Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 9, 2013

အိမ်ထောင်ရှင်၏ ချမ်းသာ လေးမျိုး


 

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အနာထပိဏ်သူဋ္ဌေးအား ဤသို့မိန့်တော်မူ၏ ။
သူကြွယ်အိမ်ထောင်ရှင်ယောက်ျားအား အခါအားလျော်စွာ ရရှိနိုင်သော ချမ်းသာလေးမျိုးရှိ၏ ။
အဘယ်လေးမျိုးနည်းဟုမူကား -
၁။ ပစ္စည်းဥစ္စာရှိသည့်အတွက် စိတ်ချမ်းသာနေရသော ရှိမှုချမ်းသာ ( အတ္တိသုခ ) ၊
၂။ ပစ္စည်းဥစ္စာကို သုံးစွဲရသည့်အတွက် စိတ်ချမ်းသာနေရသော သုံးဆောင်မှုချမ်းသာ ( ပရိဘောဂသုခ ) ၊
၃။ ကြွေးမြီးကင်းသည့်အတွက် စိတ်ချမ်းသာနေရသော ကြွေးကင်းမှုချမ်းသာ ( အာနဏျသုခ ) ၊
၎။ အပြစ်မရှိသည့်အတွက် စိတ်ချမ်းသာနေရသော အပြစ်ကင်းမှုချမ်းသာ ( အန၀ဇ္ဇသုခ ) ။
(၁) ငါ့မှာပစ္စည်းဥစ္စာရှိသည်ဟု ဖြစ်သောချမ်းသာ ၊
(၂) အလိုရှိရာကို သုံးဆောင်ရသည်ဟု ဖြစ်သောချမ်းသာ ၊
(၃) ငါ့မှာကြွေးကင်းသည်ဟု ဖြစ်သောချမ်းသာ ၊
(၄) ငါ့မှာအပြစ်မရှိဟု ဖြစ်သောချမ်းသာ တို့ပင်တည်း ။
( ၁ ) သူကြွယ် ပစ္စည်းဥစ္စာရှိသည်ဟုဖြစ်သောချမ်းသာဆိုသည်ကား လက်ရုံးအားကိုးဖြင့်
ချွေးတီးတီးကျအောင်လုံ့လ၀ီရိယ စိုက်ထုတ်လျှက် တရားသဖြင့်ရှာဖွေ၍
ပစ္စည်းဥစ္စာရှိလာသောအခါငါ့မှာလက်ရုံးအားကိုးဖြင့် ချွေးတီးတီးကျအောင်
လုံ့လ၀ီရိယစိုတ်ထုတ်လျှက်တရားသဖြင့်ရှာဖွေထားသော ပစ္စည်းဥစ္စာများရှိသည်ဟု
စိတ်ချမ်းသာမှု ၊ ၀မ်းမြောက်မှု ကိုရခြင်းပင်ဖြစ်၏ ။
( ၂ ) သုံးဆောင်ရသည်ဟု ဖြစ်သောချမ်းသာဆိုသည်ကား (တရားသဖြင့်)လက်ရုံးအားကိုးဖြင့်
ချွေးတီးတီးကျအောင်လုံ့လ၀ီရိယစိုတ်ထုတ်လျှက် တရားသဖြင့်ရှာဖွေ၍ရသော ပစ္စည်းဥစ္စာတို့ဖြင့်
မိမိလည်းသုံးဆောင်၍ ကုသိုလ်ကောင်းမှုလည်းပြုလျှက် “ငါသည်လက်ရုံးအားကိုးဖြင့် ....(လ)
ပစ္စည်းဥစ္စာတို့ဖြင့် မိမိလည်းသုံးဆောင်ရသည် ၊ ကုသိုလ်ကောင်းမှုလည်း ပြုရသည် ” ဟု
စိတ်ချမ်းသာမှု ၊ ၀မ်းမြောက်မှုကိုရခြင်းပင်ဖြစ်၏ ။
( ၃ ) ကြွေးကင်းသည်ဟုဖြစ်ခြင်းချမ်းသာဆိုသည်ကား မည်သူ့ကိုမျှ အနည်းငယ်ဖြစ်စေ , များများဖြစ်စေ
တစ်စုံတစ်ရာ ပေးဆပ်ရန် မရှိသဖြင့် “ ငါသည် မည်သူ့ကိုမျှ ....(လ).... ပေးဆပ်ရန်မရှိ ” ဟု
စိတ်ချမ်းသာမှု ၊ ၀မ်းမြောက်မှု ကိုရခြင်းပင်ဖြစ်၏ ။
( ၄ ) အပြစ်မရှိဟုဖြစ်သောချမ်းသာ ဆိုသည်ကား အပြစ်ကင်းသော ကာယကံမှု အပြစ်ကင်းဝစီကံမှု ၊
အပြစ်ကင်းသော မနောကံမှု နှင့် ပြည့်စုံသည်ဖြစ် ၍ ( အပြစ်မကင်းသော အလုပ်မျိုးကိုလည်း မလုပ် ၊
စကားမျိုးလည်းမပြော ၊ အကြံမျိုးကိုလည်း မကြံသဖြင့် ) ငါသည်အပြစ်ကင်းသော ကာယကံ .... (လ)....
မနောကံမှုနှင့် ပြည့်စုံ၏ဟု စိတ်ချမ်းသာမှု ၊ ၀မ်းမြောက်မှုကိုရခြင်းပင်ဖြစ်၏ ။
လူသားသည် ကြွေးမြီးကင်းမှု ဟူသောချမ်းသာ, ပစ္စည်းဥစ္စာရှိမှုဟူသောချမ်းသာ ကိုသိ ၍
သုံးဆောင်မှုချမ်းသာကို ခံစားသုံးဆောင်လျှက် ပညာဖြင့်အထူးဆင်ခြင်၏ ။ ပညာဖြင့်အထူးဆင်ခြင်သောအခါ
ကောင်းသောပညာရှိသောသူသည် ကြွေးကင်းမှုရှိမှု ၊ သုံးဆောင်မှုဟူသောချမ်းသာနှင့် အပြစ်ကင်းမှုဟူသော
ချမ်းသာနှစ်မျိုးကို မြင်၏ ။ ထိုနှစ်မျိုးတွင် ကြွေးကင်းမှုရှိမှု , သုံးဆောင်မှုချမ်းသာသည် အပြစ်ကင်းမှုချမ်းသာ၏
တစ်ဆယ့်ခြောက်စိတ်စိတ် , တစ်စိတ်ကိုမျှ မမီဟုသိမြင်၏ ။ ။
စတုက္ကအင်္ဂုတ္ထိုရ် ၊ ဒုပဏ္ဏာသက ၊
၂။ ပတ္ဘကမ္မ၀ဂ် ၂။ အာနဏျ ၄ သုတ် ။ ။

ရွှေနီဆရာတော်

News from: Myawady News

No comments:

Post a Comment