင်း များစွာ ရင်းနှီးရမည့် ကာလများကို သဘော မကျသဖြင့် ရေတိုအဖြစ် ပိုက်ဆံပေးပြီး အနာခံလိုက် ကြသည်။

“ယောက်ျားလေး အများစုက အလုပ် လုပ်နေကြရတော့ အားကစားအတွက် အချိန် မပေးနိုင်ဘူး။ ဒါကြောင့် ပိုက်ဆံစုပြီး အန္တရာယ် မရှိတဲ့ အသေးစား ခွဲစိတ်မှုလေးတွေ လုပ်လာကြတယ်” ဟုဒေါက်တာလိုက ပြောသည်။
မျက်နှာ ခွဲစိတ် ပြုပြင်ခြင်းကို ယခင်က သေမှာမကြောက်ဘူး လားဟု ပြောကြ သည့် ခေတ်ကုန်သွားပြီ ဖြစ်သည်။ အန္တရာယ် မရှိကြောင်း သက်သေပြနိုင် ခဲ့သောကြောင့် လည်း စမ်းသပ်ချင် သူတွေ များလာသည်။

“လူ့ဘောင် အဖွဲ့အစည်းမှာ ဆုပ်စူး စားရူး ဖြစ်လာနိုင်စရာ ကိစ္စတွေက အများ ကြီးပဲ။ တစ်ဖက်က ကြည့်ရင် နည်းပညာကို အားကိုးချင်ကြတယ်။ နောက်တစ်ဖက်က လည်း ငါယောက်ျား ဆိုတဲ့မာန်တွေက ရှိနေ သေးတယ်။ ဒါကြောင့် အခြားနေရာတွေ ကို ပြုပြင်ချင် ပြုပြင်မယ်၊ မိတ်ကပ်တွေ လူးပြီး တော့ ပြုပြင်မယ့် သူတွေရှိဦးမှာ မဟုတ်ဘူး”ဟု ဒေါက်တာလိုက ဆိုသည်။

အာရှစံတွင် ယောက်ျားလေး မှန်လျှင် သန်မာ တောင့်တင်းပြီး ကျားကျား လျားလျား ရှိရမည်ဟု လက်ခံထားကြသည်။ကြွက်သား မို့မို့ ထုထုပြီး ခရာချင် စရာဟုပင် တင်စားခဲ့ကြသည်။ သို့သော် ခေတ်လူငယ် တွေက ပိန်ပိန်ပါးပါး ရှူနာရှိုက်ကုန်းကိုမှ အမိုက်ဆုံးအဖြစ် လက်ခံလာကြသည်။

အလုပ်အကိုင် အခွင့်အလမ်းအတွက် လျှောက်လှမ်းရသည့် ခရီးတွင် လုပ်ငန်းရှင် တွေကလည်း ကျားကျားလျားလျားထက် သွယ်လျလျ လှလှပပ ကောင်လေးတွေကို မျက်နှာသာပေး လာခြင်း ကလည်း အလှ အပကို ယောက်ျားလေးများ လုပ်ဆောင် လာစေရန် သွေးဆောင်နေ သလိုဖြစ်ခဲ့သည်။

အာရှဈေးကွက်တွင် အသားအရေ ပြုပြင်ထိန်း သိမ်းခြင်းက ဈေး အပေါဆုံး ဖြစ်ပြီး ဒေါ်လာ ၃၀ ခန့်ရှိသည်။ အများဆုံး လုပ်ဆောင်ကြသည့် လုပ်ငန်းလည်း ဖြစ်သည်။ အသား အစားထိုးခြင်း၊ လေဆာဖြင့် ခွဲစိတ်ခြင်းတို့သည် လုပ်ငန်းအလိုက် ဒေါ်လာ ၄၀၀ မှ ဒေါ်လာ ၁၂၀၀ အထိရှိ သည်။ နှာခေါင်းချွန် ချွန်လေးတွေအဖြစ် ခွဲ စိတ်ပြုပြင်ခ ကပင် ဒေါ်လာ ၄၀၀၀ ခန့်ပေါက် ဈေးရှိသည်။

၂၀၁၆ ခုနှစ်တွင် အာရှ ပစိဖိတ်ဒေသ တစ်ဝန်း အမျိုးသားများ အလှပြင်လုပ်ငန်း သည် လက်ရှိ အနေအထားထက် အဆပေါင်း များစွာ ဖွံ့ ဖြိုးလာလိမ့် မည်ဟု ခန့်မှန်းထား သည်။ လက်တင် အမေရိကပြီးလျှင် ဒုတိယ လိုက်လာနိုင်သည့် အနေအထားတွင် ရှိသည်။

ကိုရီးယား ရုပ်ရှင် လောကသားတွေ ကိုကြည့်လျှင် မင်းသား မင်းသမီးမရွေး မိတ်ကပ်တွေ လိမ်းလာကြသည်။ ကိုရီးယား ယောက်ျားလေး ၁၉ သန်းခန့်သည် ၂၀၁၁ ခုနှစ်တွင် အလှပြင်ခြင်း လုပ်ငန်း အတွက် ဒေါ်လာသန်း ၅၀၀ ခန့်သုံးခဲ့ ကြောင်းနှင့် ကမ္ဘာ့ အလှပြင်ပစ္စည်း ငါးပုံတစ်ပုံခန့် အသုံး ပြုသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည် ဆိုခြင်းက စိတ်ဝင်စားစရာ ဖြစ်သည်။

နိုင်ငံတကာတွင် ကိုရီးယားရုပ်ရှင်များ ထိုးဖောက်မှုကလည်း လှိုင်းထန်ဆဲ ဖြစ်သည်။ မျက်နှာ ပြုပြင်ထားကြသည့် ကိုရီးယား မင်းသားလေးတွေက အမျိုးသမီးများ အတွက် အာရုံအရဆုံး ဖြစ်နေသည်။

သို့ဖြစ်ရာ ညှို့ဓာတ် ပြင်းစေရန် မေးရိုးချွန် ပိန်လျလျ ငါဟဲ့ ယောက်ျားခေတ်ကို ထူထောင် လိုသူများကြောင့် မျက်နှာပြုပြင်သည့် လုပ်ငန်းများ ပိုပြီးခေတ်စား လာပေလိမ့်မည်။

(မေလ ၂၄ ရက်နေ့ထုတ် China Daily သတင်းစာပါ Coverstory ကို ပြန်လည် ရေးဖွဲ့ပါသည်။)

အယ်ဒီတာတစ်ဦး

No comments:

Post a Comment