Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 8, 2013

ပညာတတ်ကလေး ၁၁ ယောက် အမေ

IMG_20130430_192957

ယခုအခါ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ခေတ်ပညာတတ်အမျိုးသမီးများအပေါ်တွင် အထင်သေး အမြင်သေး ဖြစ်နေကြသည်များကို တွေ့ရ၏။ များစွာသော ယောက်ျားတို့သည် ပညာတတ် မိန်းကလေး များ ကို လက်ထပ်ထိမ်းမြားရန် အလိုမရှိကြချေ။

“ပညာတတ်မိန်းမတွေဟာ မိန်းမ မပြီသဘူး။ ကိုယ့်ကိုအလှပြင်ဘို့လောက်သာ ဂရုစိုက်နေကြတဲ့ ဘော်ကြော့မ ပျံလွှားမတွေပဲ။ ချက်မှုပြုတ်မှု အိမ်ထောင်ထိန်းသိမ်းမှုဆိုတဲ့ မိန်းမတို့ သိအပ်တဲ့ တာဝန်ဝတ္တရားတွေဆိုတာ လုံးဝ မသိနားမလည်ကြသည့်အပြင် “ငါ ပညာတတ်ဟဲ့” ဆိုတဲ့ မာနဂုဏ်မောက်ပြီး ယောက်ျားတွေကို ပြန်အံတုနေကြမှာနဲ့ တို့တွေ ဘယ်တော့မှ ကျွန်တွင်းက တက်မှာမဟုတ်ဘူး စသည်ဖြင့် တဘက်သတ် အယူသီးပြီးလျှင် ပညာတတ် အမျိုးသမီးများကို ကဲ့ရဲ့ရှုံ့ချလေ့ရှိသော ယောက်ျားများကား အသင်္ချေနှင့် အနန္တပင်တည်း။

ပညာတတ်ခြင်းနှင့်မဆိုင်

စင်စစ် “မိန်းမ မပြီသဘူး၊ ပြီသတယ်၊ အိမ်တွင်းမှု တတ်တယ်၊ မတတ်ဘူး” ဆိုသည်များမှာ ပညာတတ်သည်၊ မတတ်သည်နှင့် လုံးဝ မသက်ဆိုင်ချေ။ အမှန်မှာ ပညာတတ်မိန်းကလေးများသည် ပညာမတတ်သော မိန်းကလေးများထက် ယောက်ျားလေးများနှင့် ပေါင်းသင်းဆက်ဆံရာဝယ် ပိုမိုရဲတင်းကြ၏။ ရဲတင်းသည်ဆိုသည်မှာ အကြောင်းရှိက ပြောရဲဆိုရဲရှိသည်ကိုသာ ဆိုသည်။ (အရှက်အကြောက်မရှိ ယောက်ျားလေးများနှင့် အလွန်တမင်း အရောတ၀င်လုပ်ခြင်းကို မဆို) သို့ သွက်သွက်လက်လက် ပြောမှုဆိုရဲရှိသည်မျာကို “မိန်းမမပြီသဘူး ပျံလွှားမတွေ” ဟု မယူဆသင့်ချေ။ လောကကြီးဝယ် ယောက်ျား မိန်းမဟူ၍ ၂ မျိုး ၂ စားသာလျှင် ခွဲခြားထားရာ အရေးအကြောင်းရှိ၍မှ ယောက်ျား မိန်းမ မပြောရဘူးဆိုလျှင် ခေတ်သစ်ကို ပြုပြင်ကြမည့် လူငယ်ကလေးများ၏ ခြေလှမ်းကို တားလိုက်သည်နှင့် တူလှ၏။ ၎င်းပြင် “ပညာတတ် မိန်းမတွေဟာ အင်မတန် စွာတယ်၊ နေရာတကာ ယောက်ျားတွေနဲ့ လိုက်ပြိုင်နေတာပဲ” စသည်ဖြင့် တဖွဖွ ပြောဆို ပြစ်တင်လေ့ရှိကြသော ယောက်ျားများကိုယ်တိုင်ပင် လူထဲသူထဲ မတိုးဝံ့ပဲ ရှက်ရွံ့သော မျက်နှာထားနှင့် အရုပ်လို ငုတ်တုတ်ထိုင်နေမည့် မိန်းမမျိုးကား အိမ်သယ်ဇနီးအဖြစ် ပေါင်းသင်းရန် လိုလားမည်မဟုတ်ပေ။

လက်တွေ့ပညာ

ချက်မှုပြုတ်မှု အိမ်ထောင်ထိန်းသိမ်းမှု ကိစ္စများကို အခြားပညာရပ်ကဲ့သို့ သင်အံကျက်မှတ်၍ ရသည်မဟုတ်၊ ကိုယ်တိုင် လက်တွေ့နည်းလမ်းဖြင့် စမ်းသပ်လုပ်ကိုင်မှသာ တတ်သိနားလည်နိုင်ပေမည်။ ထို့ကြောင့် ပညာတတ် မိန်းမတွေဆိုရင် ပညာသင်နေရတာနဲ့ အိမ်တွင်းမှုကိစ္စကို လုံးဝနားလည်မှာ မဟုတ်ဘူးဟူသော တထစ်ချအယူကြီးကို စိတ်ထဲမှာ စွဲမထားသင့်ချေ။ ဤကိစ္စနှင့် ပတ်သက်၍ သြစတေးလီးယားပြည် နန်းရင်းဝန်ဟောင်း ဂျိုးလိုင်းရမ်း၏ဇနီး ကလေး ၁၁ ယောက် မိခင်ဖြစ်သူ “ဒိန်း-အိနစ်-လိုင်းရမ်း”ခေါ် အိုင်းရစ်အမျိုးသမီးကြီးတဦး၏ အတ္ထုပတ္တိကို သိအပ်ပေသည်။

ကလေး ၁၁ ယောက်အမေ

ဒိန်းအီနစ်လိုင်းရမ်းသည် အိုင်ယာလန်ဇာတိဖြစ်၍ ငယ်ရွယ်စဉ်အခါကပင် ကျောင်း၌ စာပေသင်ကြားခြင်းဖြင့် အချိန်ကုန်ရ၏။ အသက်တဆယ့်ခုနစ်နှစ် ဆရာဖြစ် အတတ်ကို သင်ကြားနေစဉ် ဂျိုးလိုင်းရမ်းဆိုသူနှင့် ချစ်ကြိုက်ကြ၍ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားလိုက်ကြလေသည်။ ထိုစဉ်အခါ ဂျိုလိုင်းရမ်းမှာ ပညာရေးအဖြစ် လုပ်ကိုင်လျက်ရှိ၏။ မစ္စလိုင်းရမ်း အသက် ၁၈ နှစ်အရွယ်တွင် သားဦးကလေးတယောက် မွေးဖွားပြီးနောက် ဂျိုးလိုင်းရမ်းသည် ပညာရေးအလုပ်ကို လုံးဝစွန့်ပြစ်လျက် နိုင်ငံရေးဘက်သို့ လိုက်စားတော့၏။ သို့လိုက်သည်နှင့် တပြိုင်နက်ဝင်ငွေမှာ  ရှေးကလောက် မလုံလောက်ပေ။ ၀င်ငွေမလုံလောက်သလောက်ပင် သားသမီးများလည်း  တယောက်ပြီးတယောက် ဆယ့်တယောက်တိုင်တိုင်ပင် တိုးပွားလာတော့၏။

အိမ်တွင်းမှု

မစ္စလိုင်းရင်းမှာ အစေခံဟူ၍တဦးတယောက်မှ မထားနိုင်သည့်အပြင် ထမင်းချက် ကလေးထိန်း အ၀တ်လျှောက် အစရှိသော အိမ်တွင်းကိစ္စ အ၀၀ကို ကိုယ်တိုင် တယောက်တည်း ဆောက်ရွက်ရ၏။ သို့ အိမ်တွင်းမှု ကိစ္စအ၀၀တို့ဖြင့် မအားမလပ် ဖြစ်နေရသော ဇနီးသယ်အား ဂျိုးလိုင်းရမ်းသည် ချမ်းသာခွင့်မပေး အသင်းများ၌ ပြောဆိုရန်စကားများကို စီစဉ်ရေးသားခိုင်းသေး၏။ ကလေးထိန်းယင်း အ၀တ်လျှော်ယင်းနှင့် မစ္စလိုင်းသည် လင်၏ အလိုကို ပြည့်စုံစေသည့်ပြင် အိမ်ထောင်ရေးနှင့် ပတ်သက်၍ စာများဖြင့် အကြံဥာဏ်တောင်းကြသော မိတ်ဆွေများအားလည်း ကိုယ်တိုင်ပြန်လည် ဖြေကြားရန် မလစ်ဟင်းချေ။

ဤသည်ကို ထောက်ထားသဖြင့် “ပညာတတ် မိန်းမတွေဟာ ဘော်ကြော့တွေ အိမ်ထောင်မှုကိစ္စတွေ လုံးဝနားမလည်ဘူး” ဆိုတဲ့ တဖက်သတ်အယူမှာ မှား၍ ပညာတတ် မိန်းကလေးများသည် အိမ်ထောင်ထိန်းသိမ်းရေးတွင် ကောင်းမွန်စွာ တတ်သိနားလည်ရုံတွင်မက အခြားကိစ္စအ၀၀တို့၌လည်း တတ်ကျွမ်းစွမ်းဆောင်နိုင်ကြောင်းကို ရေးသားဘော်ပြလိုက်ရပေသည်။

ဒေါ်အုန်း (M.A)
ရွှေတူဂျာနယ် (၁၅၊ ၈၊ ၁၉၇၁)

(မှတ်ချက်။  ။ မူရင်းသတ်ပုံအတိုင်း ဖော်ပြပါသည်)

No comments:

Post a Comment