Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 28, 2013

ဘယ်သူအပျိုစစ်ပါသလဲ..

by မယ် ပိုး on Thursday, 20 December 2012 at 05:21 ·

ကျွန်မနဲ့ သူက ချစ်သူတွေပါ။ လက်ဖက်ရည်ကြိုက်တတ်တဲ့ ကျွန်မဟာ ဆိုင်မှာ ပူပူလေးထိုင်သောက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါ သူပြောလေ့ရှိတာကတော့
"မင်းကွာ...အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့ ။

ကျွန်မ အော်ရယ်ပစ်လိုက်တယ်.. လူတွေအများကြီးရှေ့မှာ ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ ရိုးသားတဲ့အရည်ကို ရိုးသားစွာ သောက်နေတာပါရှင်.. ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး.. ကိုယ်မှန်တယ်ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ ကျွန်မအကျင့်ကိုး.. ဟော...ထပ်ပြောပြန်ပြီ..
"မင်းကွာ...အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက " တဲ့

ထုံးစံအတိုင်း ကျွန်မမဖြေရှင်းပါဘူး ။

စာရင်းကိုင်တယောက်ဖြစ်တဲ့ ကျွန်မဟာ တခါတရံအလုပ်များပါတယ်.. အဲဒီအခါ အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို
"မင်းကွာ...အပျိုဆိုတာ အိမ်ပြန်သိပ်မိုးမချုပ်သင့်ဘူး" တဲ့ ၊
ဒီလိုနဲ့ပဲ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲ နိုင်ငံခြားကို အလုပ်လုပ်ဖို့ထွက်သွားပြီပေါ့.. သူ နိုင်ငံခြားသွားလို့သိပ်မကြာခင်မှာပဲ ကျွန်မတပည့်တယောက်ရခဲ့တယ်..
နာမည်ကချောချောတဲ့..
ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။ LCCI(3)ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့ ၊
စာမေးပွဲဖြေဖို့နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ကျွန်မ စာပြဖို့စောစောအရောက်.. ချောချောဆေးရုံတင်ထားရတယ်လို့စီးပြောတာနဲ့ ဆေးရုံကိုလိုက်သွားမိတယ်..
ကိုယ်ဝန်(၂)လရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့.. လူဦးလို့ပေါ့ ၊ မသေကောင်းမပျောက်ကောင်းရှင် ၊

ကျွန်မလဲအားပေးစကားပြောပြီးအိမ်ပြန်လာခဲ့တယ်။ ကျွန်မစိတ်ထဲ မရှင်းဘူးရှင်.. ကျွန်မသိသလောက်တော့ ချောချောဟာ အိမ်သားတွေမပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..၊
ရော်...ဘာတွေလဲကွယ်...။

အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ၊ ရယ်ရင်လည်း တိုးတိုးလေးရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ ချောချောကို နောက်ထပ် မတွေ့ရတော့ပါဘူး။

အချိန်တွေကြာလာခဲ့ပြီး တစ်နေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့စာအိတ်တစ်လုံးကို ကျွန်မရခဲ့တယ်။

ဖိတ်စာက သူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့ ၊ ဆက်ဆက်လာပါတဲ့ ။
သွေးကြောင်ရင် ဘေးချောင်မှာရပ်နေမှာပေါ့ ၊ ကျွန်မဆက်ဆက်သွားမှာပါ ။
စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ ၊ဆက်ဖတ်ဖို့မလိုအပ်တော့ဘူးလို့ထင်တာနဲ့ ဒီတိုင်းပဲပစ်ထားလိုက်တယ်။

မင်္ဂလာဆောင်ရက်မှာ အသဲမကွဲဘူးဟေ့လို့ ပြချင်တဲ့ကျွန်မ အလှဆုံးကိုပြင်ပစ်လိုက်တယ်။
"" အချစ်ဦးနဲ့လွဲရပေမဲ့ အချစ်ဆုံးနဲ့ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင်  ""
အချစ်မပါဘဲ ဘ၀ကိုအောင်မြင်အောင်တည်ဆောက်ခဲ့တဲ့ သူတွေမှအများကြီးပါ။
ဟော..လာနေပြီ..မင်္ဂလာမောင်နှံ ၊ သူရွေးထားတဲ့ သတို့သမီးကို သေသေချာချာကြည့်မှ ပါးချိုင့်..သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့်..ပါးနှစ်ဖက်လုံးမှာ ပါတဲ့ ပါးချိုင့်
ချောချော..သြော် သတိုးသမီးက ချောချောကိုး..

အိမ်ပြန်ရောက်တာနဲ့ ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ ထင်ပြီး ပစ်ထားတဲ့သူ့ရဲ့စာကို ချက်ချင်းဖွင့်ကြည့်မိတယ်..
စာထဲပါတာကတော့..
" ငါပြန်လာတာ နင့်ကိုအသိမပေးတာက အိမ်ထောင်ပြုတော့မှာမို့ပဲ၊ အိမ်ကရှာပေးတာ၊ ငါလဲနှစ်သက်တယ်၊
သူ့မှာ ငါကြိုက်တဲ့ အပျိုစင်အချက်တွေရှိတယ် "

ကျွန်မ ဒီစာကို မှန်ဘောင်သွင်းပြီး ရွှေကွပ်ထားလိုက်တယ်။
ကျွန်မကို တသက်လုံးရယ်နေအောင်လုပ်ပေးမဲ့ ဟာသစစ်စစ်တစ်ပုဒ်အနေနဲ့ပေါ့ ။
ကျွန်မလေ ၀တ္တုမရေးတတ်လို့ပါ၊ရေးများရေးတတ်ရင်ဖြင့် ၀တ္တုခေါင်းစဉ်ကို "ဘယ်သူ အပျိုစစ်ပါသလဲ" လို့ ပေးမိမှာပါ ။ PS. မယ်ပိုးရေးသားထားသော ဝတ္ထုတို လုံးဝ လုံးဝ မဟုတ်ပါ.. ယခင်ကပင် ဖတ်ခဲ့ဖူးပြီး သဘောကျခဲ့ရသော စာတစ်ပုဒ်..မေးလ်ထဲသို့ သူများပို့ပေးသဖြင့် ဝမ်းမြောက်ဝမ်းသာ ရှယ်လိုက်ခြင်းသာ ဖြစ်ပါသည်။ ^_^

No comments:

Post a Comment