Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 2, 2013

“ဂန်းနမ်းစတိုင်လ် PSY”


အင်တာနက် ဗီဒီယိုဝက်ဘ်ဆိုက် YouTube မှာ လူကြည့်အများအဆုံးအဖြစ် ကေတီပယ်ရီတို့၊ လေဒီဂါဂါတို့၊ ဂျက်စတင်ဘီဘာတို့လို ကမ္ဘာကျော် ဂီတကြယ်ပွင့်တွေကို ဖြတ်ကျော်ပြီး စံချိန်တင်နိုင်ခဲ့ရုံမက ပြောစမှတ်တွင်လောက်အောင် ကမ္ဘာတစ်ဝန်း နယ်ပယ်အသီးသီးအထိ ထိုးဖောက်အောင်မြင် ကျော်ကြားခဲ့တာကတော့ Gangnam Style သီချင်းဗီဒီယိုပဲ ဖြစ်ပါတယ်။

Gangnam Style သီချင်းကို မြင်းစီးကဟန်နဲ့အတူ သီဆိုကပြပြီး ကမ္ဘာတစ်ဝန်းပရိသတ်ပေါင်းများစွာ ရရှိနိုင်ခဲ့သူကတော့ PSY ပါ။

PSYရဲ့ ကဟန်ဟာ လွယ်ကူရှင်းလင်းပြီး ရယ်စရာကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းလိုလို သဘောကျပြီး တစ်ကမ္ဘာလုံးကို ကူးစက်သွားတယ်။ တက္ကသိုလ်တွေ၊ အလုပ်ရုံတွေမှာ Gangnam Styleအကကို လူစုပြီး ကကြတယ်။ ဘောလုံးသမားတွေ ဂိုးသွင်းပြီးရင် Gangnam Style အကနဲ့ အောင်ပွဲခံကုန်ကြတယ်။

Introduction
သူ့နာမည်က ပါ့ခ်ဂျေဆန်းပါ။ ဒါပေမဲ့ PSYဆိုတဲ့ အနုပညာ နာမည်ကိုပဲ လူသိများပါတယ်။ အဲဒီထက် လူသိများတာကတော့ သူဖန်တီးခဲ့တဲ့ Gangnam Styleဆိုတဲ့ သီချင်းပါပဲ။ ကမ္ဘာ့ဂီတ သမိုင်းတစ်လျှောက်မှာ သီချင်း တစ်ပုဒ်အနေနဲ့ မယုံနိုင်လောက်စရာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ အဲဒီ သီချင်းရဲ့ စာသားဟာ ဆန်မရှိ အစားကြီး လူတန်းစားတွေကို လှောင်ပြောင်ထားပြီး PSYကတော့ သူ့ကိုယ်သူ ရည်စူးတဲ့ ပုံစံမျိုး သီဆိုထားတာ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီသီချင်း နာမည်ကြီးသွားရတဲ့ အဓိက အကြောင်းရင်း တစ်ခုကတော့ ထူးထူးဆန်းဆန်း မြင်းစီးတဲ့ပုံစံ ကဟန်လို့လည်း ဆိုနိုင်ပါတယ်။

About PSY
Date of Birth: Dec 31, 1977
Myanmar Nickname: PSY
Best known in Myanmar for: Singer, Rapper, Dancer
Type:
Nationality: Korean
PSYကို (၁၉၇၇)ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်နေ့က မွေးဖွားခဲ့တာပါ။ သူ့သီချင်း စာသားထဲမှာပါတဲ့ Gangnam ရပ်ကွက်မှာ သူ့ရဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ဆိုးလ်မြို့တော်မှာ တည်ရှိတဲ့ အဲဒီရပ်ကွက်ဟာ ရေပေါ်ဆီ လူတန်းစားတွေ နေထိုင်တဲ့ နေရာဖြစ်ပြီး PSYရဲ့ မိသားစုကလည်း ကြွယ်ဝ ချမ်းသာခဲ့ပါတယ်။ သူ့အဖေ ပါ့ခ်ဝမ်ဟိုက DI ကော်ပိုရေးရှင်းမှာ အမှုဆောင် ဥက္ကဋ္ဌတစ်ယောက် ဖြစ်ပါတယ်။ ပါ့ခ်ရဲ့ ငယ်ဘဝက သိပ်တော့ မထူးခြားလှဘူးလို့ ဆိုရမှာပါ။ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ တက်ရောက် အောင်မြင်ပြီးတဲ့နောက် ခပ်ဆိုးဆိုး ကလေးတစ်ယောက်တော့ ဖြစ်ခဲ့ပါတယ်။

ပါ့ခ်က ကျောင်းကို မုန်းတယ်။ သူ့အတန်းဖော်တွေကို ဒုက္ခပေးတယ်။ ဒါပေမဲ့ သူ့ကြောင့်လည်း သူငယ်ချင်းတွေ ရယ်မော ပျော်ရွှင်ခဲ့ရတာတွေ ရှိခဲ့ပြန်ပါတယ်။ သူငယ်ငယ်တုန်းက အတန်းထဲမှာ မဟုတ်တရုတ် ညစ်ညမ်းဟာသတွေ ခဏခဏ ပြောတတ်တယ်လို့ သူငယ်ချင်းတွေက ပြန်ပြောင်း ပြောပြကြပါတယ်။ သူ့ရဲ့ ဆရာမဟောင်း တစ်ယောက်က "အဲဒီအချိန်တုန်းက ပါ့ခ်ကို ကျွန်မ လုံးဝ သဘောမကျဘူး။ ဒါပေမဲ့ သေချာ ပြန်တွေးကြည့်ရင် သူဟာ အတန်းထဲက ခွန်အားတစ်ရပ်လို ခံစားရမယ် ထင်တယ်"လို့ မှတ်ချက်ပြုခဲ့ပါတယ်။

(၁၉၉၆)မှာတော့ ပါ့ခ်တစ်ယောက် အမေရိကန်ကို ခြေဆံ့ခဲ့ပါတယ်။ ရည်ရွယ်ချက်က သူ့အဖေရဲ့ DIကော်ပိုရေးရှင်း ရာထူးနေရာကို ဆက်ခံဖို့အတွက် ဘော်စတွန် တက္ကသိုလ်မှာ Business Administration ဘာသာရပ် အထူးပြု သင်ကြားဖို့ပါ။ ဒါပေမဲ့ နဂိုကတည်းက စာမသင်ချင်တဲ့ ပါ့ခ်တစ်ယောက် ဂီတလောကထဲ ခြေစုံပစ် ဝင်ဖို့ ရွေးချယ်လိုက်ပါတော့တယ်။ သူ့ရဲ့ ပညာသင် စရိတ်တွေ အကုန်လုံးက ဂီတနဲ့ ဆိုင်တဲ့ စက်ပစ္စည်း၊ တူရိယာတွေ ဝယ်လိုက်တာနဲ့ ပြောင်သလင်း ခါသွားတယ်လို့ သိရပါတယ်။ နောက်တော့ ဘော်စတွန်ကို ကျောခိုင်းပြီး ဘာကလီ ဂီတကောလိပ်ကို တက်ရောက်ခဲ့တယ်။ နောက်တော့ သူဟာ တောင်ကိုရီးယား ပြန်လာပြီး အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်မိသွားပါတယ်။ ဒါပေမဲ့ သူဟာ ကိုရီးယားကို ပြန်ရောက်ချိန်မှာ ဘော်စတွန်ကရော၊ ဘာကလီကပါ ဘာဘွဲ့မှ မရသေးဘဲ ကျောင်းထွက်လာတာလို့ ဆိုပါတယ်။

(၂၀၀၁)ခုနှစ်မှာ ပါ့ခ်ဟာ PSYဆိုတဲ့ နာမည်ကို အတိအလင်း ခံယူပြီး PSY: The Psycho Worldဆိုတဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ထုတ်ဝေပါတယ်။ ဒါပေမဲ့ အဲဒီအယ်လ်ဘမ်မှာ မလျော်မကန် ပုံရိပ်နဲ့ စာသားတွေ ပါဝင်လို့ဆိုပြီး တောင်ကိုရီးယား အာဏာပိုင်တွေရဲ့ ဒဏ်ကြေးတပ်ရိုက်ခြင်းကို ခံရရှာတယ်။ နောက်နှစ်မှာ Sa 2ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်ဝေတယ်။ ဒါပေမဲ့ အသက်(၁၉)နှစ်အောက် လူငယ်တွေကို ဝယ်ယူခွင့် ပိတ်ပင်ခံရပြန်တယ်။ PSYကတော့ လက်မလျှော့ပါဘူး။ (၂၀၀၂)ခုနှစ်မှာပဲ 3 PSY ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်ဝေပြန်တယ်။ အဲဒီထဲက Championဆိုတဲ့ သီချင်းက လူကြိုက်များခဲ့သလို ပြည်တွင်း အောင်မြင်မှုတွေနဲ့ PSY စတင်ထိတွေ့ ပိုင်ဆိုင်လာခဲ့ပါတယ်။ ပြီးတော့ ဆိုးလ်မှာ ပြုလုပ်တဲ့ ဂီတဆုပေးပွဲမှာ တေးရေးဆု တစ်ခုကိုလည်း ရရှိခဲ့ပြန်ပါတယ်။

အောင်မြင်စ ပြုနေချိန်မှာပဲ (၂၀၀၃)ခုနှစ်မှာ PSY အနေနဲ့ စစ်မှုမထမ်း မနေရ စနစ်ကြောင့် စစ်တပ်ထဲ ဝင်ဖို့ ကြုံလာပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေး ကဏ္ဍမှာ မပါဝင်ဘဲ Software Developing ကုမ္ပဏီ တစ်ခုမှာ ဝင်ရောက် အလုပ်လုပ်ရင်း စစ်မှုထမ်း ကာလကို ဖြတ်သန်းခဲ့ပါတယ်။ (၂၀၀၆)မှာတော့ သူ့ရဲ့ စတုတ္ထ အယ်လ်ဘမ်ဖြစ်တဲ့ Sa Jibကို ထုတ်ဝေပြန်တယ်။ သူ့ရဲ့ စစ်မှုထမ်း တာဝန်တွေ အားလုံးကို (၂၀၀၉)ခုနှစ်၊ ဇူလိုင်လမှာတော့ အပြီးသတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ PSYဟာ ပရိသတ်နဲ့ အတန်ငယ် ကင်းကွာနေတာကို ပြန်ပြီး နီးစပ်ဖို့ ကြိုးစားရပါတော့တယ်။

သူ့ရဲ့ စီးပွားရေးသမား နေရာကို ဆက်ခံစေလိုတဲ့ ပါ့ခ်ရဲ့ ဖခင်က သားကို သိပ်မကြည်တာ မဆန်းပါဘူး။ ဒီတော့ ပါ့ခ်တစ်ယောက် ငွေရေးကြေးရေး အကျပ်တွေ့လာတယ်။ အဲဒီ အတောအတွင်းမှာ သူ့ရဲ့ သီချင်းတွေလည်း ထပ်မထုတ်ဖြစ်ဘဲ စိတ်ပျက်နေရတယ်။ (၂၀၁၀)မှာတော့ မိတ်ဆွေဟောင်း တစ်ယောက်ဖြစ်တဲ့ ယန်ဟွန်ဆက်ခ်က အမှုဆောင် အရာရှိ တစ်ဦးဖြစ်တဲ့ YG Entertainmentနဲ့ PSYတို့ စာချုပ်ဖြစ်ခဲ့ပါတယ်။ (၂၀၁၀)မှာတော့ PSY Fiveဆိုတဲ့ ပဉ္စမမြောက် အယ်လ်ဘမ် ထွက်ရှိလာပြန်တယ်။ အဲဒီ အယ်လ်ဘမ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရော၊ ဆုတံဆိပ်တွေပါ ပါ့ခ်တစ်ယောက် ရရှိခဲ့ပြန်ပါတယ်။

(၂၀၁၂)ခုနှစ်၊ ဇူလိုင်လမှာ PSY 6ဆိုတဲ့ ဆဋ္ဌမမြောက် အယ်လ်ဘမ်သစ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီထဲကမှ Gangnam Style သီချင်းဟာ မထင်မှတ်ဘဲ ကမ္ဘာ့အတိုင်းအတာထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။ သီချင်းထွက်ရှိပြီး တစ်နှစ် မပြည့်ခင် YouTube ဝက်ဘ်ဆိုက်ကနေ ကြည့်ရှုသူ သန်းတစ်ထောင် ကျော်သွားတယ်။ ကေတီပယ်ရီတို့၊ လေဒီဂါဂါတို့၊ ဂျက်စတင်ဘီဘာတို့လို ကမ္ဘာကျော် ဂီတကြယ်ပွင့်တွေရဲ့ စံချိန်တွေ အားလုံးကို ဖြတ်တက်သွားတယ်။ အမေရိကန်မှာဆို လူငယ် ဆယ်ကျော်သက် အဆိုတော် ဘီဘာကို မုန်းတီးသူတွေက PSYဆိုတဲ့ သီချင်းစာသားကို Sexy Lady ဆိုတာကလွဲလို့ တစ်လုံးမှ နားမလည်ပေမယ့် ဘီဘာထက်တော့ အပြတ်အသတ် သာနေတုန်းပဲဆိုပြီး အရွှမ်းဖောက်ခဲ့ကြပါသေးတယ်။

Gangnam Styleဟာ လူချမ်းသာယောင် ဆောင်ပြီး အခြေမပျက်အောင် ဟန်လုပ်နေထိုင်ရင်း Gangnam ရပ်ကွက်က ရေပေါ်ဆီ လူတန်းစားထဲ ဝင်တိုးဖို့ ကြိုးစားနေတဲ့ တောင်မရောက် မြောက်မရောက် အခြေအနေနဲ့ ရှင်သန်သူတွေကို အဓိက ရည်စူး လှောင်ပြောင်ထားတာ ဖြစ်ပါတယ်။ အိမ်မှာ ထမင်းမဝပေမယ့် တောက်တောက်ပြောင်ပြောင် အဝတ်အစားတွေ ဝတ်ဆင်ပြီး အကောင်းစား ဆိုင်တွေမှာ ထိုင်ရင်း ဟန်လုပ်နေသူ တစ်ယောက်အဖြစ် အဲဒီသီချင်း MTVမှာ PSYက ကိုယ်တိုင် သရုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ သီချင်းရဲ့ မြူးကြွတဲ့ တီးလုံးနဲ့ ထူးထူးဆန်းဆန်း ကဟန်တွေကြောင့် ပိုပြီး လူသိများလာတာပါ။

PSYရဲ့ ကဟန်ဟာ လွယ်ကူရှင်းလင်းပြီး ရယ်စရာကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းလိုလို သဘောကျပြီး တစ်ကမ္ဘာလုံးကို ကူးစက်သွားတယ်။ တက္ကသိုလ်တွေ၊ အလုပ်ရုံတွေမှာ Gangnam Styleအကကို လူစုပြီး ကကြတယ်။ ဘောလုံးသမားတွေ ဂိုးသွင်းပြီးရင် Gangnam Style အကနဲ့ အောင်ပွဲခံကုန်ကြတယ်။ အမေရိကန်ကို PSY သွားလည်တော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းကိုတောင် အကသင်ပေးလိုက်ပြီး သတင်းထောက်တွေရှေ့မှာတင် ဘန်က လိုက်ကကြည့်လိုက်သေးတယ်။ ကမ္ဘာကျော် အနုပညာ ကြယ်ပွင့်တွေ တော်တော်များများလည်း PSYနဲ့ တွေ့ချိန်မှာ Gangnamအကကို လိုက်တုပြီး မကဘဲ မနေနိုင်ကြပါဘူး။

(၂၀၁၂)ခုနှစ်၊ နိုဝင်ဘာမှာတော့ PSYဟာ ဒုတိယမြောက် တောင်ကိုရီးယား နိုင်ငံသား တစ်ယောက်အနေနဲ့ MTV Music Award ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ သူဟာ ရီဟန်နာ၊ ကေတီပယ်ရီနဲ့ လေဒီဂါဂါတို့လို ကြယ်ပွင့်တွေနဲ့အတူ ဖျော်ဖြေခွင့် ရခဲ့ပြီး Gangnam Styleကို တင်ဆက်ခဲ့ပြန်တယ်။ အဲဒီဆုပေးပွဲမှာ အကောင်းဆုံး ဂီတဗီဒီယိုဆုကို PSY ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီနှစ် ဒီဇင်ဘာ (၂၁)ရက်နေ့မှာ You Tube ဝက်ဘ်ဆိုက်က Gangnam Styleကို ဝင်ရောက် ကြည့်ရှုသူ သန်းတစ်ထောင်ပြည့်ကြောင်း ကြေညာခဲ့ပါတယ်။

PSYဟာ (၂၀၀၁)ခုနှစ်က ဆေးခြောက် လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံရဖူးပါတယ်။ သူဟာ လူဆိုးတစ်ယောက်လို့ တစ်ချိန်က သတ်မှတ်ခံရဖူးတယ် ဆိုရင်တောင် သူ့ရဲ့ ဇာတာစန်းလာဂ် တောက်ပလာချိန်မှာတော့ ကမ္ဘာ့အကျော်ကြားဆုံး ဂီတကြယ်ပွင့် တစ်ယောက်အဖြစ် ရပ်တည်နေပြီလို့ ဆိုရမှာပါ။ (၂၀၀၆)ခုနှစ်၊ အောက်တိုဘာ (၁၄)ရက်နေ့မှာ ပါ့ခ်ဟာ ယူးဟန်ညွန်နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့လင်မယားမှာ အမြွှာသမီးလေးနှစ်ယောက် ရှိပါတယ်။ သူ့ဘဝမှာ အဖမ်းခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမြဲတမ်း ဝမ်းနည်းနေမိကြောင်းကိုတော့ PSYက ခုလို ဖွင့်ဟပါတယ်။

"ကျွန်တော်နဲ့ ကျွန်တော့် အဖိုးက အရမ်းနီးစပ်ခဲ့သူတွေပါ။ ဒါပေမဲ့ ကျွန်တော် အဖမ်းခံချိန်မှာ အဖိုးဆုံးတော့ သူ့ဈာပနကို ကျွန်တော် တက်ရောက်ခွင့် မရခဲ့ဘူး။ ကျွန်တော့်ဘဝ တစ်လျှောက်လုံး ဒီဖြစ်ရပ်ကို နောင်တရနေမှာပါ။ ကျွန်တော့်အဖိုးက ကျွန်တော့်ကို သိပ်ချစ်တာ ကျွန်တော် သိပါတယ်။ သူဆုံးသွားတဲ့ အချိန်မှာတောင် သူ့ဘေးမှာ ကျွန်တော် ရှိမနေခဲ့ဘူး"လို့ သူက စိတ်မကောင်းစွာနဲ့ ဆိုပါတယ်။ သူ့ဘဝမှာ ဘယ်အရာအတွက် အကျေနပ်ဆုံးလဲ ဆိုတော့ PSYက ချက်ချင်းပဲ "Gangnam Styleပေါ့"လို့ ပြန်ဖြေသွားခဲ့ပါတယ်။
Translated by ZYW

No comments:

Post a Comment