Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 16, 2013

ဇရာအကြောင်း သိကောင်းစရာ


“ဇရာ” လို့  ဆိုလိုက်တာနဲ့  အသက်အရွယ်ကြီးရင့်လာပြီးဆိုတဲ့ အချက်တစ်ခုတည်း ပါဝင်တာ မဟုတ်ပါဘူး။ ဇရာဝင်လာတာနဲ့ အမျှ ကိုယ့်ရဲ့ အပြုအမူ၊အမူအကျင့်တွေလည်း ပြောင်းလဲတတ်ပြန်ပါတယ်။အခါးလုံးဝ မကြိုက်ခဲ့တဲ့ လူတစ်ယောက်ဟာ အခါးတွေ စားလာတာမျိုး၊ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကို အားကျစိတ် ၀င်လာတာမျိုး၊ငယ်ဘ၀ ပုံရိပ်တွေကို မကြာခဏ လွမ်းဆွတ်တမ်းတတတ်တာမျိုး… စတဲ့ အပြုအမူ၊ အမူအကျင့်မျိုးတွေဟာ ဇရာရဲ့ သင်္ကေတလက္ခဏာတွေပါပဲ။ဒီအပြုအမူတွေဟာ အတွေ့ အကြုံ ရှည်ကြာလာတဲ့ သဘောနဲ့ လည်း သက်ရောက်အကျုံးဝင်နေပြန်ပါတယ်။

စိတ်ကျန်းမာရေး ပညာရှင်တွေကတော့ အခါးတွေ စားလာတယ် ဆိုတာ အသက်ကြီးလာတာနဲ့ အမျှ ကိုယ့်ကိုယ်ကို ကျန်းမာရေးဂရုစိုက်ချင်တဲ့ စိတ်တွေ ၀င်လာကြတဲ့သဘောလို့ ဆိုထားကြပါတယ်။
ဒီနေရာမှာ ကလေးလူငယ် တွေကျတော့ အခါးဓာတ်စားရတာ အဆင်မပြေလို့  သိပ်မကြိုက်ကြပါဘူး။အသက်အရွယ် ကြီးရင့်လာကြသူတွေကတော့ ဒီလိုအချိန်မှာ ကြက်ဟင်းခါးသီး၊သင်္ဘောရွက်၊ကြောင်လျှာရွက်၊ခွေးတောက်ရွက် စတဲ့ အခါးအရသာရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ကျန်းမာရေးအနေနဲ့ စားလာတတ်ကြပါတယ်။အသက်အရွက် ကြီးရင့်လာတာနဲ့ အမျှ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တဲ့ အချိုအဆိမ့်(ဆီးချိုသွေးချို ဖြစ်ပွားနိုင်)တွေကို ရှောင်ရှားပြီး အခါးဓာတ်တွေကို ပိုမိုစားသုံးဖြစ်လာတယ် လို့  စိတ်ကျန်းမာရေးပညာရှင်များက ဆိုထားကြပါတယ်။
ငယ်ရွယ်နုပျိုနေကြတဲ့ လူငယ်တွေကို အားကျစိတ်ဝင်နေတာကျတော့ အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်လက္ခဏာတွေကို စိတ်တိုင်းမကျတာမျိုးတွေကြောင့်လို့ ဆိုထားပါတယ်။နောက်ပြီး ငယ်ရွယ်သူတို့ ရဲ့ အသားအရေ လှပတင်းရင်းမှုတွေ၊လန်းဆန်းတက်ကြွမှုတွေကို အားကျစိတ် ၀င်လာနိုင်သလို သူတို့  လေးတွေကို ကြည့်ပြီး ပျော်ရွှင်မှုတွေ ခံစားလာစေနိုင်တဲ့အတွက်လည်း ပါဝင်မှာပါ။

ငယ်ဘ၀ကို မကြာခဏ တမ်းတတတ်တာမျိုးတွေကျတော့ ငယ်ရွယ်တဲ့ လူငယ်တွေဟာ အနာဂတ်ကို ကြိုတင်တွေးတောတတ်ကြသလိုပါပဲ လူကြီးတွေကလည်း အတိတ်ကို လွမ်းဆွတ်တတ်တာမျိုးဟာ ဖြစ်နေကျ လူ့ ဘ၀ရဲ့ နိယာမလို့  ဆိုထားပါတယ်။တစ်နည်းအားဖြင့် လူငယ်တွေဟာ မျှော်လင့်ချက်နဲ့  အသက်ရှင်သန်တတ်ကြပြီး လူကြီးတွေကျတော့ လွမ်းဆွတ်မှုနဲ့  အသက်ရှင်သန်တတ်ကြတယ်လို့ 
ပြောလို့ ရပါတယ်။

……………………………………………………………………………………………………

လေ့လာတွေ့ ရှိထားတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိုမင်းရင့်ရော်မှုဖြစ်ပွားနှုန်း ပိုမိုမြန်ဆန်တတ်ကြတဲ့ အချက်ပါပဲ။အမျိုးသမီးတွေရဲ့ အိုမင်းရင့်ရော်မှုကို ဆန်းစစ်ကြည့်တဲ့အခါ မျက်နှာမှာ အထင်းသားပေါ်နေတဲ့ အရေးအကြောင်းတွေကို မိတ်ကပ်ထူထူနဲ့  ဖုံးဖိတတ်လာမယ်၊အပြင်မှာပျော်ပါးရတာကို စိတ်ကုန်ခမ်းပြီး အိမ်မှာ အနားယူချင်စိတ်ပဲ ဖြစ်မိနေမယ်၊ကိုယ့်ကို လူတွေက“အစ်မ”ဆိုတဲ့ နာမ်စားကနေ “အဒေါ်၊အကြီး”ဆိုတဲ့ နာမ်စားနဲ့ ပြောင်းလဲအခေါ်ခံရတာမျိုးတွေ ကြုံနေရမယ်(ဒီလို အခေါ်ခံရတာမျိုးကျတော့ အရမ်းစိတ်တိုဖို့ ကောင်းပါတယ်)၊နည်းနည်းအားစိုက်ရတာနဲ့  ပင်ပန်းမောငိုက်တာတွေ ဖြစ်နေမယ်၊နည်းပညာကို အမီမလိုက်နိုင်ဘဲ စိတ်ပျက်ငြီးငွေ့ တာမျိုးတွေ ဖြစ်လာမယ်(ဥပမာ - “facebook က ဘာမှန်းလဲ မသိဘူး၊သုံးရတာ ပျော်ဖို့ လည်း မကောင်းဘူး” ဆိုတဲ့ အပြောမျိုးတွေ ပြောတတ်ကြတာမျိုး)၊စတဲ့ အပြုအမူမျိုးတွေဟာ ဇရာထောင်းခြင်းရဲ့ သင်္ကေတတွေပါပဲ။ဒါ့အပြင် အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ အချစ်ကိစ္စတွေနဲ့  ပတ်သက်ပြီးတော့လည်း အမြင်ပြောင်းလဲသွားနိုင်ပါသေးတယ်။ငယ်ဘ၀က အချစ်တွေကို ရှာဖွေတတ်ကြပေမယ့် ဒီအရွယ်ရောက်လာတော့ “မစွံလည်း ဘာဖြစ်သွားမှာ မို့ လို့ …၊ဒီအတိုင်း တစ်ကိုယ်တည်းနေတာပဲ ကောင်းပါတယ်”ဆိုပြီး အယူအဆတွေ ပြောင်းလဲတတ်ပါသေးတယ်။ဒီလို အယူအဆရှိတဲ့ လူမျိုးတွေကိုတော့ “လူအို”ပါဆိုပြီး ပြောလို့ မရပါဘူး။အတွေ့ အကြုံများလာတယ်လို့  ပြောရင် ပိုမှန်ပါလိမ့်မယ်။ဘယ်လိုပဲ ဖြစ်ဖြစ် လူဆိုတာကလည်း “လူအို” ဆိုပြီး တိုးတိုး အပြောခံရတာတောင် နာတတ်ကြတယ် မဟုတ်လား။ဒီတော့ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ကြမလဲ။

………………………………………………………...................…………………

အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာကြတဲ့ အမျိုးသမီးတွေအနေနဲ့ ဇရာကို တစ်ခြားနည်းလမ်းတွေနဲ့ တော့ ထိန်းချုပ်လို့  ရပါတယ်။အပျိုလေးတွေလို ပျော်ရွှင်လန်းဆန်းလာအောင် ပြုမှုနေထိုင်တာမျိုး၊ကိုယ့်ထက်ငယ်တဲ့ လူငယ်နဲ့ ကလေးတွေကို အပေါင်းအသင်းလုပ်တာမျိုး၊တစ်ချိန်လုံး အလုပ်နဲ့ လက်မပြတ်တာမျိုးကို ရှောင်ရှားပြီး အနားယူ အပန်းဖြေစရာ နေရာလေးတွေ သွားလည်တတ်တာမျိုး၊ဟာသဥာဏ်ရွှင်တဲ့ အပေါင်းအသင်း မိတ်ဆွေတွေ နဲ့  စကားပြောတာမျိုး၊အသားအရေကို ထိန်းသိမ်းပေးတဲ့ အလှပြင်ပစ္စည်းတွေကို သုံးစွဲလာတာမျိုး… စတဲ့ အပြုအမူတွေဟာ ရှိရင်းစွဲအသက်ထက် ပိုပြီးနုပျိုလန်းဆန်းလာစေမှာပါ။

……………………………………………...............……………………………………

အမျိုးသမီးတွေအတွက် ပြောပြီးပြီဆိုတော့ အမျိုးသားတွေအတွက်လည်း ပြောဖို့ လိုနေပြန်ပါတယ်။အမျိုးသားတွေဟာ အမျိုးသမီးတွေထက်တော့ ဇရာဝင်မှု နောက်ကျတတ်ပေမယ့် ကိုယ့်ကိုယ်ကို မထိန်းသိမ်းတတ်ရင်လည်း ရှိရင်းစွဲအသက်ထက် ပိုမိုအိုစာ သွားနိုင်ပါတယ်…။ဒါ့ကြောင့် အမျိုးသားများအတွက် အောက်က ဖော်ပြထားတဲ့အချက်ကို လိုက်နာနိုင်ဖို့ တော့ လိုအပ်ပါတယ်။

၁။အိပ်ရေး၀၀ အိပ်ပါ

အိပ်ရေး၀၀ အိပ်တတ်တဲ့ အကျိုးကျေးဇူးကတော့ ပင်ပန်းနွမ်းနယ်ထားသမျှတွေကို ပျောက်ကင်းသွားနိုင်အောင် လုပ်ဆောင်နိုင်လို့ ပါ…။အနည်းဆုံး ခြောက်နာရီကနေ ရှစ်နာရီအထိ အိပ်စက်ဖို့ လည်း လိုအပ်ပါတယ်။

၂။အချိုအဆိမ့်တွေကို များများ မစားမိပါစေနဲ့ 

အချိုအဆိမ့်တွေ များများစားတာဟာ နှလုံးရောဂါ၊ ဆီးချိုသွေးချို ဖြစ်ဖို့ ရာခိုင်နှုန်း များလာနိုင်သလို ဇရာထောင်းဖို့ လည်း ပိုမိုမြန်ဆန်လာစေပါတယ်။

၃။ဆေးလိပ်သောက်တာမျိုးကို ရှောင်ရှားပါ

ဆေးလိပ်သောက်တတ်တဲ့ လူတွေဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်တတ်တဲ့အပြင် အဆုတ်ရောဂါ ဖြစ်ပွားနှုန်း ပိုမိုဖြစ်လာနိုင်တဲ့အတွက် ရှောင်ရှားဖို့ လည်း လိုနေပြန်ပါတယ်။

၎။နေရောင်ခြည်ထဲသွားရင် အကာအကွယ် ဆောင်ထားပါ

နေရောင်ခြည်ထဲမှာ UV(ခရမ်းလွန်ရောင်ခြည်) နဲ့ အပူဓာတ်တွေ ပါဝင်တဲ့အတွက် အသားအရေ စိုပြေမှုနဲ့  ဆဲလ်များကို ပျက်စီးစေနိုင်ပါတယ်။ဒါ့ကြောင့် နေရောင်ခြည်ထဲ သွားရင်း ထီး၊ဦးထုပ်နဲ့ အင်္ကျီလက်ရှည်တွေကို ဆောင်ထားစေချင်ပါတယ်။

၅။ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ပါ

ကိုယ်လက်လှုပ်ရှားတဲ့ လူတစ်ယောက်ဟာ တစ်ခြားလူတွေထက် ကျန်းမားလန်းဆန်းနိုင်တဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျှော့ချလာစေနိုင်ပါတယ်။

၆။သောက်တတ်စားတတ်တာတွေကို လျှော့ပါ

အမျိုးသားအများစုဟာ သောက်တတ်စားတတ်တာနဲ့  မလွတ်ကင်းတတ်ကြပါဘူး။ဘာလိုပဲ ဖြစ်ဖြစ် သောက်နေကျထက် လျှော့သောက်ပြီး မိသားစုနဲ့ အတူ အပန်းဖြေခရီးထွက်ကြတာမျိုး၊ဒါမှမဟုတ် ပန်းခြံ၊ကစားကွင်း စတဲ့ အပန်းဖြေအနားယူစရာ နေရာလေးတွေကို မိသားစုနဲ့ အတူ သွားရောက်လည်ပတ်တာမျိုးတွေ ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။ဒါ့ကြောင့် အပေါင်းအသင်းများနဲ့  သောက်နေမယ့်အစား မိသားစု နွေးထွေးမှုတွေ ရရှိလာအောင် အပန်းဖြေခရီးထွက်ပေးကြစေချင်ပါတယ်။

ဒီအချက်ခြောက်ချက်ထဲက အနည်းဆုံး အချက် သုံးချက်လောက် လိုက်နာနိုင်မယ်ဆိုရင်တောင် ကိုယ့်အတွက် အကျိုးရလဒ်ကောင်းတွေ ရရှိနိုင်ပါပြီ။အချက် ခြောက်ချက်လုံး လိုက်နာနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့…။

………………………………………………………………………………………………...........

ဒါ့ကြောင့် ရှိရင်းစွဲအသက်ထက် ပိုမိုနုပျိုချင်ရင်တော့ အထက်က အကြံပြုထားတာလေးတွေကို လိုက်နာတတ်ဖို့ တော့ လိုအပ်ပါတယ်။မလွယ်ဘူးလို့  ထင်မြင်နိုင်ပေမယ့် ဘယ်အရာမှ အလွယ်တကူ မရလာနိုင်ဘူးဆိုတဲ့အချက်ကိုတော့ သိမြင်တတ်ဖို့ လိုအပ်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် အပြင်ပန်းရော အတွင်းစိတ်ပါ နုပျိုလန်းဆန်းလာကြတော့မှပဲ ရှေ့ ဆက် ခရီးနှင်ဖို့ အားအင်ဖြစ်ပွားလာမှာပါ။အားလုံး အားလုံးလည်း ရှိရင်းစွဲ အသက်ထက် စိတ်ပျိုကိုယ်နု နိုင်ကြပါစေ။          ။

                                                                       ထော်ဦး(ဘားအံကွန်ပျူတာ)

1 comment:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်က အခုအသက်20ပါ. ဒါပေမဲ့ အသက်ထက်ရုပ်ရည်က ပိုရင့်နေပါတယ်..ရှောင်ကျဉ်ဖို့နည်းလမ်းလေးတွေနောက်ထပ်ရှိေးရင တင်ပေးစေလိုပါတယ်

    ReplyDelete