Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 18, 2012

မြန်မာ ပန့်ရော့ခ် ဂီတအဖွဲ့ Side Effect ဂျာမနီ တွင် ပရိသတ် အားပေးမှု ရခဲ့



မြန်မာနိုင်ငံမှ လူငယ်ပန့်ရော့ခ်ဂီတအဖွဲ့ Side Effect သည် မကြာမီက ဂျာမနီနိုင်ငံ မြို့တော်ဘာလင်တွင် ဖျော်ဖြေခဲ့ရာ ဂျာမန် ပရိတ်သတ်များ၏ အထူးနှစ်သက် အားပေးမှု ရခဲ့ကြောင်း ဂျာမန်သတင်းဌာနတစ်ခုဖြစ်သော DW က သတင်းဖော်ပြသည်။ Side Effect အဖွဲ့သည် ဘာလင်သို့ ဂါထေး အင်စတီကျု Goethe-Insitute ၏ စီစဉ်ပေးမှုဖြင့် ဂျာမန်ပန့်ခ်ဂီတအဖွဲ့ Priscilla Sucks ဖြင့် ပူးတွဲဖျော်ဖြေရန် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Side Effect အဖွဲ့သည် ဘာလင်တွင် မဖျော်ဖြေခင် ဟမ်းဘတ်မြို့၌လည်း ကလပ်တစ်ခု၌ သီဆိုဖျော်ဖြေခဲ့သည်။ ဘာလင်၌ ဖျော်ဖြေပွဲတွင်မူ ၎င်းတို့အဖွဲ့၏ ပထမဆုံးသီချင်း သီဆိုမှု၌ပင် ပရိသတ်များက ကခုန်အားပေးခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် ခန်းမတစ်ခုလုံးအပြည့် ခုန်ပေါက်ကခုန်ကာ အချို့မှာ စင်ပေါ်တက်၍ ပရိသတ်ထဲ ပြန်ခုန်ချကာ သောင်းသောင်းဖြဖြ အားပေးခဲ့ကြကြောင်း သိရသည်။ အဖွဲ့၏ အဆိုရှင်နှင့် လိဒ်ဂစ်တာသမား ဒါကိုက ပွဲနှင့်ပတ်သက်၍ "ဒါဟာ ကျွန်တော်တို့ ပထမဆုံးအနေနဲ့ စင်ပေါ်ကခုန်ချတာ ကြုံဖူးတာပါပဲ။ ကျေးဇူးတင်တယ် ဘာလင်ရေ"ဟု ပြောခဲ့သည်။ ၂၀၀၄ တွင် တည်ထောင်သည့် မြန်မာပန့်ရော့ခ်ဂီတအဖွဲ့ Side Effect အဖွဲ့သည် ပွဲတွင် ၎င်းတို့၏ အင်္ဂလိပ်ဘာသာသီချင်း Change ကို သီဆိုပေးခဲ့ပြီး ပရိသတ်များကလည်း အတူတကွ လိုက်ဆိုအားပေးခဲ့ကြသည်။

Side Effect အဖွဲ့သည် ယခင်ကလည်း ကနေဒါရှိ ဂီတမိတ်ဆွေများ၏ အကူအညီဖြင့် ၎င်းတို့၏ အယ်လ်ဘမ်ကို ရန်ပုံငွေရှာဖွေရေး ၀က်ဘ်ဆိုက် တစ်ခု ရောင်းချကာ အလှူငွေ ဒေါ်လာ ၃၀၀၀ ခန့် ရရှိခဲ့ဖူးပြီး ထိုစဉ်ကမူ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရှိနေဆဲဖြစ်သောကြောင့် ထိုငွေကို လက်ခံရရှိခဲ့ခြင်း မရှိပေ။ အဖွဲ့တွင် အဆိုတော်၊ လိဒ်ဂစ်တာသမား ဒါကို၊ ဒရမ်တီသူ ဇာထူးနှင့် ဒါကို၏ညီ ဂျိုးဇက်ဖ်(ဘေ့စ်ဂစ်တာသမား)တို့ သုံးဦးပါဝင်သည်။ မြန်မာ့ ဂီတလောကတွင် အနောက်နိုင်ငံ များမှ အောင်မြင်ကျော် ကြားသော တေးသီချင်း များကို ပြန်လည် မှီငြမ်းရေးသား ထားသော တေးသီချင်းအများစုသာ နေရာယူထားကြောင်း ယင်းသတင်းဌာနက ရေးသားထားသည်။ Side Effect အဖွဲ့မှာ ကိုယ်ပိုင်သံစဉ် ပန့်ခ်နှင့်ရော့ခ်ဂီတ များကို တစ်စိုက်မတ်မတ် ဖန်တီးနေသောအဖွဲ့ဖြစ်သည်။

ဂျာမနီဖျော်ဖြေပွဲခရီးစဉ်မှ ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး အဖွဲ့၏သီချင်းလေးပုဒ်ကို ဘာလင်မြို့ရှိ စတူဒီယိုတွင် အသံသွင်းယူလာမည်ဖြစ်ကြောင်း အဆိုတော်ဒါကို၏ဇနီးက ပြောသည်။ “ဒီအဖွဲ့အောင်မြင်မှုကိုကြည့်ရင် နိုင်ငံတကာကို မြန်မာဂီတထိုးဖောက်ဖို့ ကိုယ်ပိုင်ဖန်တီးမှုတွေရှိမှ ရတော့မယ်ဆိုတာ တွေ့နိုင်တယ်။ ကိုယ်ပိုင်သံစဉ်ဖန်တီးနိုင်မှု ကျွန်တော်တို့ဆီမှာ အားနည်းသေးတယ်။ ဂီတဖန်တီးသူတွေ ကိုယ်ပိုင်သံစဉ်ကို များများဖန်တီးနိုင်ဖို့လိုတယ်”ဟု ဂီတရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

-Ref: dw.de

No comments:

Post a Comment