Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 24, 2013

ကျွန်တော် ခလုပ်နှိပ်မိသော ဘာသာတရားများ

by ဗိုလ် နင့် (Notes) on Thursday, April 18, 2013 at 1:01pm

စကားဦး။ ။ ယခု ၀တ္ထုသည် ကျွန်တော် တွေးမိသမျှ ချပြမိသော အတွေးသာ ဖြစ်ပါသည်။ သင်တို့အနေနှင့် မိမိနှစ်သက်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်နိုင်ပါသည်။ သို့သော် ဘာသာတရား အစွဲတစ်ခုဖြင့် အတ္တနှင့်ယှဉ်သော ယုံကြည်ချက်တစ်ခုခုဖြင့် လာရောက် ဖတ်ခြင်း၊ သည်းခံကြပါရန် မေတ္တာရပ်ခံပါသည်။ ဘာသာတရားအားလုံးကို လေးစားစွာဖြင့်။
- ရင်နင့်အောင် -
---------------------------------------------------------------------------------------------
(က)

“မင်းစဉ်းစားကြည့်ကွာငါတို့လူတွေ အဓိက ကိုးကွယ်တဲ့ ဘာသာတရား အမျိုးအစားဘယ် နှစ်ခု ရှိသလဲ”
“ဗျာ …. လေးခုလေ…”
“အင်း … နာမည်အရတော့လေးခုပေါ့ကွာ ဒါပေမယ့် ငါတို့က နာမည်မတပ်ဘဲ ပြောရအောင်”
“ဟုတ်”
ကျွန်တော်လည်းပညာရှိကြီး ပြောမယ့် စကားကို နားစွင့်နေလိုက်ပါတယ်။ ပညာရှိကြီးက ချက်ချင်း ဆက်မပြောဘဲသူတည်နေတဲ့ ရေနွေးအိုးအောက်က မီးကို ယပ်ခပ်နေပြန်တယ်။
“ပညာရှိကြီးဆက်ပြောပါဦးဗျ .. နာမည် အရ လေးခု ပြီးတော့ ဘာလဲဗျ”
“အေး…”
“မင်းတို့လူငယ်တွေ ခုခေတ်ပေါ်တဲ့ Play Station ဂိမ်းကို ဆော့ဖူးမှာပေါ့”
အဲ။ ပညာရှိကြီးကအသက်သာ ကြီးတာ ဂိမ်းတွေ ဘာတွေ သိလို့ပေါ့။ ကျွန်တော်လည်း ဆော့ဖူးတဲ့ အကြောင်း ပြောပြလိုက်တယ်။ပညာ ရှိကြီးက ဆက်ပြောတယ်။
“အင်း…….မင်းတို့ ဂိမ်းဆော့ရင် ဘောလုံး ဂိမ်းကော ဆော့ဖူးမှာပါ ဒါဆို”
“ဟုတ် … ဆော့ဖူးတာပေါ့ဗျဘာဖြစ်လို့တုန်းဗျ”
“အဲဒီ ဘောလုံးဂိမ်းမှာလူ ၁၁ ယောက်ကို မင်းတစ်ယောက်တည်း ထိန်းပြီး ကန်ရတယ်လေ
ဘောလုံးရှိတဲ့အရုပ်ကို မင်းက လိုက် ထိန်းပြီး ကစားရုံပဲ
မင်းက မင်းအသင်းထဲက ရှေ့တန်းကို ပေးချင်ပေး၊ နောက်ကို ပြန်ပေးချင်ပေး
ပြီးတော့ဂိုးရှူးခွင့်ရတဲ့ အရုပ်ဆိုလည်း မင်းက ကန်လိုက်တာပဲ မဟုတ်လားကွ”
“အဲ .. ဟုတ်တယ်လေဗျာ”


(ခ)


ပညာရှိကြီးကရေနွေးအိုးထဲကို လက်ဖက်ခြောက်တွေ ခပ်လိုက်တယ်။ ပြီးတော့ အဖုံးကို အ၀တ်နဲ့ အုပ်ကိုင်ပြီးပြန်ဖုံးလိုက်ပါတယ်။ ကျွန်တော့်မှာဖြင့် ဘာသာတရားအကြောင်းကနေ ဘောလုံးဂိမ်းအကြောင်းရောက်သွားတဲ့ ပညာရှိကြီး စကားထဲမှာ စဉ်းစား ခန်းဝင်ရပြီပေါ့။ ဘာလဲဗျာ။ ဘာသာတရားအကြောင်းကနေဘောလုံးကန်တာဆီရောက်သွားရအောင် အဲဒီ နှစ်ခုက ဆိုင်လို့လားပေါ့။ ပညာရှိကြီးကတော့ တကယ်ပညာရှိမယ့် ပုံပါပဲ။ ဘာပညာရှိလဲတော့ ကျွန်တော်လည်း သေချာမသိဘူးရယ်။ သူ့ကိုတော့ ဒီရွာကလူတွေအကုန်လုံးက ပညာရှိကြီးလို့ ပြောကြတာပဲ။
“ပညာရှိကြီး…”
သူက လက်ဖက်ခြောက်ဆူအောင်အထိ စောင့်ပြီး ရေနွေးကြမ်း နှစ်ပန်းကန်ကို ငဲ့လိုက်တယ်။ ပြီး ကျွန်တော့်ကိုတစ်ခွက် လှမ်းပေးတယ်။
“ဟုတ်…”
အငွေ့တထောင်းထောင်းနဲ့အနံ့သင်းပြပြ ရေနွေးက ကျွန်တော့်ကို နွေးထွေးသွားစေတယ်။


(ဂ)


“ဒီလိုလေ…ဘာသာတရားမှာ ဖန်ဆင်းရှင်ကို ယုံတဲ့ ဘာသာနဲ့
ကံ၊ ကံ၏ အကြောင်းအကျိုးကိုယုံတဲ့ ဘာသာဆိုပြီး အဓိကကွဲပြားချက် နှစ်ခု ရှိတယ်မလား”
“ဟုတ်ကဲ့ဗျ”
“အင်း … ဒါပေမယ့်ဒီနှစ်ခုလုံးကို သိပ္ပံနည်းကျနဲ့ သက်သေပြနိုင်လို့လား”
“ပြလို့ …ရတာ ရတယ်လေ”
ကျွန်တော်ကငြင်းတော့ ပညာရှိကြီး က ပြုံးတယ်။ ကျွန်တော့်စကားပဲ မှားသွားသလား။ ကျွန်တော်လည်း ဘာသာတရားအကြောင်းသေချာသိတာ မဟုတ်တော့။ သူနဲ့ ဇွတ်လည်း မငြင်းရဲဘူးဗျ။ ဒီတော့ သူ့စကားကိုပဲ ဆက်နားထောင်နေလိုက်တယ်။
“အိုကေ …ဘာသာတရားတိုင်းမှာတော့ အနည်းငယ်အချက်အလက်လောက်
သက်သေပြကောင်းပြနိုင်ပါတယ် .. ဒါပေမယ့် .. ဘာသာတရား တစ်ခုလုံးကို
ဘယ်လိုမှမှန်ပါတယ်လို့သိပ္ပံနည်းကျ မပြနိုင်ဘူး
တစ်ချို့ဘာသာရဲ့ကောင်းကင်ဘုံ၊ တစ်ချို့ဘာသာရဲ့ နတ်ပြည်၊ ငရဲပြည်လောက်ပဲ
ပြကြည့်လေဟုတ်တယ်မလား”
“အဲ ဟုတ်သား..ဒါတွေတော့ သိပ္ပံပညာက ဘယ်ပြနိုင်မလဲဗျ”


(ဃ)


ပညာရှိကြီးကရေနွေးကြမ်း တစ်ငုံ သောက်ပြီး ဆက်ပြောပါတယ်။
“သချာင်္ပညာရပ်မှာမသိကိန်းတွေ များနေရင်
မသိကိန်းတွေအားလုံးကို ကိန်းသေတန်ဖိုးတစ်ခုခု ပေးပြီး
အဖြေရှာတာမျိုးမင်းတွက်ဖူးတယ်မလား”
“ဟုတ်.. တွက်ဖူးတယ်ဗျ… Let x = 0 ဆိုပြီးလေ.. နောက်ဆုံး အဖြေရသွားတယ်”
“အေး… ငါလည်းဘာသာတရားတိုင်းကို အဲလို တွက်ကြည့်ထားတယ်”
“အို…..”
ဘာသာတရားတိုင်းကိုကိန်းသေတန်ဖိုး ပေးရမယ်ဆိုပါလား။ ကျွန်တော်နည်းနည်းတော့ ဖြုံသွားတယ်။ ဟုတ်တယ်လေ။ ကျွန်တော်တစ်ခါမှ မစဉ်းမိဖူးဘူး။


(င)


ပညာရှိကြီးကဆက်ရှင်းပြတယ်။
“ဘာသာတရားတိုင်းကိုငါက အမှန်တရား အဖြစ် သတ်မှတ်လိုက်တယ်”
“ဗျာ.. အကုန်လုံးမှန်တယ်ပေါ့ .. အမှန်လို့ သတ်မှတ်တယ်ပေါ့ ဟုတ်လား”
“အေး..ဖန်ဆင်းရှင်ကိုလည်းမှန်တယ်
ကံအကျိုး၊ကံအကြောင်းကို လည်း မှန်တယ်ပေါ့ အဲလို သတ်မှတ်လိုက်တယ်”
“ဟုတ်”
“မင်းကိုဒါနဲ့ မေးပါဦးမယ်.. ဟိုတလောက ဂျပန်မှာ စက်ရုပ်မ ထွင်လိုက်တာ သိလား”
“ဗျာ… သိတယ်လေ… စက်ရုပ်မက ဘာသာစကား အမျိုး ၂၀ လောက်တတ်တယ်
ဟင်းအမျိုးပေါင်း၂၀၀ ကျော် ချက်တတ်တယ်
ကလေးထိန်းတာကအစ အိမ်မှု ကိစ္စတွေပါ လုပ်တတ်တယ်
ဟုတ်တယ်မလား…ကျွန်တော် facebook ထဲမှာ ဖတ်လိုက်ရတယ်”
“အေး.. ဒါတင်ဘယ်ကမလဲ .. စက်ရုပ်မက လိင်မှုကို ပါ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်ကွ”
“ဟုတ်…. အဲဒီစက်ရုပ်မနဲ့ ခုကိစ္စက ဘယ်လို …….”
ပညာရှိကြီးကလက်ကာပြပြီး မလောနဲ့လို့ ကျွန်တော့်ကို သတိပေးတယ်။ ကျွန်တော်လည်း ကုပ်ကုပ်ကလေး ထိုင်နေမိလိုက်တယ်။


(စ)
“မင်းစဉ်းစားကြည့်စက်ရုပ်အမ ထွင်နိုင်ပြီဆို…
စက်ရုပ်အထီးလည်းထွင်လို့ ဘာခက်တော့မလဲကွ”
“ဟုတ်တာပေါ့”
“အေး… တကယ်လို့သာစက်ရုပ်အစ်မနဲ့ အထီးကို ထွင်ပြီး
သူတို့ကိုလိင်ကိစ္စ လုပ်ခိုင်းမယ်
ပြီးရင် သူတို့ကိုလူတွေလိုပဲ reproduction system ထည့်ပေးမယ်ကွာ
သူတို့ ကိစ္စပြီးတာနဲ့ ကိုယ်ဝန်ရမယ်
ပြီးရင် အလိုလျောက်နောက် စက်ရုပ်တစ်ရုပ် ထွက်မယ်
Relationshipအရ သူတို့သားသမီးပေါ့
အေး… မွေးရင်တော့စက်ရုပ် သားသားလေးလား၊ မီးမီးလေးလားဆိုတာ
ကွန်ပျူတာပရိုဂရမ်ကမဲနှိုက်မယ်လေ ပြီးတော့ သူတို့ကို ဒီအတိုင်းမထားဘူး
တစ်ချိန်ချိန်မှာငါတို့သုံနေတဲ့ စက်တွေ ပျက်သလို software တွေ သက်တမ်းကုန်သလို
မွေးကတည်းကမဲနိုက်ပြီး random ပေါ့ကွာ သက်တမ်းကို ရွေးပေးလိုက်မယ်”
ပညာရှိကြီးကသူ့စကားကို ခဏနားလိုက်တယ်။ ကျွန်တော်ကတော့ ဘာတွေ ဆက်ဖြစ်မလဲလို့ ဆက်တွေးနေမိတယ်။


(ဆ)
“ပညာရှိကြီး.. ဒါဆို..
ဒါဆို……………..
အဲဒီ စက်ရုပ်အထီး၊ အမကိုထွင်ပြီး ကျွန်တော် ဂြိုလ်တစ်ခုပေါ် သွားထားလိုက်မယ်ဗျာ…
နောက်ထပ်နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ
စက်ရုပ်တွေ…. ဘယ်လောက်များ .. များနေလိုက်မလဲနော်….
ပြီးတော့… သူတို့ကိုယ် သူတို့ version မြင့်အောင်… software upgrade လုပ်နိုင်အောင်လည်း
ကျွန်တော်ဖန်တီးထားခဲ့ရင် သူတို့ဟာ မျိုးရိုး တော်ရုံနဲ့လည်း မတိမ်ကောနိုင်ဘူးပေါ့”
ကျွန်တော်တွေးမိတာတွေပြောကြည့်တော့ ပညာရှိကြီးက တဟားဟားနဲ့ ရယ်ပါတယ်။
“ဟား… ဟား…ဟား….
ဟေ့ကောင်လေး..အဲဒါ ငါတို့လူတွေ ဖန်ဆင်းတာနော်….
မင်း ထွင်ခဲ့ရင်…. မင်းဟာ စက်ရုပ်မျိုးရိုးတွေအတွက် … ဖန်ဆင်းရှင်ပဲ
ဘုရားသခင်ပဲပေါ့ကွ”
အို….။ ကျွန်တော်ကြက်သီးတွေတောင် ထသွားတယ်။ ဒါဟာ သူပြောတဲ့ သင်္ချာ ပညာအရတော့ မှန်နေတဲ့ ကိစ္စပဲလား။ ပြီးတော့… ပြီးတော့ ..။ ကျွန်တော့် အတွေး မဆုံးခင် ပညာရှိကြီးက ဆက်ပြောတယ်။


(ဇ)
“ကဲ .. ကောင်လေး…
ငါတို့ နောက်ထပ်အီကွေးရှင်းတစ်ခု ထပ်ချရအောင်”
“ဟုတ်”
ခုတော့ ကျွန်တော်အသင့်အနေထား ရှိနေပြီ။ ကျွန်တော် ပညာရှိကြီး ပြောသမျှ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေလိုက်တွေးဖို့ အသင့် ဖြစ်နေပြီ။
“ခုနက ငါပြောတဲ့ဘောလုံးဂိမ်းကို စဉ်းစားရအောင်
အဲဒါကိုEA လို့ ခေါ်တဲ့ ကုမ္ပဏီက တီထွင်ထားတယ်ကွ”
“ဟုတ်”
“မင်းက ခလုပ်ကိုကိုင်ထားတယ်.. မင်းအသင်းက ကောင်လေး ရောက်တာနဲ့
မင်းပေးချင်တဲ့ဘက်ကို ပေး၊ မြှောက်ဘောပေးချင်ရင် မြှောက်ဘော ခလုပ်ကို နှိပ်လိုက်
လူပေးရုံဆိုလည်းလူပေးတဲ့ ခလုပ်ကို နှိပ်လိုက် .. ဂိုးရှူးချင်လည်း ဂိုးရှူးတဲ့ ခလုပ်ပေါ့ကွာ…
အေး.. ဒါပေမယ့်မင်းဂိုးရှူးလိုက်လို့ ဂိုးဝင်သွားရင် … အဲဒီ တီဗွီဂိမ်းထဲက အရုပ်က ဘာဖြစ်လဲ”
“ဗျာ….. ဂိုးရှူးသွားရင်လား..ပြေးတယ်လေဗျာ….
ဂိုး…ဆိုပြီး.. ကျန်တဲ့ အသင်းသားတွေနဲ့ အပြင်ကလိုပဲ ဖက်ပြီး ပျော်ကြတယ်လေ”
“အဲဒါ… အဲဒါပဲ….”
ပညာရှိကြီးကအသံနည်းနည်း ကျယ်လာတယ်။
“တကယ် ဂိုးရှူးလိုက်တာက ခလုပ်ကို နှိပ်လိုက်တဲ့ မင်းလေ
ဒါပေမယ့်အဲဒီထဲက အရုပ်က သူရှူးတယ်ဆိုပြီး ပျော်နေတယ်မလား”
“ဟာ …… ဟုတ်သား…..ဟုတ်တယ်ဗျ …”


(စ်)


“တကယ်တော့ကွာ…ဖန်ဆင်းရှင်ဝါဒီတွေ အမှန်တရားလို့ လက်ခံထားတဲ့အတွက်
ငါတို့ကိုများတစ်စုံတစ်ယောက်က အဲလို ခလုပ်နှိပ်ပြီး တစ်ဦးချင်း ခိုင်းစေနေမယ်ဆိုရင်
မင်းဘယ်လိုသဘောရလဲ”
“ဟာဗျာ… မဟုတ်လောက်ပါဘူးအဲလိုတော့” ကျွန်တော့် ငြင်းဆိုမှု ပြီးတော့ ပညာရှိကြီးက ချက်ချင်း ဟားတိုက်ပြီး ပြန်ပြောတယ်။
“ဟား ဟား… ဟား…… ခု မဟုတ်လောက်ပါဘူးလို့ ပြောအောင်လည်း ခလုပ်နှိပ်လိုက်တာဖြစ်မယ်”
“ဟင်….”
“မဟင်နဲ့ဟေ့ကောင် … မင်း အလုပ်တွေ လုပ်အောင်… မင်း ၀မ်းသာတာတွေ တွေ့ရင်
ရယ်မောအောင်.. ကဲ .. ခု မင်းငိုကွာဆိုပြီး ခလုပ်နှိပ်လိုက်ရင် မင်း ငိုမယ် .. ရယ်ဆို ရယ်မယ်
မင်းတို့ငါတို့မှာတော့ ဒါကို .. ငါပျော်တယ်.. ငါဝမ်းနည်းတယ်… ဒါ ငါလုပ်တာကွဆိုပြီး မာန်တက်ရတာနဲ့
ဟား ဟား ဟား………….”
ကျွန်တော်ငူငူကြီး ဖြစ်သွားတယ်။ ကျွန်တော်တို့ကို ဖန်ဆင်းရှင်က အဲလိုကြီးတကယ် လုပ်နေတာလားလို့တွေးရင်း တွေးရင်း။ လူဖြစ်ရတာ ငိုချင်သလို ဖြစ်သွားတယ်။ အဲဒီအချိန်မှာပဲ ပညာရှိကြီးကထပ်ပြောတယ်။


(ည)


“အေး.. ဖန်ဆင်းရှင်မဟုတ်တဲ့ဘုရားရှိတယ်ကွ ..
သူကတော့ကွာ…သူလည်း မင်းတို့ ငါတို့လိုပါပဲ တီဗွီဂိမ်းထဲက အရုပ်တစ်ရုပ်ပေါ့
ဒါပေမယ့်… သူဟာ အဲလို သူများ ခလုပ်နှိပ်သမျှ လိုက်ကစားနေရတဲ့ ဘ၀ကို
စိတ်ကုန်သွားတယ်..ဒီတော့ … သူဟာ အဲဒီဘ၀က ရုန်းထွက်ဖို့ ကျန်တဲ့ အရုပ်တွေကို တိုက်တွန်းတယ်
ဒါပေမယ့်လူဆိုမှတော့ကွာ… မိရိုးဖလာ ယုံကြည်မှုတွေရော … ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွေရောက
ငယ်စဉ်ကတည်းကသင်ခဲ့ကြတယ်မလားကွ
မင်းဟာ အခုဘောလုံးကို ကန်ပြီး ဂိုးသွင်းလိုက်
ဒါဟာ ဘုရားသခင်ဖန်ဆင်းရှင်ရဲ့ ကျေးဇူးတော်ကြောင့်လို့ ယုံကြည်တဲ့သူရှိသလို
ဒီလို ဘ၀ကရုန်းထွက်မယ် … ခလုပ်တော့ အနှိပ်မခံနိုင်ဘူးလို့ ထွက်ပေါက် လွတ်လမ်း ရှာတဲ့
ဘောလုံးသမားလည်းရှိမယ် .. ဒါပေမယ့် မင်းသိထားရမှာက
ငါတို့အားလုံးဟာအရုပ်တွေပဲလေ… ဘာကို မာန်တက်နေလဲ …
တကယ်လို့မင်းဟာ ဖန်ဆင်းရှင်မဟုတ်တဲ့ ဘာသာတရား ယုံကြည်တယ်ဆိုလည်း…
မင်းကို ဖန်ဆင်းရှင်ကယုံကြည်လိုက်လို့ ခလုပ်နှိပ်ထားမှာပေါ့ ... သူ့ကိုလည်း မင်းကျေးဇူးတင်လိုက်
ပြီးတော့ဖန်ဆင်းရှင်ကို ယုံကြည်ကိုးကွယ်တဲ့ သူတွေကလည်း
သူတို့ ဖန်ဆင်းရှင်အတွက်သူတို့ ဂိုးတွေ ရှူးနေလိမ့်မယ် …
အနည်းဆုံးတော့သူတို့ အရုပ်လောကကြီး တိုးတက်လာတာ သူတို့တွေ ပိုလုပ်ခဲ့လို့ပဲ
ကျန်တာကတော့မင်းဆက်တွေးတော့ လူကလေး”
ကျွန်တော်ပညာရှိကြီး ရှိတဲ့ ရွာကလေးမှ မြို့က အိမ်ကလေးဆီကို ပြန်လာခဲ့ပါတယ်။ ကျွန်တော်တို့ မြို့ပေါ်မှာတော့လူတွေက ဘာသာတရားကို ဆွဲကိုင်လို့ ရန်ပွဲတွေ ဖြစ်နေကြပါတယ်။ အော်… အရုပ်တွေ ပါပဲ အားလုံးကတော့။




- ရင်နင့်အောင် -

No comments:

Post a Comment