Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 27, 2013

မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား


ယဉ်ကျေးမှုဝန်ကြီးဌာနက မန္တလေးမြို့မှာရှိတဲ့ မြနန်းစံကျော်ရွှေနန်းတော်၊ နန်းမြို့ရိုးနဲ့ ကျုံး၊ ရွှေဘိုမြို့မှာရှိတဲ့ ရွှေဘုံရတနာ မင်္ဂလာနန်းတော်နဲ့ ပဲခူးမြို့မှာရှိတဲ့ ကမ္ဘောဇသာဒီနန်းတော်၊ ရှေးဟောင်းသမိုင်းဝင် ခံတပ်တွေဖြစ်တဲ့ သပြေတန်း၊ အစေခံ၊ ဆင်ကျုံးခံတပ် နေရာတွေကို အမျိုးသားဥယျာဉ်စီမံကိန်း လုပ်မယ်ဆိုတဲ့ သတင်းတွေကို လွန်ခဲ့တဲ့ လတွေကတည်းက ကြားသိဖတ်မိခဲ့ရပါပြီ။

 အခု စီမံကိန်းလျာထားတဲ့အထဲမှာ အမျိုးသားဥယျာဉ်လို့ သတ်မှတ်လုပ်ကိုင်တဲ့နေရာမှာ ဈေးဆိုင်တန်းတွေ၊ ရိုးရာယဉ်ကျေးမှု အ၀တ်အစားတွေဖြစ်တဲ့ ရှေးခေတ် မြန်မာတို့ ၀တ်ဆင်ခဲ့တဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ ဖျော်ဖြေပွဲတွေလည်း ပြုလုပ်သွားမယ်လို့ ကြားသိနေရပါတယ်။
 ရှေးဟောင်းသမိုင်းအမွေအနှစ်တွေ မွှန်းထုံနေတဲ့ မန္တလေးမြို့ရဲ့ အမျိုးသားအမွေအနှစ်တွေကို တကယ်ပဲ မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်နိုင်ပါ့မလား။ အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်သူတွေ၊ လေ့လာသူတွေ၊ မှတ်တမ်းတင်လိုသူတွေအတွက် တကယ်ပဲ လေ့လာချင်စရာ။ သမိုင်းမှတ်တမ်းတင်ချင်စရာ၊ အနားယူအပန်းဖြေဖို့ နေရာဖြစ်လာမလာကိုတော့ စောင့်ကြည့်ရလိမ့်ဦးမယ်လို့ မန္တလေး ဒေသခံ ၊ မန္တလေးကို ချစ်မြတ်နိုးကြသူများက ဆွေးနွေးပြောဆိုနေကြပါတယ်။ အမှန်တကယ် ၀င်ထွက်သွားလာ အနားယူ အပန်းဖြေဖို့၊ လေ့လာဖို့အတွက် က အခုချိန်ခါမှာ ခက်ခဲလွန်းလှတယ်လို့လည်း ပြောဆိုနေကြပါတယ်။

    လက်ရှိ မန္တလေး နန်းမြို့ဝင်ပေါက်တွေမှာ ဂိတ်အ၀င်ဝ အစစ်အဆေးတွေကြောင့် လာရောက်သူတွေ အပန်းမပြေဖြစ်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံအများစုက ပြောပါတယ်။

    “ကျွန်တော့်အမြင်ပြောရရင်တော့ ၀င်ခဲ့တဲ့ အပေါက်မှာ မှတ်ပုံတင်(ဒါမှမဟုတ်) လိုင်စင်ထားခဲ့ပြီး ဒီအပေါက်ကနေ ပြန်ထွက်၇တာကို သဘောမကျဘူး။ အချိန်ကုန်တယ်လို့ ယူဆတယ်။ လွတ်လွတ်လပ်လပ် ၀င်ထွက်ခွင့်ရချင်တယ်။ နောက်တစ်ချက်က ဘုရင့်သားသမီးတွေ ကစားဖို့ ဖန်တီးခဲ့တဲ့ ဘုတ်တလုတ်ကန်က နွားကျောင်းတဲ့နေရာဖြစ်နေတာကိုလဲ ပြင်သင့်တယ်။ လှပသေသပ်အောင် လုပ်ပြီး ဧည့်သည်တွေကို ဆွဲဆောင်တဲ့နေရာလေးဖြစ်စေချင်သလို အရှေ့ဘက်မှာရှိတဲ့မင်းတုန်းမင်းရဲ့ အုတ်ဂူကိုကလည်း ဧည့်သည်တွေကို ပြဖို့ကောင်းတဲ့နေရာလေးတစ်ခုပါ။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

    မန္တလေးလို့ ရေရွတ်လိုက်တာနဲ့ မန္တလေးမြို့အစွန်က မဟာမုနိဘုရားကြီး၊ မန္တလေးကျုံးမြို့ရိုးနဲ့ နန်းတော်၊ ကျုံးမြို့ရိုးနဲ့ မန္တလေးတောင် ၊ ပြအိုးပြသာဒ်နဲ့ အတူ မြန်မာတို့ရဲ့ နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့တဲ့ စံနန်းတော်တွေက မန္တလေးသူမန္တလေးသားတွေအတွက် ဂုဏ်ယူစရာ အမွေအနှစ်တွေ ဖြစ်ခဲ့ပါတယ်။

    မြနန်းစံကျော်ရွှေနန်းတော်။ သီဟာသန ပလ္လင်၊ မှန်းနန်းတော်ကြီး၊ ဗဟိုရ်စင်၊နန်းမြင့်မျှော်စင်နဲ့ဇေတ၀န်ဆောင်၊ စွယ်တော်စင်ဘုရားတွေကတော့ နန်းတွင်း သမိုင်းမှာ လေ့လာမှတ်သား စရာသမိုင်းအမွေအဖြစ် ကျန်ရှိနေခဲ့ပါတယ်။ နိုင်ငံရပ်ခြားက ဧည့်သည်တွေ မန္တလေးကို ရောက်ရင် ၀င်ရောက်လေ့လာမှတ်တမ်းတင်ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

    မန္တလေး သူ၊ မန္တလေးသားတွေကတော့ ကိုယ့်ဘုရင်။ ကိုယ့်သခင်နဲ့ ကိုယ့်ထီးကိုယ့်နန်း။ ကိုယ့်ကြငှန်းကို ကိုယ်တိုင်သာ ပိုင်ဆိုင်ခွင့်ရရှိလိုကြတယ်လို့လည်း ပြောဆိုဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ အများပြည်သူ ပိုင်ဆိုင်တဲ့ ဒီနန်းတွင်းနယ်မြေကြီးကိုလည်း အများပြည်သူ ၀င်ရောက်လေ့လာအနားယူ လို့၇မယ့် နန်းတွင်းကြီး ပြန်ဖြစ်စေချင်ပြီလို့လည်း အများက ပြောကြပါတယ်။

    “မန္တလေးမှာက အရင်တုန်းက မန်းသီတာဥယျာဉ်ဆိုတာ ထင်ထင်ရှားရှားကို ရှိခဲ့တယ်။ န၀တ အစိုး၇တက်လာပြီးတဲ့နောက်တော့ ဒီဥယျာဉ်က မရှိတော့ဘူး။ အရင်က ဒီဥယျာဉ်မှာ အစုံပဲ။ ဈေးရောင်းတဲ့လူတွေရော။ အနားယူတဲ့သူတွေရော ညနေဆိုရင် ပျော်စရာကြီးပဲ။ အခုတော့ ပျောက်ကုန်ပြီ။ ဒီအတွက် နန်းတော်ကြီးကို လူအများ အပန်းဖြေစခန်းလုပ်ရင်တော့ ပိုကောင်းတာပေါ့။ အခုရှိနေတာကလည်း ဘာမှမဟုတ်တော့ဘူးလေ။ နန်းတော်ထဲဝင်ချင်တယ်ဆိုရင် မှတ်ပုံတင်ပေးရတာနဲ့။ လိုင်စင်ပေးခဲ့၇တာနဲ့ ။ ဒါတွေကြောင့် နန်းတော်ကြီးကို သွားကြည့်တဲ့သူက နည်းသွားတယ်”လို့ မန္တလေးမြို့ခံ စာရေးဆရာညီစေမင်းက ပြောပါတယ်။

    အခုလို အများသူငါ လေ့လာစရာ။ အပန်းဖြေစရာ၊ အများသူငါနဲ့ သက်ဆိုင်တဲ့ နန်းတော်လို့ နေရာမျိုးကို သွားရောက်လည်ပတ် အနားယူအပန်းဖြေနိုင်ဘို့ အတွက် မလွယ်ကူရခြင်း အကြောင်းတွေလည်း ရှိနေတယ်လို့ သုံးသပ်ပြောဆိုသူတွေလည်း အများအပြားပါ။ မင်းတုန်းမင်းနတ်ရွာစံတဲ့ ၁၈၇၈ခုနှစ်မှာ သားတော်သီပေါမင်း ဆက်လက်စိုးစံခဲ့ပါတယ်။ ၁၈၈၅ ခုနှစ်မှာ မြန်မာတစ်ပြည်လုံး အင်္ဂလိပ်သိမ်းပိုက်မှုအောက်ရောက်ချိန်မှာ မြန်မာဘုရင်ကို ဖမ်းဆီးခေါ်ဆောင်ပြီး အိန္ဒိယနိုင်ငံကို ပို့ဆောင်ချိန်ကစလို့ ဒီနန်းတော်ကြီးက စစ်တပ်နယ်မြေအဖြစ် အလိုလိုပြောင်းလဲသွားခဲ့တာက ယနေ့အချိန်ထိလို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

    ကျုံးမြို့ရိုးနဲ့ နန်းတော်ဆိုတာကတော့ မပျက်မစီးဘဲ ကျန်ရစ်ခဲ့တဲ့ မန္တလေးမြို့ရဲ့ တစ်ခုတည်းသော သမိုင်းအမွေအနှစ်ပဲဖြစ်ပါတယ်။ မန္တလေးသမိုင်းကြောင်းတွေကို မန္တလေးမြို့ခံစာရေးဆရာကြီးတွေက တခန်းတနားဖွဲ့ဆိုသီကုံးတတ်ကြပါတယ်။ ရွှေတောင်၊ ငွေတောင် ၊ ပတ္တမြားတောင်၊ ဆေးဒါန်းတောင်၊ နဂါးရစ်တောင်။ တောင်ထူးတောင်မြတ်တွေနဲ့ တန်ဆာဆင်အပ်တဲ့ မန္တလေးတောင်ကို မဏ္ဍိုင်ထားပြီးတောင်ဘက်အလား ဇောင်းကလောကန်အထိတာ(၂၅၀၀)(တစ်တာ-ခုနှစ်တောင်၊ တစ်တောင်၁၉.၅လက်မ) အနောက်လားသော် ဧရာဝတီမြစ်အထိ တာ(၁၆၀၀) အတွင်း၊ အရှေ့အောင်ပင်လယ်ကန်တော်၊ အနောက်ဧရာဝတီမြစ်၊ မြောက်မဟာနန္ဒါကန်တော်တို့မှာ ကြာမျိုးစုံဖူးပွင့်ဝေဆာကာ ငှက်အပေါင်းတို့ မြူးတူးပျော်ပါးဝတ်ရည်သောက်စားခြင်း၊ ရွှေလောင်း၊ ရွှေတချောင်း စတဲ့ ဆယ့်နှစ်လရာသီလုံးတသွင်သွင်စီးနေတဲ့ ရေကောင်းရေရှင်ပေါများခြင်း၊ တောင်စွယ်တောင်ကုန်းတွေနဲ့ တင့်တယ်ခြင်း၊ တောင်စွယ်တောင်ကုန်းတွေရဲ့ အလယ်မှာမှ စည်မျက်နှာလို ပြန့်ပြူးတဲ့ မြေမျက်နှာသွင်ပြင်ရှိခြင်း ဆိုတဲ့ ရောင်စုံရွှေကြိုးသတ်နယ်မြေ မြေပုံကို ရေးဆွဲပြီး မြို့တော်သစ်တည်နိုင်အောင် ဘ၀ရှင်မင်းတရားကြီးထံ ဆက်သွင်းခဲ့ကြတယ်လို့ စာရေးဆရာဆူးငှက်က ရေးသားထားပါတယ်။

    ခုနှစ်ဌာနဖြစ်တဲ့ မြို့ရိုးတော်ကြီး ၊ ကျုံးတော်၊ မဟာလောကမာရဇိန်စေတီတော်၊ သိမ်တော်၊ မဟာအတုလဝေယန်ကျောင်းတော်၊ ပိဋကတ်တိုက်တော်နဲ့ သုဓမ္မာ ဇရပ်တော်ဆိုတဲ့ ဒီခုနစ်ဌာနတွေအပြင် တံခါး၁၂ ရပ် ပြသာဒ်တိုင်တွေကိုလည်း ထူထားခဲ့ပါတယ်။ မြို့တွင်းမြို့ပြင်ဈေး၊ အိမ်ဝင်းတွေနဲ့ မြို့ကွက်သစ်ရာထားပြီး နန်းမြို့တော်ကို ပန္နက်တင်ခဲ့ပါတယ်။ မြနန်းစံကျော် ရွှေနန်းတော်၊ နန်းမြို့ရိုးနဲ့ ကျုံးကို မြန်မာသက္ကရာဇ် ၁၂၁၈ ခုနှစ်မှာ မင်းတုန်းမင်းတရားကြီးက စတင်တည်ထောင်ခဲ့ပြီး ၁၂၂၀ခုနှစ်မှာ ပြောင်းရွှေ့စံမြန်းခဲ့တယ်လို့ သိရပါတယ်။

    နန်းတွင်းမှာ အဓိကအားဖြင့် အုပ်ချုပ်သူဘုရင်နဲ့ မင်းညီမင်းသားအများစုနေထိုင်ကြတယ်လို့ ဆိုပါတယ်။ အုပ်ချုပ်မှုဆိုင်ရာရုံးတွေ၊ ညီလာခံခန်းမကြီးတွေ၊ လွှတ်တော်အဆောက်အဦး၊ သာသနိက အဆောက်အဦးတွေ လည်း တည်ရှိပါတယ်။ မြို့လေးပြင်လေးရပ်မှာတော့ မူးကြီးမတ်ရာတွေ အပါအ၀င် တိုင်းသူပြည်သားတွေ နေထိုင်ကြပါတယ်။

    မြန်မာဘုရင်ရဲ့ ရုံးစိုက်တဲ့နေရာ၊ အထွဋ်အမြတ်နေရာတွေကို အင်္ဂလိပ်တိုင်းတစ်ပါးသားတွေက လာရောက်သိမ်းယူအုပ်ချုပ်ခဲ့ကြပါတယ်။ ကိုယ့်ဘုရင်ကိုယ့်သခင်ကို ထိပါးစော်ကားတဲ့အတွက် မကျေမနပ်ဖြစ်ကာဆူပူထကြွ မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။

    “အင်္ဂလိပ်တွေက မန္တလေးကို သိမ်းပိုက်လိုက်တာနဲ့တစ်ပြိုင်နက် ဘုရင်နေတဲ့နေ၇ာကို အပိုင်စီးလိုက်ပြီး ကလပ်တွေ၊ ပါတီတွေ ဖွင့်ခဲ့တယ်။ တိုင်းသူပြည်သားတွေက ပုန်ကန်ထကြွမှာစိုးတဲ့အတွက် အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ သက်ဆိုင်တဲ့ အရာရှိတော်တော်များများဟာ ဒီနန်းတွင်းမှာပဲ နေထိုင်ခဲ့ကြတယ်။ စည်သာတံခါးရဲ့အတွင်းကို ပြန်လည်မွမ်းမံပြီး ဘုရင်ခံအိမ်တော်အဖြစ် ပြောင်းလဲခဲ့တယ်။ အင်္ဂလိပ်တွေ နန်းတွင်းကို သိမ်းတာသည်တိုင်းပြည်ကို မတရားသဖြင့် အုပ်ချုပ်ဖို့ ၊ ပြီးတော့သူတို့လုံခြုံရေးကို ယူတဲ့ပုံစံမျိုးမို့ စစ်တပ်က နန်းတွင်းထဲရောက်လာတာ။ ဒီတစ်လျှောက်လုံး ရေကျုံးပတ်လည်ထား၊ မြေမြို့ရိုးကြီးနဲ့ အခိုင်အမာကို သူတို့လုံခြုံရေးအတွက် တပ်စွဲခဲ့တာ”လို့ စာရေးဆရာဆူးငှက်က ပြောပါတယ်။

    မြန်မာလူမျိုးတွေကို ဖိနှိပ်ညှဉ်းစဲဖို့အတွက် နန်းတွင်းမှာ အခိုင်အမာတပ်စွဲလာခဲ့တဲ့ အစဉ်အလာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လွတ်လပ်ရေးရပြီးချိန် ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်လူမျိုးနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဖြစ်သွားခဲ့ပါတယ်။ ဒီအခြေအနေမျိုးမှာ အင်္ဂလိပ်ခေတ်က သူ့ကျွန်ဘ၀ရောက်ခဲ့၇တာတွေကို ပြောင်းပြန်လှန်ပစ်နိုင်ပေမယ့် အင်္ဂလိပ်စစ်တပ်နေရာမှာ မြန်မာစစ်တပ်တွေက ဆက်ပြီးနေတာဟာ အင်္ဂလိပ်ရဲက အမွေဆိုးကို ဆက်လက်ကျင့်သုံးလက်ခံလိုက်တာလို့လည်း ဆက်ပြောပါတယ်။

    မန္တလေးမြို့ခံတစ်ဦးကလည်း “မန္တလေးမှာ ရှိတဲ့ပြည်သူတွေက နန်းတော်ရဲ့ အပြင် ဘက်မှာရှိတယ်။ အများပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မယ့် စစ်တပ်ကတော့ နန်းတွင်းထဲမှာရှိနေတယ်။ ပြောင်းပြန်ဖြစ်နေသလိုပဲ။ ပြည်သူတွေက စစ်တပ်ကို ပြန်ပြီးကာကွယ်စောင့်ရှောက်နေရသလိုဖြစ်နေတယ်။ နန်းတွင်းက အများနဲ့မသက်ဆိုင်သလိုပဲ။ အများနဲ့ သက်ဆိုင်တဲ့ နေရာကို အများပြည်သူ သက်တောင့်သက်သာ ၀င်ေ၇ာက်လေ့လာ အပန်းဖြေနိုင်ဖို့တော့ လိုအပ်တာပေါ့။ ”လို့ ဆိုပါတယ်။

    “နန်းတော်ထဲမှာ စစ်တပ်ရှိနေတာလည်း မဟုတ်သေးဘူး။ အင်္ဂလိပ်လက်ထက်ကတည်းက အခုအချိန်ထိ စစ်တပ်က ရှိနေခဲ့တယ်။ ဒါကနန်းတော်နဲ့ စစ်တပ် မသင့်တော်ဘူးလေ။ သီးခြားရှိရမှာပေါ့။ စစ်တပ်က နန်းတွင်းထဲကနေ ရွှေ့မယ်ဆိုရွှေ့လို့ရတယ်။ အခု နန်းတွင်းမှာ စစ်တပ်ရှိနေတော့ တော်ရုံ လူကြီးလူငယ်တွေက မသွားကြတော့ဘူး။ အသွားအလာ နည်းသွားကြတယ်”လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

    အခုလို ခန်းနားထည်ဝါစွာ တည်ရှိနေပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာကို အ၀င်အထွက် အတင်းအကြပ် ဖြစ်နေခဲ့တာကိုတော့ စိတ်မသက်သာလှဘူးလို့လည်း ပြောဆိုနေကြပါတယ်။ အရင်က နန်းတွင်းထဲကို လွတ်လွတ်လပ်လပ် ၀င်ထွက်လို့ရခဲ့သော်လည်း ၁၉၇၀ နောက်ပိုင်းမှာ ပိုတင်းကျပ်လာခဲ့တယ်လို့ သိရပါတယ်။ မတ်လလောက်မှာတောင် ဖက်ဆစ်တော်လှန်ရေး (၂၅)နှစ်မြောက်ဆိုပြီး ပွဲလုပ်ခဲ့ဘူးပြီး နောက်ပိုင်းတော့ ဘာမှမလုပ်ကြတော့ဘူးလို့လည်း ဆိုပါတယ်။

    “တစ်မျိုးသားလုံးနဲ့ ဆိုင်တာ။ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ဒီနန်းတော်ကြီးထဲကို ၀င်တာကို မ၀င်ရ၊ ကန့်သတ်နယ်မြေဆိုတာတွေက ရှိသေးတယ်။ အကောင်းဆုံးကတော့ နန်းတွင်းက စစ်တပ်ကို ရွှေ့ပေးတာအကောင်းဆုံးပဲ၊ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့နေ၇ာတွေအဖြစ် ပြန်လည်ပြုပြင်သင့်ပြီ” လို့ အသက်(၇၀) ၀န်းကျင် မန္တလေးမြို့ခံတစ်ဦးက သုံးသပ်ပြောကြားပါတယ်။

    “မြနန်းစံကျော်ရွှေနန်းတော်အတွင်း သွားရောက်လိုသူတွေအနေနဲ့ “နန်းရှေ့တံတားခေါ် ဦးထိပ်တံတား”ကနေ ၀င်ရပြီး အ၀င်ဝမှာကတည်းက နာမည်စာရင်းပေးသွင်း၊ နိုင်ငံသားစိစစ်ရေးကတ်တွေ ထားခဲ့ပြီးမှ အထဲကို ၀င်ေ၇ာက်လေ့လာခွင့်ရတယ်။ စက်ဘီးဆိုင်ကယ်စီးခွင့်မရှိဘူး။ သတ်မှတ်နေရာရောက်မှ စီးခွင့်ရတယ်”လို့ သွားရောက်လည်ပတ်ခဲ့သူ တစ်ဦးက ပြောပါတယ်။

    ၁၉၄၅ ခုနှစ်အတွင်းမှာ နန်းဆောင် ၁၁၄ ဆောင်ရှိတဲ့ နန်းတော်ကြီးတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့ပြီး ၂၆ မီတာ၉၁၀၀၄ပေ) ၊ တောင်မြောက် ၁၇၅မီတာ(၅၇၄ပေ) ရှိပြီး အကျယ်အ၀န်းစတုရန်းဧရိယာ ၅၃၅၅၀ မီတာရှိတဲ့ နန်းတော်နေရာကို မြေကွက်လပ်ကြီးအဖြစ် ထားရှိခဲ့ရာကနေ ၁၉၈၉ ခုနှစ်မှာ ရှေးမူမပျက်ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ အရှေ့နန်းဆောင်(၃၂ )ဆောင်၊ အနောက်နန်းဆောင် ၄ ဆောင်အပါအ၀င် နန်းဆောင်၈၉ ဆောင်ကို ပြန်လည်တည်ဆောက်ခဲ့တာပါ။

    မြန်မာတို့ အသည်းစွဲ မန္တလေး မြနန်းစံကျော်ရွှေနန်းတော်ကြီးဟာ မြန်မာဘုရင်မင်းမြတ်တို့ရဲ့ ဘ၀နေထိုင်မှုပုံစံတွေကို မြင်တွေ့နိုင်တဲ့နေရာတစ်ခုလည်း ဖြစ်တဲ့အပြင် မြန်မာတစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ဒီလို နန်းတွင်းနယ်မြေကြီးမှာ ပြုပြင်စရာ၊ ထိန်းသိမ်းစရာ။ပြင်ဆင်စရာ၊ ဖြည့်စွက်စရာတွေအားလုံး ပြုပြင်ထိန်းသိမ်း စောင့်ရှောက်သင့်သလို တစ်မျိုးသားလုံး ပိုင်ဆိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို တစ်မျိုးသားလုံး ကာကွယ်စောင့်ရှောက်သင့်တဲ့အပြင် ယဉ်ကျေးမှုနဲ့ မအပ်စပ် မရှိသင့်တဲ့ အရာတွေကိုလည်း ရွှေ့ပြောင်းပြင်ဆင်ပြောင်းလဲမှုတွေ ပြုလုပ်သင့်ပြီလို့ လည်း အများစုက သုံးသပ်ပြောဆိုခဲ့ကြပါတယ်။

    “စစ်တပ်ဆိုတာက တိုင်းပြည်ကို ကာကွယ်ဖို့၊ မြို့ပြကို ကာကွယ်ဖို့၊ မြို့လူထုကို ကာကွယ်ဖို့ဆိုရင် မြို့ရဲ့အပြင်ကနေပြီး ကာကွယ်ရမှာလေ။ အခုက စစ်တပ်က တကယ့်အထွဋ်အမြတ်နေရာအတွင်းမှာနေပြီး မြို့လူထုက အပြင်ကနေ ပြန်ကာ ပေးထား ရသလိုဖြစ်နေတယ်။ ပြည်သူလူထုရဲ့ အစောင့်ရှောက်ခံကြီးဖြစ်နေတာ အင်မတန် စိတ်မချမ်းမြေ့စရာဖြစ်နေရတယ်”လို့လည်း ဆရာဆူးငှက်က သုံးသပ်ပါတယ်။

    လွတ်လပ်ရေးရပြီးကတည်းက စစ်တပ်ဟာ ရွှေ့ပြောင်းရမှာအမှန်ဖြစ်ပေမယ့် ပြည်တွင်းသောင်းကျန်းမှုတွေ၊ နယ်မြေမငြိမ်သက်မှုတွေ ရှိနေတဲ့အတွက် နန်းတွင်းမှာ တပ်စွဲထားတယ်လို့ ဆိုနိုင်သော်လည်း အခုလက်ရှိအချိန်အခါမှာတော့ တည်ငြိမ်အေးချမ်းနေပြီး သောင်းကျန်းမှုဆိုတာလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။ ခေတ်စနစ်တွေလည်း ပြောင်းလဲလာပြီဖြစ်တဲ့အတွက် နန်းတွင်းမှာ ဆက်လက်ရှိမနေသင့်တော့ပါဘူးလို့လည်း မြို့ခံအများစုက ပြောဆိုဆွေးနွေးနေပါတယ်။

    “နန်းတွင်းဟာ ဗမာလူမျိုးတွေအားလုံးနဲ့ သက်ဆိုင်တဲ့နေရာဖြစ်သွားပြီ။ ရှေးဟောင်းယဉ်ကျေးမှုအရရော၊ ရိုးရာအမွေအနှစ်အရပါဆိုရင် ပြတိုက်အကြီးကြီးဖြစ်သွားမယ်။ ရှေးခေတ်နန်းမူနန်းရာ အသစ်တွေ။ မြေ၀ိုင်းဇာတ်တွေ၊ ရုပ်သေးစင်တော်ကြီးတွေ၊ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ၊ ရိုးရာအားကစားတွေ ပါတဲ့ပြကွင်းပြကွက်ကြီးသာဖြစ်ခဲ့မယ်ဆိုရင် အများပြည်သူ အနားယူအပန်းဖြေနိုင်မယ့် တကယ့် ဥယျာသ်ကြီးတစ်ခု ဖြစ်လာမယ်”လို့ ဆရာဆူးငှက်က ပြောပါတယ်။

    “ဟိုးအရင်တုန်းကတော့ ရောက်တယ်။ ကလေးတွေကို လိုက်လိုက်ပို့တာလေ။ ရုပ်ရှင်ရုံရှိတယ်။ အားကစားရုံက ဂျွမ်းဘားရုံရှိတယ်။ နောက် ဘုတ်တလုတ်ကန်ရှိတယ်။ ရေကူးကန်ရှိတယ်။ နန်းတွင်းကျောက်တိုင်ကြီး ပတ်ပတ်လည်မှာ ပြေးခုန်ပစ် ပြိုင်ပွဲတွေလုပ်တယ်။ အဲဒီထဲမှာပဲ လွတ်လပ်ရေးနေ့ဆိုရင် ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ အဲဒါတွေကို ကလေးတွေကို လိုက်ပြတာ။ အခုတော့ ခေတ်က ပြောင်းသွားပြီး ကလေးတွေကို ပြစရာလည်းမရှိဘူး။ ရောက်လည်းမရောက်ဖြစ်တော့ဘူး”လို့ အသက် ၅၆ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

    မြို့လူထုတွေ အနေနဲ့လည်း နန်းတွင်းဆိုတာနဲ့ တစ်သီးတစ်ခြားစီဖြစ်မနေတော့ဘဲ ၀င်ထွက်သွားလာလို့ ရနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ လည်း သိရပါတယ်။ အလားတူပြည်ပကလာရောက်လေ့လာသူတွေအတွက်လည်း မြန်မာလူမျိုးတွေရဲ့ နေထိုင်မှု ဓလေ့တွေကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

    “ဒီအချိန်မှာ တပ်မတော်သည် မိမိနေရာ မိမိပြန်သွားပြီး လွှဲအပ်လိုက်မယ်ဆိုရင် လူသာဓုခေါ်။ နန်သာဓုခေါ် ဖြစ်မှာပါ”လို့ စာရေးဆရာကြီး တစ်ဦးက သုံးသပ်ပါတယ်။
    ဒီမိုကရေစီခေတ်ကို ကူးပြောင်းနေတဲ့ အချိန်ကာလမှာ အင်္ဂလိပ်အမွေဆိုးကို ဆက်ခံမကျင့်သုံးသင့်တော့ဘူးလို့လည်းဆိုပါတယ်။ မန္တလေးနန်းတွင်းထဲမှာ တည်ရှိနေတဲ့ အကျဉ်းထောင်ကိုတောင် ရွှေ့ပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ယခင်ကာလများဆီက တယက ဆိုလျှင် နန်းတွင်းထဲမှာရှိသော်လည်း အခုအခါမှာတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတွေသည် နန်းတွင်းပြင်ပကို ရောက်လာပြီး ပြည်သူလူထုနဲ့ ပိုမိုနီးစပ်လာတာကို မြင်တွေ့ရပြီးဖြစ်ပါတယ်။

    အများပြည်သူ အမှန်တကယ်အနားယူ အပန်းဖြေဖို့နေရာ လည်း လိုအပ်နေပါတယ်။ ဒီနန်းတွင်းက ယဉ်ကျေးမှုအရလည်း ထိန်းသိမ်းသင့်တဲ့နေရာ၊ မင်းနေပြည်တော် ပြယုဂ်အဖြစ်လည်း ပြသနိုင်တဲ့နေရာဖြစ်လို့ မြနန်းစံကျော်ရွှေနန်းတော်အပါအ၀င် လေးဘက်လေးတန်နေရာတွေကို စုပေါင်းပြီး မြို့ပြဥယျာဉ်တော်ကြီးအဖြစ် ပညာရှင်တွေနဲ့ တိုင်ပင်သင့်တယ်လို့လည်း သုံးသပ်သူတွေရှိပါတယ်။
    ကုမ္ပဏီတွေကို လက်လွှဲအပ်ကာ မြို့နေလူထု အပန်းဖြေနားနေစရာ အစစ်အမှန်ဥယျာဉ်တော် မဖြစ်ဘဲ စားသောက်ဆိုင်တွေဖြစ်မသွားဖို့၊ ကာစီနို်တွေ၊ ဟော်တယ်တွေ၊ ကလပ်တွေဖြစ်မသွားဖို့ကိုတော့ အားလုံးဝိုင်းဝန်းထိန်းသိမ်းသင့်ပါတယ်။

မန္တလေးခေတ်

No comments:

Post a Comment