Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 9, 2013

လက်ဇရီအခန်း ၂၀၃ (ဖိုးခွါး)


 ရှင်တို့ သိပြီးသား အကြောင်းအရာတွေထဲ ကျွန်မအကြောင်း ဘာပါလဲ
အပျိုမစစ်တဲ့ မိန်းမတစ်ယောက်အနေနဲ့ ရှင်တို့ ဝတ်လစ်စလစ်ကို ကျွန်မရဲတင်းစွာကြည့်ပစ်မယ်
ရှင်တို့ဟာ ဟန်ဆောင်မကောင်းတဲ့ အကြောင်းကျွန်မသိတယ်
ရှင်တို့ဟာ ဟိုတယ်အခန်းတံခါး ဂျက်ချလိုက်တဲ့ အချိန်မှာ ဘယ်သူမှ ဟန်မဆောင်တတ်ဘူး
... ကျွန်မရဲ့ သင်ယူမှုဟာ ရှင်တို့ရဲ့သင်ယူမှုတွေနဲ့ မတူဘူး
ရှင်တို့သိထားဖူးတဲ့ ကျွန်မလို လူမျိုးဟာ ကျွန်မမဟုတ်ဘူး
ကျွန်မမှာ ပထွေးမရှိဘူး၊ ရင်ကျပ်ရောဂါသည် အမေမရှိဘူး
ကျွန်မမှာ ကျောင်းစားရိတ်ထောက်စရာ မောင်လေးညီမလေးမရှိဘူး
ကျွန်မမှာ အပေါင်ဆိုင်က ပြန်ရွေးစရာ လက်ဝတ်ရတနာမရှိဘူး
ရှင်တို့သိပြီးသား အကြောင်းအရာတွေထဲ ကျွန်မအကြောင်းဘာပါလဲ။

ကျွန်မက ခပ်ပေါပေါ မိန်းမတွေလို ရည်းစားဦးနဲ့ မှားခဲ့တာ မဟုတ်ဘူး
ခပ်မှိန်မှိန်အခန်းထဲ ဒူးနဲ့မျက်ရည်သုတ်ခဲ့တာ မဟုတ်ဘူး
ခေတ်ဆိုး စနစ်ဆိုးထဲ ကံအကြောင်းမလှခဲ့တဲ့ မိန်းမဆိုးတစ်ယောက်မဟုတ်ဘူး
မောင့်အရိုင်းပန်းမဟုတ်ဘူး၊ မောင့်တစ်ပတ်နွမ်းမဟုတ်ဘူး
ရေကြည်ရာ မျက်နုရာရှာရင်း ရေနစ်ခဲ့တာ မဟုတ်ဘူး
ရှင်တို့သိပြီးသား အကြောင်းအရာတွေထဲ ကျွန်မအကြောင်းဘာပါလဲ။

တစ်လောကလုံးက ကျွန်မနဲ့ မှားခဲ့တာ၊ ကျွန်မက တစ်လောကလုံးအပေါ် အမြဲမှန်တယ်
ကျွန်မအဝတ်တွေ ရဲရဲသာဆွဲချွတ်လိုက်ပါ ရှင်တို့မျှော်လင့်ပြီးသား အရာ ဘာတစ်ခုမှ မထူးဆန်း
ရှင်တို့မျက်နှာဖုံးတွေကိုတော့ ကျွန်မချွတ်ပေးစရာမလို
ရှင်တို့ဟာ ရှင်တို့ပဲ၊ ဘုရားလူကြီးဟာ ရှင်တို့ပဲ၊ မော်လဒယ်ဘွိုင်းပေါက်စဟာ ရှင်တို့ပဲ
လွှတ်တော်ကိုယ်စားလှယ်ဟာ ရှင်တို့ပဲ၊ စိန်ပွဲစားကြီးဟာ ရှင်တို့ပဲ
ဝန်ကြီးပီအေဟာ ရှင်တို့ပဲ ဘောလုံးပွဲဒိုင်ဟာ ရှင်တို့ပဲ၊ ရှင်တို့ဟာ ရှင်တို့ပဲ

ဒစ်စကို မြူးဇစ်က ရှင်တို့ထက် မြူးကြွလို့
ချားလ်စ်အန်ကိတ်က ရှင်တို့ထက်နူးညံ့လို့
ဗက်တ်စစ်စတီနိုင်းက ရှင်တို့ထက် အဝင်ကောင်းလို့
ရှင်တို့သိပြီးသား အကြောင်းအရာတွေထဲ ကျွန်မအကြောင်းဘာပါလဲ။

ကျွန်မဟာ အထက်တန်းစားဖာ ရှင်ငေးနေတာ ကြာသွားပြီ
ရှင်တို့ရဲ့ ပညာတတ်လူယဉ်ကျေးများရဲ့ လိင်မှုပွဲတော်
အခမ်းအနား တင်ဆက်မှုတွေက အစီအစဉ်ကျလို့ ရင်သပ်ရှုမောဖွယ်ဖြစ်လို့
ကျွန်မဟာ သနားစရာမဟုတ်၊ ကျွန်မကို မယားငယ်တိုက်ခန်းထဲ ပို့စရာမလို
ကျွန်မကို ဟန်းဖုန်းမဝယ်ပေးရ ကျွန်မကို ချစ်လားဆိုတဲ့ မေးခွန်းမမေးရ
ရှင်တို့ ကြေးကြီးပေးပြီး ဝင်ကြည့်သင့်တဲ့ ပြဇာတ်ဝင်ပေါက် တစ်ခုသာ
ရှင်တို့မသိသေးတဲ့ အကြောင်းအရာ များစွာထဲက ကျွန်မဟာ အထက်တန်းစားဖာ။

ဖိုးခွါး Phoe Khwar Pwl
အပြာရောင် ဝန်ဆောင်မှု/ Bluish Business

No comments:

Post a Comment