Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 29, 2013

မင်းသားရဲတိုက်ကိစ္စ ဒါရိုက်တာချိုတူးဇော်အမြင်


ရဲတိုက် ကိစ္စ နဲ့ပါတ်သက်လို့ သူဘက်က တခြားဘာသာတရားတခုပေါ်မှာ အဂါရ၀ မထားမိလို့၊ ဆိုတာ အငြင်းပွားစရာမဟုတ်ပါဘူး။ ဒီလို အပြုအမူတွေ ကြောင့် ပြဿနာ အကျယ် အကျယ်ဖြစ်ရတယ် လို့ သုံးသပ်ပါတယ်။

ဒါပေမယ့် ဘာသာရေးပဋိပက္ခဖြစ်အောင် လှုံ့ဆော် ဖန်တီးတယ် လို့တော့ ကျနော်လုံးဝ မမြင်ပါ။

ဒီကိစ္စ ဖြစ်စေမယ့် အကြောင်းအရင်း ကို ၂ ချက် သုံးသပ်မိပါတယ်။
(၁) အချက်အနေနဲ့ မူးယစ်ဆေးဝါး ကြောင့်များလား လို့ သံသယ၀င်ပါတယ်။ ဒီလိုပြောလို့ ရဲတ...ိုက် ကို မူးယစ်ဆေးစွဲ နေတယ် လို့ ကျနော်က စွပ်စွဲလိုခြင်းမရှိပါဘူး။ ဒါပေမယ့် ခုခေတ် မူးယစ်ဆေးဝါးတွေက ကျနော်တို့တုန်းကနဲ့တောင် မတူတော့ဘူးဗျ။ တက်ကြွလွန်းလည်း စိတ်မချရ၊ ထိုင်းမှိုင်းလွန်းလည်း စိတ်မချရတာမို့၊ ဒီလို အပြုအမူနဲ့ပါတ်သက်လို့ စစ်ဆေးသင့်တယ် လို့ သုံးသပ်ပါတယ်။

(၂) အချက်အနေနဲ့က သူ့ရဲ့ နဂို အခံလေး ကို သိထားလို့ သုံးသပ်ပြချင်ပါတယ်။
ရဲတိုက် က မွတ်စလင်မဟုတ်ဘူးဗျ။
မွတ်စလင်ဖြစ်တောင် ရံဖန်ရံခါ အရက်သောက်ပြီး၊ ရံဖန်ရံခါ ၀က်သားလည်း စားချင်စားတဲ့ သိပ်အစွန်း မရောက်တဲ့၊ မွတ်စလင်ဘဲ ဖြစ်လိမ့်မယ်။

ရဲတိုက်နဲ့ ပါတ်သက်လို့ သူ့ဘ၀ မှာ အခံ လေးတွေ ရှိတယ်။ သူအရမ်းချစ်တဲ့ အမေ ကို ဆုံးရှုံးရတယ်။ အဖေ က နောက်အိမ်ထောင်ပြုတယ်။ ၉ တန်း ကျောင်းသားဘ၀ ကတည်းက အိမ်က ထွက်ပြီး၊ ဘော်ဒါဆောင်နေခဲ့ရတယ်။ သူဟာ Outsider ထဲက ဇာတ်ကောင် လို ကာရိုက်တာမျိုးတွေ ရှိတယ်။

အဓိက ရဲတိုက် ရဲ့ ပြဿနာ ကို ကျနော် ပြောချင်လို့ မဟုတ်ပါဘူး။ ဒါတွေက သူ့ပါစင်နယ် ကိစ္စတွေပါ။ အဓိက ပြောချင်တာ ကျနော်တို့ မြန်မာပြည်သားတွေရဲ့ ပြဿနာ ကို ပြောချင်တာပါ။

မြန်မာပြည်သားတွေ လို့ သုံးရတာက မြန်မာတွေသာ မက၊ ဗုဒ္ဓဘာသာတွေသာ မက၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ မြန်မာပြည်သားတိုင်း ကျဉ်းမြောင်းနေတာကို ရဲတိုက် ပြဿနာမှာ မြင်လိုက်ရလို့ပါ။

ရဲတိုက် ကို ကုလား၊ မွတ်စလင် ဆိုပြီး၊ ၀ိုင်း ဆွမ်းကြီးလောင်းနေတဲ့ ကွန်မန့်တွေကို စိတ်ပျက်မိတယ်။
နောက် ရဲမှူး က အင်တာဗျူးမှာ ရဲတိုက် ကို ဘာဘာသာလဲ လို့မေးတာကို သူက ခုချိန်မှာ မပြောနိုင်သေး ဘူး လို့ ပြန်ဖြေတာကို အဲဒီ ရဲမှူး က တအံ့တသြ အပြစ်ရှိသလို လေသံနဲ့ သုံးသပ်ဟန် ပါတယ်။ လူတွေကလည်း ဒါကိုပဲ အပြစ် တရပ် လိုလို သုံးသပ်နေကြတာတွေ့ရတယ်။

တချိန်တည်းမှာပဲ၊ ဘုရားကျောင်း ဂေါပက များက မင်း ဘာဆိုတာ ငါတို့ သိတယ်၊ ဆိုပြီး သုံးနှုန်းတာ မျိုးဟာ မွတ်စလင် မလား၊ ငါတို့ ဘုရားကျောင်းကို မနှောင့်ယှက်နဲ့ လို့ ပြောလိုက်သလို ဖြစ်တာလည်း သိပ်သဘောကျစရာမကောင်းဘူး။ ကွန်မန့်ထဲ တချို့ကလည်း သူများဘာသာ ကို လာပြီး နှောင့်ယှက်တယ်လို့ မြင်ကြ၊ သုံးသပ်ကြတာတွေ့နေရတယ်။

အဲဒီလို အမြင်တွေဟာ ကျနော်တို့ လူ့အဖွဲ့အစည်း က အရမ်းကို မိုနို ဆန် ကျဉ်းမြောင်းနေမှု ကို ပြတယ် လို့ မြင်ပါတယ်။

ကျနော်တို့ ပြည်သားတွေဟာ ဘယ်ဘာသာမှ မကိုးကွယ် ဘူး လို့ ပြောလိုက်တာနဲ့ ဒိဋ္ဌိပဲ၊ ဆိုပြီး၊ လူဆိုးကြီး လို ပစ်ဆက်ဆံလိုက်တော့တယ်။
အဲဒါ တက်တက်စင်အောင် လွဲနေတယ်။
အဲဒီလို မြင်နေတာ ကျနော်တို့ ငယ်ငယ်ကတည်းက ဟောပြောဆုံးမ ခဲ့တာတွေက တဘက်သတ် ဆန်နေလို့ ဖြစ်ရတာ လို့ မြင်ပါတယ်။

" ဘာသာတရားမရှိတာ နဲ့ လူဆိုးကြီး မဟုတ်ပါ။ "
တချို့ကလည်း သုံးနှုန်းလိုက်ပါသေးတယ်။ ကွန်မြူနစ် တဲ့။ ဒါလည်း တက်တက်စင်အောင် လွဲတယ်။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဗိသုကာကြီး သခင်ကိုယ်တော်မှိုင်း ဟာလည်း ဘုံဝါဒ ကို ယုံကြည်ပါတယ် လို့ တရားဝင်ကြေညာထားခဲ့တဲ့ ကွန်မြူနစ်ကြီးဗျ။ ဒါပေမယ့် လက်ထဲက ပုတီး ကို ဘယ်တော့မှ မချဘူး။
ဒီလို လွဲရတာ မဟုတ်တမ်းတရား ၀ါဒဖြန့်မှုတွေကြောင့်လည်း ပါတယ်။

အမေရိကားမှာ ပညာတတ်တော်တော်များများဟာ ဘာဘာသာမှ မကိုးကွယ်ကြဘူး။ ကဲ သူတို့တွေ ဟာ လူဆိုးတွေလား။
နောက် ဘာသာမဲ့ နဲ့၊ ဘာသာပေါင်းစုံ ကို မြတ်နိုးကြည်ညိုသူ ကလည်း မတူပြန်ဘူး။

တချို့က ဘာသာအားလုံး ဟာ ရှုထောင့်တွေသာ ကွဲပြားတာ အတူတူပဲ လို့ သတ်မှတ်ပါတယ်။
ဒါကြောင့် ဘုရားအားလုံး ကို ကြည်ညိုစိတ်ထားတယ်။

ဒီဘုရား ကို ကိုးကွယ်လို့ နောက် ဘယ်ဘုရား ကို မကိုးကွယ်ရဘူး ဆိုတာလည်း မဟုတ်ပြန်ဘူး ထင်ပါရဲ့။

အနည်းဆုံး ဥပမာလေး ပေးရရင်၊ ခင်ဗျားတို့ ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အနေနဲ့ သတ်မှန်ကြည်ညိုတယ် ဆိုပါတော့၊ သူ့ကို ခေါင်းဆောင် အနေနဲ့ သတ်မှတ်တာနဲ့၊ မင်းကိုနိုင် ကို လုံးဝ မထောက်ခံရတော့ဘူး ဆိုရင် လွဲတယ် လို့မထင်ဘူးလား။

ကျနော်ကတော့ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဗုဒ္ဓ ကို အနှိုင်းမရှိ ကြည်ညိုသူပါ။ ဒါပေမယ့် ခရစ်ယာန် ဘာသာ ရဲ့ ယေရှု ကိုလည်း ကြည်ညို ရ၊ ကြိုက်လိုက်ရတာဗျာ။ ဘာလို့လဲ လို့ မေးရင်၊ ယေရှု ဘယ်လိုနေ သွားလဲ ဆိုတာကို ဖတ်ကြည့်လို့ ပဲ ပြောပါရစေ။ သူတော်စင်တယောက်ရဲ့ လက္ခဏာတွေ ကို တွေ့နေရတာ၊ မကြိုက်ဘဲနေနိုင်ရိုးလား။ ယေရှု ကို ကြိုက်လို့ ဗုဒ္ဓဘာသာ မစစ်ဘူး လို့ ကျနော့် ကို ပြောဆို တိုက်ခိုက် ဝေဖန်မယ် ဆို ပြုံးပြုံးကလေး ပဲ နားထောင်ပါ့မယ်။

ရဲတိုက် က ဆိုခဲ့ပြီးသလို၊ ဆေးဝါး ကြောင့်မဟုတ်ရင်၊ သူ့ရဲ့ လစ်ဘရယ် စိတ်ကြောင့် အဲဒီ နားမှာ ရောက်တုန်း သူ့ခံစားချက်နဲ့ အဲဒီလို ၀တ် ၀င်ပြုတယ်၊ ဓလေ့ထုံးတမ်း ကို နားမလည်တော့ အဂါရ၀ ဖြစ်ရတယ်။ သက်ဆိုင်သူက ပြောတာကို ရိုကျိုးစွာ နားမထောင်ဘဲ၊ မော်ဒန်စိတ်နဲ့ ဘယ်လို ၀တ်ပြုပြု ငါ့ဖါသာ ငါ ကြိုက်သလို ပြုတာပဲ ဆိုပြီး ငါတကော ကော မယ်၊ အဲဒါကို သက်ဆိုင်ရာကလည်း
ဒီကောင်ဟာ မွတ်စလင် သက်သက် ပြဿနာ လာရှာတာ ဆိုပြီး၊ မောင်းထုတ်မယ်။ ဒါကို မကျေမချမ်းနိုင်ဘဲ နောက်ထပ် တုန့်ပြန်မယ်။ (သူ စိတ်လည်း ဆတ်သားဗျ) ဒါနဲ့ အကျယ်အကျယ် ဖြစ်ကုန်တယ် လို့ မြင်ပါတယ်။

ပိုဆိုးတာက ဒီလို ဖြစ်တာကို အလိုလိုမှ အလိုလို ရယ် ဖြစ်နေတဲ့ တိုင်းပြည်မှာ ဒီလို အကျော့ ကျော့ အလီလီ ဘုရားကျောင်းထဲ ဆန္ဒလာပြတာကို နောက်ကွယ်က ကြိုးဆွဲမှု ရှိနေတယ် လို့၊
ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ဖန်တီးတယ် လို့ ထိ ကြီးသွား၊ ကျယ်သွား ရတယ် ထင်ပါရဲ့။

ပုံမှန်အားဖြင့်တော့ ရဲတိုက်ဟာ တောင်ကြီးသားပီပီ၊ အင်မတန် နှုတ်ချို တယ်ဗျ။ ဒါပေမယ့် စိတ်ဆတ်တဲ့ စိတ်၊ အတွင်းက အနုမာနတွေ နဲ့ပေါင်းပြီး ခုလောက်ထိ ရိုင်းပျသွားတယ် မြင်ပါတယ်။

အဓိက ကတော့ ရဲတိုက် ထက် မြန်မာပြည်သားတို့ ၀ါးလုံးရှည်နဲ့ သိမ်းတတ်တဲ့အကျင့် Stereotype လုပ်မှု က ပြဿနာကြီးတရပ် လို့ မြင်မိတယ်။

တကယ် လို့ ရဲတိုက် က ဘုရားပေါ်တက်ပြီး တရားလာထိုင်ရင်ကော၊ လို့ မေးချင်တယ်။

ကျနော်ကတော့ ရတနာသုံးပါး ကို ကိုးကွယ် ဆည်းကပ်ယုံကြည်လာသူတယောက် အကြေင်း ကို ရေးတဲ့ ဆရာဦးဆန်းလွင် ကို သတိရမိပြီး၊ တချို့သော ကိစ္စတွေ မှာ သိမ်းကျုံးမြင်တဲ့ အမြင်တွေဖယ်ပြီး၊ ရိုးရိုးကလေးလည်း မြင်ပေးကြစေချင်ပါရဲ့။

အခြေအနေတွေကလည်း တလှုပ်လှုပ်ဆိုတော့ အားလုံး သံသယတွေ လွန်ကဲနေကြမှာလဲ မထူး ဆန်းပါဘူး။

တချို့ကိစ္စတွေမှာတော့ အနုပညာသမားတွေ သူတို့နှလုံးသားနောက် သူတို့လိုက်လုပ်တာတွေက ရူးကြောင်ကြောင်တွေ ဖြစ်နေ၊ လူ့အဖွဲ့အစည်းက လက်ခံဖို့ ခက်နေတတ်သေးတယ်။

ခုနေ ဗင်ဂိုး သာ နားရွက်ဖြတ်ပြီး ဗမာမလေး တယေက် ကို လာပေးရင်လည်း ဆူပူမှု ဖြစ်အောင် တမင် လှုံ့ဆော်တယ် ပြောခံရမလားပဲ။

ဘာပဲဖြစ်ဖြစ် ကျနော်တို့ပြည်သားတွေ stereotype လုပ်တတ်တာ ကို တော့ ပြင်သင့်ပြီထင်ပါရဲ့။

ဘာသာမဲ့တယ် ဆိုတာလည်း လူဆိုးကြီး မဟုတ်သလို၊ဘာသာတိုင်း ဘုရား တိုင်း ကို ကြည်ညိုစိတ် ကလေး နဲ့ လက်ခံတယ် ဆိုတဲ့ သူမျိုး ကိုလည်း နားလည်ပေးဖို့ လိုမယ် ထင်တယ်။

ချိုတူးဇော်

No comments:

Post a Comment